ရှင်အပါးတထောင်ကျော်တဲ့ ပုသိမ်အလှူ

Monday, January 20, 2014


 
~



ရှင်လောင်း၊ ရဟန်းလောင်း တထောင်ကျော်  ပါဝင်တဲ့ အလှူကြီးကို    စနေနေ့က ပုသိမ်မြို့မှာ ခမ်းခမ်းနားနား ကျင်းပပါတယ်။
 


   အရင်က ဒီဒေသ ရှင်ပြုပွဲတွေမှာ မောင်ရင်လောင်း ၁ဝဝ အထိပဲ အများဆုံး ပါဝင်ခဲ့ကြတာပါ။
ဒီပွဲမှာတော့ ရှင်အပါး ၁,၁ဝဝ နဲ့ ရဟန်းအပါး ၁ဝဝ ပါဝင်ခဲ့ပါတယ်။

 မောင်ရင်လောင်း၊ ရဟန်းလောင်းတွေကို ဆင် ၇ ကောင်၊ မြင်းအကောင် ၂ဝ ၊ နွားလှည်း ၅ စီး၊ ကားအစီးပေါင်း ၆ဝ  ပေါ်မှာ တင်ဆောင်ပြီး ပုသိမ်မြို့ထဲကို ရှင်လောင်းလှည့်ခဲ့ရာမှာ မြို့ခံတွေက တအံတသြ တိုးဝှေ့ကြည့်ရှုကြတာတွေ့ရပါတယ်။

သူတို့ဟာ ပုသိမ် အပါအဝင် ဧရာဝတီတိုင်း ၂၆ မြို့နယ်က နွမ်းပါးတဲ့၊ ရှင်ပြုဖို့ အခက်အခဲရှိတဲ့ မိသားစုတွေကဖြစ်ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်နဲ့  ဇနီးဒေါ်တင်လတ်မင်းတို့ မိသားစုက အကုန်အကျခံရှင်ပြုပေးတာဖြစ်ကြောင်း သိရပါတယ်။
 


 
“ပုသိမ်မြို့နယ်ကတင် ရှင်အပါး ၆ဝဝ နဲ့ ရဟန်းအပါး ၁ဝဝ ပါပါတယ်။
 အများစုကတော့ ရှင်မပြုနိုင်တဲ့ မရှိနွမ်းပါးတဲ့ မိသားစုက ကလေးငယ်တွေပါ။ ဗုဒ္ဓဘာသာအရ သားယောက်ျားလေးမွေးရင် မိဘတိုင်းက ရှင်ပြုပေးချင်ကြပါတယ်။
ဒါပေမယ့် ငွေကြေးမတတ်နိုင်လို့ ရှင်မပြုရသူတွေ အများကြီး ရှိတယ်လေ။
 အဲဒီအခက်အခဲကို ရွှေဗျိုင်းဖြူ ကုမ္ပဏီက ကူညီဖြေရှင်းပြီး ဒါနပြုပေးတဲ့ သဘောပါ။
 ကျနော်တိုလည့်း လုပ်အားနဲ့ ပါဝင်ကုသိုလ်ယူရတာ ပင်ပန်းပေမယ့် ဝမ်းသာပါတယ်” လို့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးချစ်ကိုကိုကပြောပါတယ်။

 ရှင်ပြုမယ့်ကလေးငယ်တွေအတွက်လိုအပ်တဲ့ သင်္ကန်း၊ သပိတ်၊ ဖိနပ်၊ ယပ်တောင်စတဲ့
 ပရိက္ခရာတွေအပါအဝင် မောင်ရင်လောင်းလှည့်ရာမှာ ဝတ်ဖို့ အင်္ကျီနဲ့
 ပုဆိုးကအစ ရွှေဗျိုင်းဖြူကုမ္ပဏီက လိုလေသေးမရှိ ကူညီပေးတယ်လို့
 မောင်ရင်လောင်းမိဘတွေက ပြောပါတယ်။

“ကျနော့်မှာ သားသမီး ၃ ယောက်ရှိပါတယ်။ အခုရှင်ပြုပွဲပါတာက အကြီးဆုံးပါ။ အသက်က ၁၃ နှစ် ရှိပါပြီ။
 ကိုယ့်သားသမီးကိုရှင်ပြုပေးချင်ပေမယ့် ငွေကြေးမတတ်နိုင်တော့ ရှင်မပြုပေးဖြစ်ဘူး။
အခုကျတော့ ခမ်းခမ်းနားနားစည်စည်ကားကားရှင်ပြုရတော့ ကျနော်အရမ်းဝမ်းသာပါတယ်။
ဘဝမှာ ကိုယ့်သားကိုအခုလိုရှင်ပြုရလိမ့်မယ်လို့ တခါမှ မတွေးဖူးပါဘူး”လို့  မအူပင်မြို့က မောင်ရင်လောင်း မိဘ ကိုတင်ဌေးကပြောပါတယ်။

 မနေ့ကမနက်ပိုင်းမှာပုသိမ်မြို့ထဲကို ရှင်လောင်းလှည့်၊ ညနေပိုင်းမှာ ဆံချ၊ တရားနာပြီးတဲ့နောက် မောင်ရင်လောင်းအားလုံး ရှင်သာမဏေတွေ ဖြစ်ကုန်ကြပါပြီ။

 ဒါပေမယ့် အလှူပွဲကတော့ မပြီးသေးပါဘူး။
 နိုင်ငံကျော်ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်ကို အလှူရှင်တွေက ငှားရမ်းထားပြီး လူတိုင်း အခမဲ့ကြည့်ရှုနိုင်အောင် ဗလာပွဲအဖြစ် ဒီလ ၁၉ ရက်နဲ့ ၂ဝ ရက်တွေမှာ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းထဲမှာ ကပြသွားဖို့ စီစဉ်ခဲ့ပါသေးတယ်။

 ပုသိမ်မြို့ခံအများအပြားကတော့ သူတို့အသည်းစွဲ  မင်းသားဖိုးချစ် ကတဲ့ဇာတ်ပွဲကို မဖြစ်မနေကို သွားကြည့်ကြမယ်လို့ ပြောဆိုနေကြပါတယ်။

 ဆလိုင်းသန့်စင်


ရှင်လောင်းလှည့်ရာမှာ ဧရာဝတီတိုင်းအစိုးရကိုယ်စားလိုက်ပါလာတဲ့
 စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်နှင့်ဇနီး

မောင်ရင်လောင်းတွေရဲ့ မိဘများ
မောင်ရင်လောင်းတချို့ကိုတော့ လှပစွာတန်ဆာဆင်ထားတဲ့ နွားလှည်းများနဲ့ တွေ့ရပါတယ်
ရှင်လောင်းလှည့်ရာမှာ ထိပ်ဆုံးကတွ့ရတဲ့ဆင်
 



ဒီလိုကားမျိုး အစီး ၆ဝ နဲ့ ရှင်လောင်းလှည့်ခဲ့တယ်
 

ကိုးသိန်းအားကစားကွင်းအပြည့်ဆောက်ထားတဲ့ အလှူမဏ္ဍပ်မှာတော့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ ဇနီး ဒေါ်ခင်ဌေးမြင့်တို့ကို အမှူးထားပြီး တိုင်းအစိုးရအဖွဲ့ စီစဉ်ကြီးကြပ်တယ် လို့ ရေးထားပါတယ်

 
မြို့လယ်နာရီစင်အနီးမှာတွေ့ရတဲ့ ဖိုးချစ်ဇာတ်ပွဲကြော်ငြာ
မြင်းနဲ့လှည့်တဲ့ မောင်ရင်လောင်းများ


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved