အမတ်တွေပြောပြတဲ့ လယ်သမားအတုအကြောင်း

Friday, January 10, 2014

~




လယ်သမားတွေအတွက်  အတိုးနှုန်းသက်သာတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို လိမ်လည်ထုတ်ယူသုံးစွဲမှုတွေ ဧရာဝတီတိုင်းဒေသကြီးအနှံ့အပြားမှာ ဖြစ်ပွားနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။



လယ်သမားအတုများကြောင့် နစ်နာရသူတွေကတော့ လယ်သမားအစစ်တွေ၊ အခွန်ထမ်းပြည်သူတွေပါပဲ (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)


လယ်ယာစိုက်ပျိုးရေးဘဏ်တွေကတဆင့်   ပြား ၈၀ အတိုးနှုန်းနဲ့ လယ် ၁ ဧကကို ၁ သိန်းကျပ် ထုတ်ချေးပေးနေရာမှာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် သူတို့နဲ့ နီးစပ်သူတွေက လိမ်လည်ထုတ်ယူ သုံးစွဲနေကြတာလို့   ဆိုပါတယ်။

“အမှန်လယ်လုပ်တဲ့လူကျတော့ မရဘူး။ လယ်မလုပ်ဘဲနဲ့ ဆားကွင်းတို့ ပုစွန်ကန်တို့ လုပ်တဲ့လူတွေကျတော့ လိုသလောက်ကို ထုတ်လို့ရအောင် စာရင်းရေးဆွဲတဲ့ ကျေးရွာ ဘဏ်ကော်မတီတွေက လုပ်ပေးနေတာတွေရှိတယ်” လို့ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ဧရာဝတီကို ပြောပါတယ်။

“မကျေနပ်တဲ့လယ်သမားတွေက လယ်သမားမဟုတ်ဘဲ ဘဏ်ထုတ်နေတဲ့ လူစာရင်းကို ကျနော့်ဆီကိုတရားဝင် တင်ပြလာတာတွေ ရှိတယ်။ ဒါတွေကို တားဆီးကြပ်မတ်ဖို့လိုပါတယ်”

ငပုတောမြို့နယ်တခုတည်းမှာပဲ  လိမ်ထုတ်သူ ၁၀၀ ကျော်ရှိနေတယ်လို့ ဦးအေးကြည်က ပြောပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ဘဏ်ချေးငွေလိမ်လည်ထုတ်ယူရာမှာ သေဆုံးပြီးသူတွေရဲ့ နာမည်တွေနဲ့ ဆက်လက်ထုတ်ယူခြင်း၊ လယ်မရှိသူကို စိုက်ဘဏ်ချေးငွေစာအုပ် ထုတ်ပေးထားခြင်း၊ အိမ်ထောင်စု တခုထဲမှာ နာမည်တွေခွဲပြီး ဘဏ်စာအုပ် ၂ အုပ်၊ ၃ အုပ် ပြုလုပ်ထားခြင်း စတဲ့နည်းလမ်းတွေနဲ့ လိမ်လည် ထုတ်ယူလေ့ရှိကြောင်း သိရပါတယ်။

အစိုးရချေးငွေ လိမ်ထုတ်မှုတွေဟာ ဧရာဝတီတိုင်းရှိ မြို့နယ်တိုင်းမှာ ဖြစ်ပွားနေပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုယ်တိုင် ပါဝင်ကျူးလွန်နေတာကြောင့် နိုင်ငံတော်ငွေများ လေလွင့်ရခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

“များသောအားဖြင့် ထုတ်သုံးသူတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ သုံးကြတာ။ အုပ်ချုပ်ရေးမှူးတွေက မဖြစ်သင့် မဖြစ်ထိုက်တာကို တားဆီးပေးရမယ့်အစား သူတို့ကိုယ်တိုင် ကျူးလွန်နေတယ်လို့ ထင်တယ်”လို့ သူက ပြောပါတယ်။

အစိုးရထံမှ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူဖို့အတွက် လယ်သမားများနဲ့ဖွဲ့ထားတဲ့ ကျေးရွာဘဏ်ကော်မတီ၊ အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာမြေစာရင်းတို့ အတည်ပြုတင်ပြလာတဲ့စာရင်းကို စိုက်ပျိုးရေးဌာနက အတည်ပြုပေးရပြီး အဲဒီလူစာရင်းအတိုင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ငွေထုတ်ပေးတာ ဖြစ်ပါတယ်။

“လယ်သမားပါတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ လယ်သမားက ဟန်ပြပဲရှိတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ဘဏ်ကော်မတီတွေက သူတို့သဘောနဲ့သူတို့ စာရင်းတင်လိုက်တာပဲ။
အဲဒီမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့လုပ်ရပ်က မမှန်ရင် မမှန်သလို အကြံအဖန်တွေပါသွားတာပေါ့” လို့ လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။

“အဲဒီအကြံအဖန်တွေကို အတည်ပြုပေးရတာက မြေစာရင်းပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးက မမှန်တဲ့နာမည်တွေထည့်တယ်။
မဟုတ်တဲ့ဧကတွေကိုထည့်တယ်။ အဲဒါတွေကို ဟုတ်ပါတယ်လို့ ထောက်ခံပေးရတာက မြေစာရင်း။ မြေစာရင်းကအတည်ပြုတော့ စိုက်ပျိုးရေးကလည်း အတည်ပြု ပေးလိုက်တယ်။ အုပ်ချုပ်ရေးမှူး၊ မြေစာရင်းနဲ့ စိုက်ပျိုးရေးက အတည်ပြုတဲ့စာရင်းအတိုင်း စိုက်ဘဏ်က ငွေထုတ် ပေးလိုက်တာ”

 ၁၀ ဦးတဖွဲ့ ၀ိုင်းကြီးချုပ်စနစ်နဲ့ ငွေချေးတဲ့ မြို့နယ်တချို့မှာ ဖြစ်ပျက်နေပုံကိုလည်း သူက ပြောပြပါသေးတယ်။

“၀ိုင်းကြီးချုပ်စနစ်နဲ့ ထုတ်ပေးတော့ လယ်အမှန်ရှိပြီး တကယ်စိုက်တဲ့လယ်သမားက ပြန်ဆပ်နိုင်တယ်။ ကြေအောင်ဆပ်တယ်။ လယ်မရှိဘဲ ငွေထုတ်စားတဲ့ နာမည်ခံ လယ်သမားက ငွေမသွင်းဘူး။ မဆပ်နိုင်ဘူး။
ငွေမသွင်းတော့ အဆင်မပြေတော့ဘူး။ အဲတော့ အမှန်တကယ်ပြန်ဆပ်ပါလျက်နဲ့ လယ်သမားက ထုတ်ချေးငွေ မရတာတွေ ရှိတယ်”

အဲဒီဖြစ်ရပ်တွေကို လယ်သမားတွေနဲ့ တခြားအဖွဲ့အစည်းတွေက ဧရာဝတီတိုင်းအစိုးရထံ တိုင်ကြားသော်လည်း ထူးခြားတဲ့ တုန့်ပြန်မှု မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့  တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဘဏ်ချေးငွေကိစ္စတွေကို ငပုတော လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က တင်ပြမေးမြန်းခဲ့ရာ တိုင်းအစိုးရ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ဘဏ်ချေးငွေများ အလေအလွင့်မဖြစ်စေရန် ကြပ်မတ်၍ အရေးယူဆောင်ရွက်သွားမယ်လို့  ပြန်လည်ဖြေကြားခဲ့ပါတယ်။

“နိုင်ငံတော်ငွေတွေ အလေအလွင့်မဖြစ်စေဖို့အတွက်ဆိုရင် ဒီလိုချေးငွေကိုတလွဲအသုံးချတဲ့ ၀န်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူတာမျိုးတွေလုပ်ဖို့လိုပါတယ်။ ဒီနေ့ထက်ထိတော့ အရေးယူဆောင်ရွက်မှုတွေ မတွေ့ရသေးပါဘူး”လို့ ငပုတော လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောပါတယ်။

ဆလိုင်း သန့်စင်




.

1 comments :

  1. Anonymous said... :

    သတိထားကြ,​နှောင်​ကြိုး​တွေနဲ့ မဲဝယ်​​တော့မယ်​။ခံရ​တော့မယ်​မှတ်​။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved