အမျိုးသမီးများကို နှောင့်ယှက်ခြင်း မရှိရေး နဲ့ ၄၈ အထူး

Saturday, November 9, 2013



~



  မြို့တော်ရန်ကုန်အတွင်း ဟိုဟိုဒီဒီ သွားလာရင်  လူကြပ်၊ ကားကြပ်၊ စိတ်ကျဉ်းကြပ် .... ကြပ်သုံးပါးနဲ့ ကြုံရပါလိမ့်မယ်။

၄၈ ကားကြီးတစီးထဲမှာတော့ အခုလို အသိပေးစာ ရေးထားတာ တွေ့ရပါတယ် ...

မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်များအား ဝန်ဆောင်မှု ကောင်းစွာ ပေးနိုင်ရန် ရည်ရွယ်ပါတယ်။

"အား" ဆိုတာကို ပိုက်ဆံမပေးရတိုင်း ဖောဖောသီသီ သုံးတယ်၊ အားပါးတရသုံးတယ်၊ မလိုအပ်ဘဲ သုံးနေကြတာကို ဒီကြော်ငြာက သက်သေပြနေပါတယ်။
အား .... ဒီပို့စ်မှာ မြန်မာစာ အသုံးအနှုန်းအကြောင်း ဆရာကြီးလုပ်ဖို့ စိတ်ကူးမရှိပါ။
အဓိက ပြောချင်တာက ကားအကြောင်း ဖြစ်ပါတယ်။ "အား" အကြောင်းက ကြုံလို့ ထည့်ပြောမိတာပါ။



အင်းစိန် နဲ့ ရန်ကုန်မြို့တွင်း ပြေးနေတဲ့ "၄၈ အထူး" ဘတ်စ်ကား စမ်းသပ်ယာဉ်က ခရီးသည်တွေကို ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်ရေးအတွက် ရည်ရွယ်ပါတယ် တဲ့။
စမ်းသပ်တယ် ဆိုတော့ ဘယ်ကာလအထိ စမ်းသပ်မောင်းနှင်မလဲ၊ ရလဒ်ကို ဘယ်လိုစစ်ဆေးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။

ဒီစမ်းသပ်ယာဉ်ရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ၊ အဲဒီထဲက တခုကတော့ .... အမျိုးသမီးများအား ကာအိနြေ္ဒ နှောက်ယှက်၍ မရနိုင်ခြင်း လို့ ဆိုထားပါတယ်။
စပယ်ယာက အမျိုးသမီးတွေကို တွန်းလားဆွဲလားမလုပ်ဘူး၊ ဘတ်စ်ကားထဲ ရည်ရွယ်ချက်ရှိရှိ အသားချင်း သွားထိတာတွေ လုပ်ဖို့ အခြေအနေ မပေးဘူးလို့ နားလည်မိပါတယ်။

စမ်းသပ်ပြေးဆွဲကာလ လွန်သွားတဲ့အခါ အမှန်တကယ်ပြေးဆွဲရင် ကောင်းမှာပဲလို့ ခရီးသည်တို့က တွေးကြမယ် ထင်ပါတယ်။
ရလဒ်သိရုံပဲ၊ ဆက်မဆွဲတော့ဘူး ဆိုလည်း ဝမ်းနည်းစရာတွေ ဖြစ်လာပါလိမ့်မယ်။

ရပ်စီးခရီးသည် အပို မတင်ဘူး ဆိုတဲ့ စာတန်းကိုလည်း ထင်ထင်ရှားရှား ကပ်ထားတာ တွေ့ရမှာပါ။
ထိုင်ခုံပြည့်ရင် ခရီးသည် ထပ်မတင်ဘူးလို့ ဆိုလိုတာပါ။

အား.... ဒီအချက်ကတော့ အငြင်းပွားစရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ရန်ကုန်မှာ ခရီးသည်အရေအတွက်က တော်တော်များပါတယ်။ ဘတ်စ်ကားတွေ များများ လိုပါတယ်။
တခြားတဘက်မှာလည်း... ရန်ကုန်မှာ ယာဉ်ပိတ်ဆို့မှုပြဿနာ အင်မတန်ကြီးပါတယ်၊ ဘတ်စ်ကားအရေအတွက် လျှော့ချလိုက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ စဉ်းစားချက် ရှိနေပါတယ်။

ဒါကြောင့် ခုံပြည့်လည်း နောက်ထပ် ငါးယောက်လောက် တင်သွားပေါ့လေ။
အား ... ကားမှတ်တိုင်မှာ စောင့်နေတဲ့ ခရီးသည်က မနည်းဘူး၊ နောက်ထပ် ငါးယောက်လောက် ထပ်တင်လည်း ကားက အချောင်ကြီးပါပဲ လို့ တွေးမိသူလည်း ရှိနိုင်ပါတယ်။
 



ပုံထဲမှာ မြင်ရတဲ့  ၄၈ အထူးကားက စမ်းသပ် ပြေးဆွဲတယ် လို့ ရေးထားတော့  ခရီးသည်တွေရဲ့အသံကို နားထောင်၊ ကိုယ်တိုင်လည်း ကွင်းဆင်းလေ့လာကြည့်တာပဲ ဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်။

ဒီပို့စ် ရေးသူရဲ့ အသံကို ထုတ်ရရင်...
ရပ်စီးခရီးသည် မတင်ဘူး ဆိုရင် ခုံများများ ထည့်ပါ။ ဒါဆို ရပ်စရာ နေရာ သိပ်မကျန်လို့ ရပ်စီးသူကို လုံးဝမတင်ပါနဲ့။

ရပ်စီး ခွင့်ပြုမယ် ဆိုရင် ခုံ များများ မထည့်ပါနဲ့။ ရပ်ဖို့၊ အတက်အဆင်း တိုးဝှေ့နိုင်ဖို့ နေရာကျယ်ကျယ် ဖန်တီးပါ ဆိုတာပါပဲ။

ရပ်စီး ခွင့်ပြုရင်တော့ ရုံးဆင်းရုံးတက်ချိန်တွေမှာ ကြပ်ကြပ်တည်းတည်း လိုက်ပါရမှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ အနည်းနဲ့အများ  နှောင့်ယှက်ခံရပါလိမ့်မယ်။

နှောင့်ယှက်ခံရတာကို ဖြေရှင်းဖို့အတွက်ဆို တခြားနည်းလမ်းတွေကို သုံးရပါလိမ့်မယ်။ ဘတ်စ်ကားနဲ့ မြို့ပတ်ရထား ကြပ်တယ် ဆိုတာ ကမ္ဘာ့မြို့တော်ကြီးအများအပြားမှာ ကြုံနေရပါတယ်။ သူတို့ဆီမှာရော
အမျိုးသမီးတွေ   နှောင့်ယှက်ခံနေရပါသလား။ ဒါကိုလည်း လေ့လာသင့်ပါတယ်။ လေ့လာမယ် ဆိုရင် မြန်မာပြည်က သယ်ယူပို့ဆောင်ရေး အကြပ်အတည်းတွေ ဖြေရှင်းရေးမှာ အထောက်အကူပြုမယ်လို့ ဆိုချင်ပါတယ်။
 
(ဓာတ်ပုံများ - ငြိမ်းချမ်း)




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved