မြောက်ကိုရီးယားခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံးတင်ရေး

Wednesday, February 19, 2014

~


မြောက်ကိုရီးယားခေါင်းဆောင်တွေ စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှု၊
အငတ်ဘေးကပ်ဆိုက်အောင် ပြုလုပ်မှု၊ သတ်ဖြတ်မှုတွေကို နာဇီခေတ်ကလို ဆောင်ရွက်ဖို့ အမိန့်ပေးခဲ့မှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး တက်ရမယ်၊ အဲဒီထဲမှာ ခေါင်းဆောင်သစ် ကင်ဂျုံအန်းလည်း ပါဝင်တယ် လို့ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

  -
မနေ့က ဂျနီဗာမှာ တွေ့ရတဲ့
မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ  Michael Kirby (Photo: Reuters / Denis Balibouse)

ဒီအကြောင်း ဧရာဝတီပင်မစာမျက်နှာမှာ
North Korea Crimes Evoke Nazi Era, Kim May Face Charges: UN Inquiry ခေါင်းစဉ်နဲ့ ရေးထားပါတယ်။

လင့်က http://www.irrawaddy.org/asia/north-korea-crimes-evoke-nazi-era-kim-may-face-charges-un-inquiry.html ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ "မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးကော်မရှင်" ဥက္ကဋ္ဌ  Michael Kirby ကတော့ သူတို့ကော်မရှင်ရဲ့တွေ့ရှိချက်တွေကြောင့် နိုင်ငံတကာက အာရုံစိုက်လာလိမ့်မယ်လို့ မျှော်လင့်နေပါပြီ။

သို့သော်လည်း မြောက်ကိုရီးယားကတော့ ဒီစွပ်စွဲချက်တွေကို လုံးဝ ပယ်ချကြောင်း တုန့်ပြန်ပါတယ်။
ကုလသမဂ္ဂရဲ့ တွေ့ရှိချက် ဆိုတာတွေဟာ အမေရိကန်၊ ဥရောပ၊ ဂျပန်တို့ကနေ လာတဲ့ သတင်းမှားတွေပေါ် အခြေခံထားတာပဲ လို့ တုန့်ပြန်လိုက်တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီမှာ  တရုတ်ကြီးကလည်း ထုံးစံအတိုင်း ဗီတိုအာဏာသုံးပြီး ပယ်ချမှာပဲလို့ သံတမန်တို့က သတင်းသမားတွေကို ပြောပါတယ်။

တရုတ်ကြီးက နယ်စပ်ဖြတ်ပြေးလာတဲ့ မြောက်ကိုရီးယားတွေကို နေရပ်ရင်းပြန်ပို့တဲ့နည်းနဲ့ မြောက်ကိုရီးယားအစိုးရရဲ့ "လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ရာဇဝတ်မှုများ"ကို အားပေးအားမြောက် ပြုရာရောက်တယ်လို့ ကုလ စုံစမ်းရေးမှူးတို့က ပြောပါတယ်။

ကုလရဲ့ တနှစ်ကြာ စုံစမ်းမှုက တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့မှာ လုပ်ခဲ့တာပါ၊
မြောက်ကနေ ထွက်ပြေးလာသူတွေရဲ့ ထွက်ချက်တွေကို အခြေခံပါတယ်။

အဲဒီထဲက တယောက်ကတော့ Shin Dong-hyuk ဆိုသူပါပဲ။ သူက ၁၃ နှစ်အရွယ်မှာ သူ့မိခင်၊ သူ့အစ်ကိုတို့ ထွက်ပြေးမယ့်သတင်းကို အကျဉ်းစခန်းအာဏာပိုင်တွေသိအောင် လက်ထောက်ချခဲ့တယ်၊ ဒါကြောင့် သူတို့ ကွပ်မျက်ခံရတယ် ဆိုပြီး သူ့ဘ၀အကြောင်း ပြုစုထားတဲ့ အကျဉ်းစခန်း အမှတ် ၁၄ မှ ထွက်ပြေးလွတ်မြောက်ခြင်း စာအုပ်မှာ ရေးထားပါတယ်။

ဂျနီဗာမှာရှိတဲ့ မြောက်ကိုရီးယားသံအဖွဲ့ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချပါတယ်။
လူ့အခွင့်အရေးကာကွယ်ဖို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဖိအားပေးဖို့၊ အာဏာပိုင်တွေပြုတ်ကျဖို့ ကြိုးပမ်းမှု မှန်သမျှကို ဆက်လက်ပြီး အပြင်းအထန် တုန့်ပြန်သွားပါမယ် လို့ သူတို့က ကြေညာပါတယ်။

ကုလအဖွဲ့ကြီး စွပ်စွဲတဲ့ ဖြစ်ရပ် ဆိုတာတွေက မြောက်ကိုရီးယားမှာ ရှိမနေပါဘူးလို့လည်း ဆိုပါတယ်။


  • မူရင်းသတင်း

North Korea Crimes Evoke Nazi Era, Kim May Face Charges: UN Inquiry

http://www.irrawaddy.org/asia/north-korea-crimes-evoke-nazi-era-kim-may-face-charges-un-inquiry.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved