မောင်တောမြို့ပဋိပက္ခနောက်ဆက်တွဲ

Friday, January 17, 2014

~



အင်္ဂါနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ဘက် မူဆလင်ကျေးရွာတခုတိုက်ခိုက်ခံရပြီး အမျိုးသမီးနဲ့ကလေးတွေ အပါအ၀င် ဒေသခံ အများအပြား သေဆုံးသွားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။

 



ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတခုမြင်ကွင်း၊ ၂၀၁၃ မေလ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

မောင်တော်မြို့မှာ ပဋိပက္ခဖြစ်တဲ့ အဲဒီရွာရဲ့ အမည်ကတော့ ဒူချီးရာတန်းပါ။  တနင်္လာနေ့က  လူအုပ်စုနဲ့ တိုက်ခိုက်ခံရလို့  ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ရွာထဲမှာ ပိတ်မိပြီး ကျန်ရစ်ခဲ့တဲ့ရွာ ဖြစ်ပါတယ်။

 ရွာသူရွာသားအများအပြား သတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်း ထုတ်ပြန်တာကတော့ Arakan Project လို့ ခေါ်တဲ့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်ပါတယ်။

ဒီအကြောင်း ဧရာဝတီအွန်လိုင်းစာမျက်နှာမှာ  Buddhist Mob, Police Raid Rohingya Village, Many Left Dead: Rights Group ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးထားပါတယ်။
သွားဖတ်နိုင်တဲ့ လင့်က http://www.irrawaddy.org/burma/buddhist-mob-police-raid-rohingya-village-many-left-dead-rights-group.html ဖြစ်ပါတယ်။

ရွာထဲကို ဧည့်စာရင်းစစ်ဖို့၊ လက်ကိုင်ဖုန်းစစ်ဖို့ ရဲတွေ ရောက်အလာမှာ ပြဿနာ တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံအများအပြားက ရဲတွေကို ဒေါသတကြီး တိုက်ကြခိုက်ကြတယ်လို့ သိရပါတယ်။
အဖမ်းခံရမှာစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သူ အများအပြား ရှိတယ်လို့လည်း သိရပါတယ်။

အင်္ဂါနေ့မနက်စောစော ရဲတွေ အဲဒီရွာကို ရောက်လာတယ်၊ စစ်သားတွေပါတယ်၊ ဗုဒ္ဓဘာသာဝင်အရပ်သားတွေလည်းပါတယ်၊ ပျောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်ကို ရှာကြတယ်၊
ရဲတပ်ဖွဲ့ဝင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ရွာသားတွေက မသိရှိကြောင်း ထွက်ဆိုကြတယ်၊ အဲဒီနောက် သွားရောက်ရှာဖွေတဲ့လူအုပ်စုကြီးက  ဒူချီးရာတန်းမှာကျန်နေတဲ့သူတွေကို လုယက်ကြ တိုက်ခိုက်ကြတယ်၊ မတရားပြုကျင့်တယ်ဆိုတဲ့သတင်းလည်း ထွက်နေတယ်၊
 သေဆုံးမှုက ၁ဝ ယောက်ကနေ အယောက် ၆ဝ အတွင်း ရှိမယ် လို့ ရထားတဲ့သတင်းတွေအရ သိရတယ် စသဖြင့် Arakan Project က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းကတော့ သူ အဲဒီရွာကို အင်္ဂါနေ့မှာ ရောက်ခဲ့တယ်၊ အမျိုးသမီးတချို့နဲ့ သက်ကြီးပိုင်းတချို့ပဲ ရွာထဲမှာ ရှိတာ တွေ့တယ်၊ ဒဏ်ရာရတဲ့  သေဆုံးတဲ့ဒေသခံကို မမြင် မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်  ဦးရွှေမောင်ကလည်း ပဋိပက္ခဖြစ်တယ် သေဆုံးတယ်ဆိုတဲ့သတင်းတွေ သူလည်း ကြားထားတယ်၊
လူအများအပြား ပျောက်ဆုံးနေတယ်၊ ရိုဟင်ဂျာများကတော့ ပျောက်နေတယ်ဆိုရင် သေဆုံးတယ်လို့ ထင်တတ်ကြတယ် ဆိုပြီး ပြောပြပါတယ်။
အခြေအနေတင်းမာလွန်းပြီး လုံခြုံရေးအင်အားတိုးချဲ့ထားတယ်လို့ သူက ဆိုပါတယ်။

ဒူချီးရာတန်းရွာ ပဋိပက္ခနောက်ဆက်တွဲအကြောင်း ပြောပြတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးစလုံးကတော့ မူဆလင်ဘာသာဝင်တွေ ဖြစ်ပါတယ်။

  • ဆက်စပ်သတင်း
မောင်တော အုပ်စုဖွဲ့ တိုက်ခိုက်မှု ရဲ တပ်ကြပ်ကြီး တဦး ပျောက်ဆုံးနေ
http://burma.irrawaddy.org/news/2014/01/15/53444.html

Buddhist Mob, Police Raid Rohingya Village, Many Left Dead: Rights Group

http://www.irrawaddy.org/burma/buddhist-mob-police-raid-rohingya-village-many-left-dead-rights-group.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved