ဆီးဂိမ်းအမှတ်တရပစ္စည်း

Friday, December 20, 2013

~


  ဆီးဂိမ်းကို မြန်မာပြည်မှာ ကျင်းပတဲ့အတွက် ရလာတဲ့ အခွင့်အရေးတွေထဲမှာ ပြည်တွင်း လုပ်ငန်းရှင်တွေ အလုပ်ဖြစ်ခြင်းလည်း ပါဝင်ပါလိမ့်မယ်။.

 

 မကြာသေးခင် ရက်ပိုင်းအတွင်း နေပြည်တော် အဝေးပြေးလမ်းမကြီးပေါ်က ယာဉ်ရပ်နားစခန်းတခုမှာ ဖွင့်ထားတဲ့ Feel စားသောက်ဆိုင်ရှေ့ တွေ့ရတာကတော့ ဆီးဂိမ်းအမှတ်တရ ပစ္စည်းတွေ ရောင်းချနေခြင်းပါပဲ။

မြန်မာဘောလုံးအသင်းတွေ ပြိုင်ပွဲက မထွက်ရခင် ရိုက်ထားတဲ့ မြင်ကွင်းများ ဖြစ်ပါတယ်။

မြန်မာအသင်းများရဲ့ ကံကြမ္မာတွေအကြောင်း မသိရသေးတဲ့ အဲဒီကာလမှာ ဆီးဂိမ်းကို စိတ်ဝင်စားသူ၊ ဆီးဂိမ်းကြောင့် အလိုလိုနေရင်း အနည်းနဲ့အများ မြူးတူးနေသူတွေ အများအပြားပါပဲ။ အခုချိန်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလိုမျိုး စိတ်ဝင်စားမှု ရှိသေးလား မသိပါ။ မြန်မာဘောလုံးအသင်းတွေ အုပ်စုအဆင့်ကနေ မတက်ရဘဲ ထွက်ရတယ်ဆိုတော့ ဆီးဂိမ်းကို စိတ်ဝင်စားမှု အားပျော့သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


အမှတ်တရပစ္စည်း ၀ယ်ယူခြင်းလည်း လျော့သွားနိုင်၊ အရောင်းထိုင်းသွားနိုင်ပါတယ်။

ဒီမြင်ကွင်းကို ကြည့်ပြီး စီးပွားရေးအကွက်မြင်မိကြမယ်၊ စိတ်ကူးမိကြမယ်လို့ ယူဆရပါတယ်။

မောင်စည်သူလင်းကတော့ ဘာစီးပွားရေးအကွက်ကိုမှ စိတ်မကူးမိခဲ့ပါဘူး။ သို့သော်လည်း ဒီဘလော့ http://blog.irrawaddy.org အတွက်တော့ တို့ထိရေးသားဖို့ လိုအပ်နိုင်ချေရှိတယ်ဆိုပြီး မြင်ကွင်းတချို့ကို အထက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါတယ်။

ရန်ကုန်က ချုပ်ပြီးသားအ၀တ်အထည်ပေါ် တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သူတဦးကတော့ ဆီးဂိမ်းကြောင့် အော်ဒါတွေ မတရား ကျလာတယ်၊ မနိုင်မနင်း ဖြစ်ရတယ် (၀င်ငွေကောင်းတယ်) လို့ ဆိုပါတယ်။ အော်ဒါ တခါ ရောက်လာရင် အထည် ငါးထောင် ဆိုတာမျိုး လုပ်ပေးရ ရိုက်ပေးရတယ် တဲ့။

ပုံမှာ တွေ့ရတဲ့ အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာတော့ တီရှပ်မျိုးစုံ၊ အိတ်မျိုးစုံပေါ်မှာ  အားကစားပွဲတော်ကြီးနဲ့ သက်ဆိုင်တဲ့ ပုံရိပ်တွေ တံဆိပ်တွေကို ရိုက်နှိပ်ထားတာ တွေ့ခဲ့ရပါတယ်။
ဆိုခဲ့သလိုပဲ .... ကားပေါ်ကနေ ခဏဆင်းပြီး အညောင်းဆန့်သူ ဗိုက်ဖြည့်သူ ကျန်းမာရေးဆောင်ရွက်သူတွေ အများအပြား ဆိုင်ရှေ့မှာ အုံကြ၊ ရွေးကြ၊ ၀ယ်ကြပါတယ်။

အပေါ်ဆုံးမှာ တွေ့ရတာကတော့ သော့ချိတ်တွေ ဖြစ်ပါတယ်။ ရောင်စုံလည်းဖြစ်၊ ရာသီစာလည်း ဖြစ်တဲ့အတွက် လူကြည့်များနေတာကို တွေ့ခဲ့ရပါတယ်။

 
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved