မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ဂုဏ်ရည်အေးကျော်ရဲ့ ဂုဏ်ယူမှု

Monday, January 20, 2014

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မကြာသေးခင်က ဂျပန်နိုင်ငံကို Miss International 2013 ကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဂုဏ်ရည်အေးကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် မြန်မာ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက် ဂုဏ်ယူနိုင်ဖို့ အခုလို ရေးသားထားပါတယ်။



Miss Myanmar ဂုဏ်ရည်အေးကျော် (ဓာတ်ပုံ ဂုဏ်ရည်အေးကျော် facebook မှ)



“မင်္ဂလာပါ ရွှေမြန်မာတို့ရေ” 



 16 ရက်ကနေ 23 ရက်နေ့ထိ မလေးရှားနိုင်ငံ၊ ကူချင်းမြို့မှာ ကျင်းပတဲ့ ASEAN Tourism Forum ကို တက်ရောက်ဖို့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာနမှ အကြီးအကဲများ၊ မြန်မာနိုင်ငံ ခရီးသွားလာရေးအဖွဲ့ချုပ် (MTF) မှ တာဝန်ရှိသူများ၊ MTF မှာ Myanmar Hotelia Association(MHA), Myanmar Restaurant Association (MRA), Myanmar Marketing Committee (MMC), Myanmar Souvenirs Association စသဖြင့် အဖွဲ့အစည်းပေါင်း 11 ခုရှိတာမို့ ထိုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ ASEAN Tourism Forum (ATF) ကို ASEAN အဖွဲ့ဝင် နိုင်ငံများအားလုံး တက်ရောက်ကြမှာ ဖြစ်တဲ့ အတွက် စင်မြင့်ထက် မှာ မြန်မာ့ရိုးရာ အကအလှများနဲ့ ဖျော်ဖြေရန် တခိုင်လုံးရွှေ အကအဖွဲ့တို့ဟာ မလေးရှားနိုင်ငံ ကိုရောက် ရှိ နေကြပါပြီ။

ဂုဏ်ရည်အေးကျော်





ဒီခရီးစဉ်ဟာ ဂုဏ်ရည့်အတွက် Miss Myanmar တစ်ယောက်အဖြစ် Crown ဆောင်းထားစဲ ကာလမှာ 4 ကြိမ်မြောက် နိုင်ငံကိုယ်စားပြုထွက်ရတဲ့ နိုင်ငံခြားခရီးဖြစ်ပါတယ်။

 ATF ကိုရောက်ရှိနေကြတုန်းမှာ မြန်မာ့ရိုးရာ အက အလှတွေ၊ မြန်မာ့အစားအသောက်တွေနဲ့ မြန်မာပြည် ကို Promote လုပ်ရင်း လာရောက်လည်ပတ်ကြဖို့ Package Tour တွေ ရောင်းချကြမှာဖြစ်သ လို မြန်မာ့ ရိုးရာ အစားအစာတွေကို ASEAN နိုင်ငံတွေ ပိုမိုသိရှိ ခင်တွယ်ကြစေဖို့ အစားသောက်ပိုင်းဆိုင်ရာကို Myanmar Restaurant Association, MRA မှ တာဝန်ယူခွင့် ရရှိထားတာမို့ ဂုဏ်ယူစရာ   ကောင်းလှ ပါတယ်။ 

 ပိုပြီးဂုဏ်ယူရမှာကတော့ မြန်မာနိုင်ငံဟာ ASEAN Tourism Forum ကို 2015 မှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရရှိပြီး 23ရက်နေ့ အလံလွှဲပြောင်းပွဲ အခမ်းအနားမှာ မြန်မာပြည်ကိုယ်စားရောက်ရှိနေတဲ့ တာဝန်ရှိသူများနဲ့ ဂုဏ်ရည်တို့မှ အလံလွှဲပြောင်းသယ်ဆောင်လာမှာ ဖြစ်ပါတယ်ရှင်။

 ဂုဏ်ရည့်အတွက် ဂုဏ်ယူစရာအကောင်းဆုံးကတော့ နောက်နှစ်မှာ အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပ ခွင့်ရတဲ့  
မြန်မာနိုင်ငံကို ကြိုဆိုတဲ့ Myanmar Night အခမ်းအနားမှာ Master of Ceremony, အခမ်းအနားမှုး လုပ်ဆောင်ခွင့် ရခြင်းပဲ ဖြစ်ပါတယ်ရှင်။ 

ပွဲစဉ်တလျှောက်မှာတော့ တခိုင်လုံးရွှေအဖွဲ့မှ အန်တီအေးအေးမြင့်တို့မှ မြန်မာ့ရိုးရာစောင်း၊ ပတ္တလား၊ သူငယ်တော်အက၊ နှစ်ပါးသွား၊ ရုပ်သေး၊ မိုးဇာပြော၊ ကရင်ဒုံးယိမ်း၊ ရခိုင်ဆီမီးခွက်၊ ရှမ်းရိုးရာအက၊ အနန္ဒငါးဖြာ၊ အပျိုတော်စတဲ့ မြန်မာ့အကအလှများနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပြီး ဂုဏ်ရည်က ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ စည်းလုံးခြင်းသည်အင်အားသီချင်းနဲ့ သင်္ကြန်အကတို့မှာ ဝင်ရောက် ကပြသွားမှာ ဖြစ်ပါတယ်။

 16 ရက်မှ 23 ရက်နေ့ထိ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ASEAN Tourism Forum မှာ မြန်မာ့ရိုးရာ အစားအစာ၊ မြန်မာ့ရိုးရာအကအလှ၊ မြန်မာနိုင်ငံကို ကြိုဆိုတဲ့ Myanmar Night, Miss Myanmar စတဲ့ မြန်မာသံတွေ ထုံမွှမ်းနေတာဂုဏ်ယူစရာကောင်းလှတာမို့ မြန်မာပြည်မှ ရွှေမြန်မာတို့လည်း အပျော်များကူးဆက် ဂုဏ်ယူနိုင်ကြပါစေ။ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved