ပုသိမ်မှာလည်း OIC ကို ကန့်ကွက် ဆန္ဒပြ

Friday, November 15, 2013

~




OIC (Organization of Islamic Cooperation) အဖွဲ့ရဲ့ ခရီးစဉ်ကို ရန်ကုန်တိုင်းမှာ ဆန္ဒပြခဲ့သလို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာလည်း ဒီကနေ့ လူ ၂၀၀၀ ကျော် ဆန္ဒပြခဲ့ပါတယ်။
 


  • (ဓာတ်ပုံများ - ဆလိုင်းသန့်စင်)

OIC အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ်ကိုကန့်ကွက်တဲ့ဆန္ဒပြပွဲကို ပုသိမ်မြို့က တိုင်းသံဃာ့မဟာနာယက အဖွဲ့ဆရာတော်တွေရဲ့ သြ၀ါဒကိုခံယူပြီးတော့ ပုသိမ်မြို့ကလူငယ်တချို့ ဦးဆောင် စီစဉ်ခဲ့တာဖြစ်ပြီး သံဃာပေါင်း ၁,၀၀၀ ကျော်နဲ့ ဒေသခံပြည်သူ ၁,၀၀၀ ကျော်ခန့် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

“OIC အဖွဲအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ၀င်ရောက်စွက်ဖက်မှုတွေ လုပ်လာမှာကို မလိုလားပါဘူး။ ဒါကြောင့် သူတို့ရဲ့ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ OIC ရုံး မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်မယ် ဆိုတဲ့အသံတွေလည်း ကြားနေရတယ်။ လူမှုရေးအရ ကူညီရိုင်းပင်းတာကို လက်ခံတယ်။ ဒါပေမယ့် ရုံးဖွင့်မယ်ဆိုရင် ဦးဇင်းတို့က လက်မခံပါဘူး” လို့ ပါဝင်ဆန္ဒပြသူ ကန်ကြီးထောင့်မြို့ ပိုက်သောင်ကျောင်းတိုက်ဆရာတော်က မိန့်ကြားပါတယ်။

ဆန္ဒပြသူတွေဟာ “OIC အလိုမရှိ”၊ “OIC ထွက်သွား”စသဖြင့် ကြွေးကြော်အော်ဟစ်ခဲ့ကြသလို၊ “OIC ပြည်တွင်းရေးရာဝင်မစွက်ပါနှင့်”၊ “OIC ကို မြန်မာတမျိုးသားလုံး အလိုမရှိ” “NO OIC”, “Get Out OIC” စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

“OIC အနေနဲ့ မြန်မာနိုင်ငံကို မလာစေလိုပါဘူး။ (သူတို့က) လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃၀ ကို လက်မှတ်မထိုးဘဲနဲ့ လူ့အခွင့်အရေးလို့ အော်ဟစ်ပြီး မြန်မာပြည်ကိုဝင်လာတာကို လက်မခံတဲ့အတွက် ဆန္ဒပြတာပါ။ အဝေးကနေ ကူညီမယ်ဆိုရင်တောင် ကျနော်တို့ပြည်တွင်းရေးကို စွက်ဖက်ချင်တဲ့ အကူအညီမျိုးဆိုရင်လည်း လက်မခံနိုင်ပါဘူး” လို့ ဆန္ဒပြပွဲ ဦးဆောင်သူလူငယ်တဦးဖြစ်တဲ့ ကိုကျော်ကျော်လွင်က ပြောပါတယ်။

ဆန္ဒပြဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုချက်တောင်းခံခဲ့ရာမှာ ရဲတပ်ဖွဲ့က ခွင့်ပြုခဲ့တဲ့အတွက် ဒီဆန္ဒပြပွဲဟာ ၂၀၁၃ ခုနှစ်အတွင်း ပုသိမ်မြို့မှာ အစိုးရကတရားဝင်ခွင့်ပြုတဲ့ ပထမဆုံးသောဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင် ၃၀ က လိုက်ပါစောင့်ရှောက်ခဲ့သလို ယာဉ်ထိန်းရဲတွေကလည်း လမ်းပိတ်ဆို့မှုမဖြစ်အောင် ကူညီလမ်းရှင်းပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ မြို့ခံတွေကတော့ ဆန္ဒပြတဲ့ သံဃာတွေနဲ့လူတွေကို အချိုရည်၊ ရေသန့်ဗူး၊ ကွမ်းယာစသဖြင့် အခမဲ့ဝေငှတာတွေ လုပ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပုသိမ်မြို့ လယ်တီကျောင်းတိုက်ကနေ နေ့လယ် ၁ နာရီက စတင်ထွက်ခွာကြပြီး ပုသိမ်မြို့က လူစည်ကားရာ လမ်းတွေပေါ်မှာလှည့်လည်ဆန္ဒပြပြီး ညနေ ၃ နာရီမှာ လယ်တီကျောင်းတိုက်မှာပဲ ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြပါတယ်။

OIC အဖွဲ့ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ပြီးရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်ပြီး အစ္စလာမ်မစ်နိုင်ငံပေါင်း ၅၇ နိုင်ငံ စုစည်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဘီးယား နိုင်ငံအခြေစိုက် OIC အဖွဲ့က အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီး ၇ ယောက်နဲ့ အဖွဲ့ဝင်တွေဟာ ခရီးစဉ်အတွင်းမှာ  ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနဲ့ မွတ်စလင်ဘာသာရေး ခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

 













ဆလိုင်းသန့်စင်



.

1 comments :

  1. Anonymous said... :

    ဘာသာရေး၊ လူမျိုးရေး အမုန်းမီးဆိုတာ ပွားရလွယ်ပေမဲ့ ငြှိမ်းသတ်ရခက်တတ်ပါတယ်။ ဘာသာရေး လူမျိုးရေး အမုန်းမီးသာ ကြီးထွားလာပြီ ဆိုရင် တိုင်းပြည်လည်း သိက္ခာကျ၊ ဘာသာလည်း သိက္ခာကျရုံသာ မက၊ အင်မတန် ဆိုးဝါးတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းကြီးတွေ ပေါ်ထွက်တတ်ပါတယ်။ အခုချိန်ထိ ဗမာပြည်မှာ ရှိတဲ့ မွတ်စလင်တွေထဲမှာ အကြမ်းဖက်သူ၊ အသေခံဗုံးခွဲသူဆိုတဲ့ အစွန်းရောက်သမိုင်း မရှိဘူးသေးပါဘူး။

    ဒါပေမဲ့ အကြမ်းဖက်မှု ဆိုတာ စစ်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်ဖြစ်ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်တဲ့အခါ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်အဖြစ် ပေါ်ထွက်လာတတ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုဆိုတာကတော့ စစ်ရဲ့ အဆက်ပါ။ စစ်ကို စစ်ချင်း ၊ အင်အားကို အင်အားချင်း မယှဉ်သာတဲ့ အချိန်မှာ နိုင်ငံရေးပြဿနာက မပြေလည်သေးရင် ထွက်ပေါ်လာတတ်တဲ့ စစ်ပွဲ ကြီးရဲ့ အဆက်ဖြစ်ပါတယ်။
    ချောင်ပိတ် အရိုက်ခံရတဲ့သူတွေဟာ စစ်ကိုစစ်ချင်း၊ အင်အားကို အင်အားချင်း မဖြေရှင်းနိုင်တဲ့အခါ အသေခံပြီး အကြမ်းဖက်ကြတာ ဖြစ်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved