ပန်းချီ ဝသုန်ရဲ့ ရုပ်ပြနဲ့ ၀တ္ထုတိုစာအုပ်တွေ ပြန်ထုတ်မယ်

Thursday, December 5, 2013

~


 


စာရေးဆရာ၊ ပန်းချီဆရာကြီး ဦးဝသုန် ကွယ်လွန်ခဲ့တာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှာ ၅ နှစ်ပြည့်ပါပြီ။
 


ဖခင်ဖြစ်သူကို ရည်စူးပြီး အလှူဒါနတွေ ပြုလုပ်လေ့ ရှိသလို အမှတ်တရ ပွဲတွေလည်း ကျင်းပလေ့ရှိတဲ့ ဆရာကြီးရဲ့သမီး အင်ကြင်းမွှေးက ဖခင်ရဲ့ အမှတ်တရ စာအုပ်တွေ ထုတ်ဝေဖို့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။

ပန်းချီဆရာကြီး ၀သုန်ရဲ့ တစ်နှစ်ပြည့် အမှတ်တရ စာအုပ်ထုတ်ဝေခဲ့ ဖူးတဲ့    ဆရာကြီးရဲ့ သမီးဖြစ်သူ အင်ကြင်းမွှေးက အမှတ်တရ စာအုပ်တွေ ထပ်ထုတ်ဖို့ စိတ်ကူးဖြစ်တာနဲ့ ပတ်သက်လို့ကတော့

“အင်ကြင်းကို ဖေဖေ့ သမီးမှန်း သိနေတော့ တွေ့တဲ့လူတိုင်းက အဖေ့အမွေကို မဆက်ခံဘူးလားလို့ မေးကြတယ်။
အဲဒီမေးခွန်းက အင်ကြင်း အမြဲတမ်း အမေးခံရတဲ့ မေးခွန်းဖြစ်နေတယိ။ အဖေ့အမွေကို ဆက်ခံနိုင်ဖို့ ဆိုတာက ၀ါသနာရော၊ ပါရမီရော၊ ကြိုးစားမှုရော ပြည့်စုံမှ ဖြစ်မှာလေ။
အင်ကြင်းအနေနဲ့ အဲဒီလိုမျိုး မလုပ်နိုင်တဲ့အတွက် အဖေ့အမွေကို အင်ကြင်းတတ်နိုင်တဲ့ ဘက်ကနေ ထိန်းသိမ်းချင်တယ်။
အင်ကြင်းရဲ့ ရင်ထဲမှာ အဖေ အမြဲတမ်း ရှိနေသလို အဖေ့အမွေကိုလည်း အချိန်ဘယ်လောက် ကြာကြာ ပျောက်ပျက် မသွားအောင် ထိန်းသိမ်းထား ချင်တယ်။
အဲဒါကြောင့် ဖေဖေ အောင်မြင်ခဲ့တဲ့ အလင်္ကာဒီပချစ်သူ ရုပ်ပြ အပါအ၀င် တခြား ရုပ်ပြတွေကိုလည်း ပြန်ထုတ်မယ်။
ဖေဖေက စာလည်းရေးတော့ ဖေဖေရေးခဲ့တဲ့ သားလေး အမည်မသိနဲ့ တခြား ၀တ္ထုတိုများ စာအုပ်၊ မုဒိတာရေစင်နဲ့ တခြား ၀တ္ထုတိုများ စာအုပ်တွေ ပြန်ထုတ်မယ်”
လို့ ပြောပါတယ်။

Ruby Mart Shopping Center ရဲ့ Admin & Center Manager အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အင်ကြင်းမွှေးက ၂၀၁၄ ခုနှစ်၊ မတ်လ ၉ ရက်၊ ယုဇန ဂါးဒင်းဟိုတယ်မှာ
ချစ်သူ ကျော်စိုးလင်းနဲ့ မင်္ဂလာပွဲ ဆင်နွှဲမှာ ဖြစ်ပါတယ်။
မိမိရဲ့ ဘ၀ခရီးဖော်က ဖခင်ရဲ့ အနုပညာလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိလဲ မေးတော့ အင်ကြင်းမွှေးက

 “စီးပွားရေးသမားတယောက်ဆိုပေမဲ့ နောက်ကွယ်ကနေတော့ လိုအပ်သမျှ ပံ့ပိုးပေးပါတယ်။
 ဖေဖေ တစ်နှစ်ပြည့် အမှတ်တရပွဲနဲ့ အမှတ်တရ စာအုပ် လုပ်တုန်းကလည်း လိုအပ်သမျှ အောက်ခြေသိမ်းကအစ လိုက်လုပ်ပေးတယ်။
အင်ကြင်းတို့အနေနဲ့ ဘေးက ပံ့ပိုးမှုသာ မရှိရင် အဲဒါမျိုးတွေ လုပ်နိုင်ဖို့ မလွယ်ပါဘူး။
 ပြီးတော့ ဖေဖေ့ ပန်းချီကားတွေ သေချာ သပ်သပ်ရပ်ရပ် သိမ်းဆည်းနိုင်အောင်ကအစ လိုက်လုပ်ပေးပါတယ်”
လို့ ပြောပါတယ်။

နေလွင်

အလင်းတန်းဂျာနယ်  အောက်တိုဘာ ၁၄



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved