ရန်ကုန်ရဲ့မွန်တိုင်းရင်းသားအရေအတွက် နဲ့ ၂၀၁၅

Saturday, December 14, 2013

~


 
ပြီးခဲ့တဲ့နှစ်လအတွင်း ရန်ကုန်မှာရှိတဲ့ မွန်တိုင်းရင်းသားဦးရေကို စာရင်းကောက်တာ သုံးသောင်းဝန်းကျင်ပဲ ရသေးတယ်လို့  မွန် လူဦးရေ စာရင်းအမှန် ကောက်ယူရေး စီမံကိန်းအဖွဲ့ ဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောပါတယ်။

 

ရန်ကုန်မြို့ အလုံမြို့နယ်တနေရာမှာတွေ့ရတဲ့ မွန်တိုင်းရင်းသားအရေအတွက် စာရင်းကောက်နေသူများ  (Photo: Lawi Weng / The Irrawaddy)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၅ မြို့နယ်ရှိရာမှာ  အခုချိန်အထိ   ၃ မြို့နယ်သာ ကောက်ယူမှု ပြီးစီးခဲ့ပြီး၊ ကျန်မြို့နယ်များမှာ ကောက်ယူဆဲပါ။

အရေအတွက် တသိန်း ပြည့်ဖို့ အတွက် စီမံကိန်းကာလကို ၂၀၁၄ ခုနှစ် မတ်လကုန်အထိ  တိုးချဲ့လိုက်တယ်လို့  ဆိုပါတယ်။

“၀န်ထမ်း အင်အား မပြည့်မှီတာရယ်၊ ငွေကြေးနဲ့ ငှားမယ်ဆိုရင် ပရောဂျက်ကာလတိုတဲ့အတွက် လူတွေက အခြားအလုပ်တွေကိုပစ်ပြီး လာလုပ်ကြဖို့  အခက်အခဲရှိကြတယ်” လို့  ဦးမင်းစိုးအောင်က ပြောပါတယ်။

စီမံကိန်းအတွက်  လိုအပ်တဲ့ ဘတ်ဂျက်ကို  မွန်လူမျိုး စီးပွားရေး လုပ်ငန်းရှင်များထံ အလှူခံထားတာ ကျပ် သိန်း ၁၄၀ ကျော် ရထားပါပြီ။
အမှန်တကယ်လိုအပ်တာ  သိန်း ၃၀၀ ကျော်တယ်၊   ပြည်တွင်း အင်န်ဂျီအို  တခု နဲ့  ပြည်ပ မွန်အဖွဲ့အစည်း တခုကို အကူအညီ တောင်းထားတယ်၊
ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းအထိတော့  အဆင်မပြေသေးပါဘူး တဲ့။

ဖခင်က မွန်လူမျိုး၊ မိခင်က တခြား တိုင်းရင်းသား ဖြစ်နေရင်  လူဝင်မှု ကြီးကြပ်ရေးဌာနမူဝါဒအရ  မွန် တိုင်းရင်းသား အဖြစ် ခံယူရေး ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
ဖခင်ကတခြားတိုင်းရင်းသား၊ မိခင်က  မွန် ဖြစ်နေရင်တော့   မွန်တိုင်းရင်းသားအဖြစ်ခံယူခွင့် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

“ရန်ကုန်မှာ တိုင်းရင်းသားမျိုးစုံ နေထိုင်ကြတော့ မွန် လူမျိုးတွေ တဦးနဲ့တဦး မစုစည်းမိဘူးပေါ့။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ မွန်လူမျိုးဆိုတာ သမိုင်းတန်ဖိုးရှိတဲ့ လူမျိုးပဲ။
ရန်ကုန်တိုင်း ဒေသကြီးမှာ ဦးဆောင် ပေးနိုင်မယ့် မွန် ခေါင်းဆောင် တစ်ဦး ထွက်ပေါ် လာစေချင်တယ်” လို့  မွန်-ဗမာတဦး ဖြစ်သူ ကိုအောင်ခန့်က ပြောပါတယ်။

ဒီလို ကောက်ယူနေရတဲ့ ရည်ရွယ်ရင်းက လာမယ့် ၂၀၁၅ ခုနှစ် အစိုးရသစ် လက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသား ဝန်ကြီးတဦး ပါဝင်နိုင်ရေးဖြစ်ပါတယ်။

  • တိုင်းရင်းသား ရေးရာ ၀န်ကြီးများ

တိုင်းရင်းသား ရေးရာ ၀န်ကြီးများကို ၂၀၁၀ ရွေးကောက်ပွဲကပေါ်ထွက်လာတဲ့  အရပ်သား အစိုးရ လက်ထက်မှာ  စတင်ခန့်အပ်ခဲ့တာပါ။ တိုင်းဒေသ သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ရေးရာများကို ဆောင်ရွက်နိုင်ဖို့ပါ။

 နိုင်ငံတ၀န်း တိုင်းရင်းသား ရေးရာဝန်ကြီး ၂၉ ဦးခန့် ရှိကြောင်း သိရပါတယ်။
 ဗမာ တိုင်းရင်းသား ၀န်ကြီး ၅ ဦး၊ ကရင် တိုင်းရင်းသား  ၅ ဦး၊ ကချင် ၃ ဦး၊ ချင်း ၃ ဦး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ် စတဲ့ တိုင်းရင်းသား လူမျိုးစု ၀န်ကြီးများဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များမှာ တွေ့နေရပါတယ်။

ရန်ကုန်တိုင်းမှာ  ရခိုင်၊ ကရင် စတဲ့ တိုင်းရင်းသား ဝန်ကြီးများသာ ရှိပါတယ်။
မွန်လူဦးရေများပြားကြောင်း သက်သေပြနိုင်ရင်တော့ ရန်ကုန်မှာ မွန်တိုင်းရင်းသားဝန်ကြီးတဦး လာမယ့်နှစ်တွေအတွင်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ကောက်ခဲ့တဲ့ စာရင်းအရ မွန်ဦးရေ က ရန်ကုန်မှာ သုံးသောင်းခွဲ ရှိပါတယ်။
အဲဒီ ဒိတ်အောက်နေတဲ့ စာရင်းကို အခုချိန်အထိ အတည် ယူထားတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်တိုင်းရင်းသားတို့ ရန်ကုန်မှာ အခွင့်အရေးတခု ဆုံးရှုံးခဲ့ပါတယ်။

ရန်ကုန်မှာ မွန်ဝန်ကြီး ခန့်အပ်ရေးအတွက် မွန်ဦးရေ ဘယ်လောက် လိုအပ်ပါသလဲ။
ငါးသောင်းကျော် လိုပါတယ် တဲ့။


  • မွန်တွေ ဘယ်မှာနေ

မွန်တွေက မွန်ပြည်နယ်မှာ အဓိက နေထိုင်ကြပါတယ်။
ကရင်ပြည်နယ်မှာ တချို့ နေထိုင်ကြပြီး ရန်ကုန်မှာ အများအပြား နေထိုင်ကြပါတယ်။

ဒဂုံ၊ ကမာရွတ်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ကျုက္ကဆံ စတဲ့ ရန်ကုန်က အထင်ကရ ဒေသတွေဟာ မွန်အမည်တွေ ဖြစ်တယ်လို့ ဆရာ မောင်ခင်မင် (ဓနုဖြူ) က ၂၀၁၀-ပြည့်​ ဇူလိုင်လထုတ် မင်္ဂလာ​မောင်မယ် စာစောင်မှာ ရေးထားပါတယ်။

 မွန်တိုင်းရင်းသားတွေ ရန်ကုန်မြို့မှာ နေထိုင်ခဲ့ကြတာ ပဝေသဏီကတည်းကဖြစ်ကြောင်း ဒီအမည်တွေက ပြသနေပါတယ်။

  • ဆက်စပ်သတင်း
Project to Take Stock of Rangoon’s Mon Population Ahead of 2015 Election http://www.irrawaddy.org/z_mon/project-to-take-stock-of-rangoons-mon-population-ahead-of-2015-election.html
ခိုင်ပြည့်စုံ



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved