နှစ်သစ်မှာ ကလေးများများယူကြပါ ~ စင်္ကာပူဝန်ကြီးချုပ်

Friday, January 31, 2014

~


နှစ်သစ်မှာ ကလေးများများယူကြဖို့  စင်္ကာပူဝန်ကြီးချုပ်က သူ့နိုင်ငံသူ နိုင်ငံသားတွေကို တိုက်တွန်းလိုက်ပါပြီ။
 


တရုတ်နှစ်သစ်ကူးကာလအတွက်ထုတ်လိုက်တဲ့ သဝဏ်လွှာမှာ ဝန်ကြီးချုပ်က ... အနာဂတ်ကိုထူထောင်ဖို့ ကလေးတွေ အလုံအလောက် လိုအပ်တယ်ဆိုတဲ့သဘော ပြောသွားပါတယ်။

လက်ထပ်ကြဖို့၊ မိခင်ဖခင်ဘ၀ခံယူကြဖို့ အစိုးရက လှုံ့ဆော်သော်ငြားလည်း ကလေးမွေးနှုန်းကျင်ဆင်းနေတုန်းပါပဲလို့ သူက ဆိုပါတယ်။

ရှေ့လ ဖေဖော်ဝါရီ ၁၄  ချစ်သူများနေ့မှာ မင်္ဂလာဆောင်ကြဖို့ မှတ်ပုံတင်ထားသူ စုံတွဲပေါင်း ၃ဝဝ နီးပါးရှိကြောင်းလည်း သူက ထည့်ပြောသွားပါတယ်။

မိသားစုဘ၀ တည်ဆောက်ပြီ ဆိုတာနဲ့ ကလေးပြုစုပျိုးထောင်ရေး၊ မူကြိုကျောင်း ဆိုတာတွေ ရှိလာပါပြီ။ ဒီအကြောင်းကိုလည်း ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ သ၀ဏ်လွှာမှာ တွေ့ရမှာပါ။
မူကြိုကျောင်းတွေ မြန်မြန်နဲ့များများ ထပ်ပေါ်လာအောင် ကြိုးပမ်းနေတယ်၊ ပြီးခဲ့တဲ့နှစ်က မူကြိုကျောင်း အသစ် ၇,ဝဝဝ ပေါ်လာအောင် စီစဉ်ပေးနိုင်ခဲ့တယ်၊  ၂၀၁၇ ဆိုရင် မူကြိုကျောင်း နှစ်သောင်း ရှိလာဖို့ ရည်ရွယ်ထားတယ်လို့ ဆိုတယ်။
မိသားစုဘ၀တည်ထောင်ရေးကို အားပေးထောက်ခံလာကြအောင်လည်း စီစဉ်ရမယ်လို့ ဆိုတယ်။

လီရှန်လွန်းအကြောင်း အွန်လိုင်းမှာ နည်းနည်းချောင်းကြည့်လိုက်တော့ သူက သားသမီး ၄ ဦး ရှိတဲ့ ဖခင်လို့ ဆိုပါတယ်။ သူကိုယ်တိုင် သားသမီး မနည်းဘူး ဆိုတော့ တခြားသူတွေကိုလည်း  ကလေးများများမွေးကြဖို့  တိုက်တွန်းတာ မှားတယ်လို့ မဆိုနိုင်ပါ။

တရုတ်လူမျိုးတွေဟာ ပဝေသဏီကတည်းက  ကမ္ဘာအနှံ့ရောက်ရှိနေပြီး စင်္ကာပူမှာလည်း တရုတ်အများအပြား နေထိုင်လျက်ရှိပါတယ်။
လူများစု တရုတ်ဖြစ်နေတတဲ့ စင်္ကာပူမှာ တရုတ်နှစ်သစ်ကူး အငွေ့အသက်ကို တခြားသော အာရှနိုင်ငံများထက် ပိုမို မြင်တွေ့ရဖွယ်ရှိပါတယ်။ အခုတောင် ဝန်ကြီးချုပ်က တရုတ်နှစ်ကူး၊ မြွေနှစ်ကနေ မြင်းနှစ်ကို ကူးတဲ့ သမယမှာ စာတစောင် ထုတ်လိုက်ပြီ မဟုတ်လား။

သ၀ဏ်လွှာကို စာဖတ်သူ အများအပြားက မှတ်ချက်ပေးနေရာမှာ တယောက်ကတော့ ... လူငယ်တွေ နိုင်ငံအတွက် ဂုဏ်မယူတော့တဲ့အနေအထားရောက်အောင် ဦးဆောင်နေသူ ဆိုပြီး သူ့ကို မှတ်ချက်ပေးထားပါတယ်။ ခေါင်းဆောင်တဦးအနေနဲ့ဆိုရင် စွမ်းဆောင်ရည် အားနည်းတယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒီ ဧရာဝတီဘလော့

http://blog.irrawaddy.org/2014/01/blog-post_9677.html မှာ ရေးသားဖော်ပြခဲ့တဲ့ "စင်္ကာပူနိုင်ငံသားဖြစ်ရတာ ဂုဏ်မယူပါဘူး"  ဆိုတဲ့ ပို့စ်မှာလည်း ဒီအမြင်နဲ့ သက်ဆိုင်တာတွေကို ဖတ်ရပါလိမ့်မယ်။လီရှန်လွန်းရဲ့ သ၀ဏ်လွှာကို စင်္ကာပူရဲ့ နာမည်ကြီးသတင်းစာ စထရိတ်တိုင်းမ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့အတွက် စိတ်ဝင်စားသူများ အပြည့်အစုံကို အဲဒီမှာ ဖတ်နိုင်ပါတယ်။

အပေါ်ပုံကတော့ တရုတ်နှစ်ကူးကာလတခုမှာ တွေ့ရတဲ့ ပင်နီဆူလာ ပလာဇာ အတွင်းပိုင်းမြင်ကွင်းပါ။ ဧရာဝတီဘလော်ဂါစည်သူလင်း ရိုက်ကူးထားတာပါ။ ပင်နီဆူလာ ဆိုတာ စင်္ကာပူရောက် မြန်မာပြည်သား အများအပြား ဆုံဆည်းတတ်တဲ့နေရာဖြစ်ပြီး အဲဒီမှာ မြန်မာပြည်သားများအတွက် ပစ်မှတ်ထားတဲ့ ဆိုင်တွေ လုပ်ငန်းတွေ ပြည့်နေပါတယ်။

စင်္ကာပူမှာ မြန်မာပညာတတ်အများအပြား သွားရောက် အခြေချနေထိုင်ကြတဲ့အတွက် ၀န်ကြီးချုပ်ပြောတဲ့ စင်္ကာပူရဲ့အနာဂတ်မျိုးဆက်မှာ မြန်မာတွေလည်း ပါဝင်နေပါလိမ့်မယ်။

စင်္ကာပူလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန အွန်လိုင်းမှာတော့ ဒီကနေ့က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့အတွက် အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။

  • ဆက်စပ်ပို့စ်များ

စင်္ကာပူက မြန်မာစီးပွားရေးသံမှူးရဲ့ သတင်းပေးပို့ချက် 

http://blog.irrawaddy.org/2013/11/blog-post_4944.html 

စင်္ကာပူမြန်မာသံရုံးအတွက် အလုပ်သမားရေးရာသံမှူး 
http://blog.irrawaddy.org/2014/01/blog-post_4381.html




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved