ကြံ့ခိုင်ရေးပါတီ ပတ်သက်နေတယ် ဆိုတဲ့ ပန်းတနော် မြေသိမ်းမှု

Wednesday, February 19, 2014

~



ကြံ့ခိုင်ရေးပါတီပတ်သက်နေသည်ဟုဆိုသော လယ်ယာမြေသိမ်းဆည်းမှုများ အကြောင်း တင်ပြလိုသော ပန်းတနော် ဒေသခံတချို့က  ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်ကို တိုင်းအစိုးရရုံးရှေ့၌ ညအိပ်စောင့်ဆိုင်းခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း သတင်းရရှိသည်။
   -



ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့  ပန်းတနော်မြို့နယ်မှ လယ်သမားများကို အင်္ဂါ ည ၁၁ နာရီက တိုင်းအစိုးရရုံးရှေ့ ပလက်ဖောင်းပေါ်မှာ အခုလို တွေ့ရပါတယ် (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

သွားရောက် စောင့်ဆိုင်းခဲ့သူတို့မှာ လယ်သမားအရေးလှုပ်ရှားသူ ၂ ဦးနှင့် ပန်းတနော်မြို့နယ်မှလယ်သမား ၈ ဦးတို့ ဖြစ်သည်။
လယ်သမားအရေးလှုပ်ရှားသူတို့မှာ ရန်ကုန်မြို့မှ  ကိုနိုင်ဇော်ကြည်ဝင်း၊ ဒေါ်ခင်ဝင်းကြည်တို့ ဖြစ်သည်။

 ညအိပ် စောင့်ဆိုင်းသော်လည်း ၀န်ကြီးချုပ်နှင့် တွေ့ဆုံခွင့် မရသဖြင့်  အံ့သြမိကြောင်း  ကိုနိုင်ဇော်ကြည်ဝင်းက ဧရာဝတီကို ပြောသည်။

“၀န်ကြီးချုပ်နဲ့တွေ့ခွင့်ရမယ်ဆိုလို့ ကျနော်တို့ မနေ့က တနေကုန် အစိုးရရုံးရှေ့မှာ ထိုင်စောင့်နေကြတယ်။
ညနေကျတော့ ၀န်ကြီးချုပ်နဲ့ တွေ့လို့မရဘူးပြောတယ်။
အစိုးရရုံးဂိတ်စောင့် ရုံးဝန်ထမ်းတွေက ကျနော်တို့ကို လိမ်လိုက်တယ်။
ကျနော်တို့က လယ်သမားတွေရဲ့ဒုက္ခကို ၀န်ကြီးချုပ်အနေနဲ့ ဖြေရှင်း ကူညီပေးနိုင်မယ် ယုံကြည်လို့ အစိုးရရုံးရှေ့မှာ ညလုံးပေါက် ထိုင်စောင့်နေတာ။
၂၂ နာရီကြာတဲ့အထိ ကျနော်တို့ကို တွေ့ခွင့် မပေးတဲ့အတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်အပေါ်မှာ ကျနော်တို့ ယုံကြည်မှု လျော့နည်းသွားပါပြီ”

လယ်သမားများကို ယမန်နေ့ ညနက်ပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ကရင်ပြည်သူ့ပါတီ ခေါင်းဆောင်များ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမန်းသက်တင်နှင့် ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိတို့ လာရောက် တွေ့ဆုံမေးမြန်းခဲ့ကြသည်။
သို့သော်လည်း လယ်သမားများက ၀န်ကြီးချုပ်နှင့်တိုက်ရိုက် တွေ့ဆုံ တင်ပြခွင့်ကိုသာ တောင်းခံခဲ့ကြသည်။

  ယနေ့နံနက် ၁၀ နာရီအချိန်ထိ တွေ့ခွင့်မရခဲ့သည့်အတွက် လယ်သမားများ နေရပ်သို့ ပြန်ကြပြီ ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင်က လယ်သိမ်းခဲ့ပုံကို  ကြုံတိုင်းကြီးအုပ်စု ကံစုကျေးရွာမှ ဒေါ်အုန်းဌေးက ဧရာဝတီကို ပြောသည်။

“ကျမတို့လယ်ကိုဦးငြိမ်းမြိုင်က ၂ ကြိမ်သိမ်းတယ်။ ပထမတကြိမ်က ၂ ဧက၊ ဒုတိယတကြိမ်မှာ ၂ ဧက။ အဲ့လိုသိမ်းတယ်။ လျော်ကြေးကို ၁ ဧက ၁ သောင်းပဲပေးတယ်။
မယူလို့လည်းမရဘူး။ အခုလည်း ကျမတို့ လက်ရှိလုပ်နေတဲ့ လယ်တွေကိုဘေးပတ်လည် ၃ နေရာ တာဘောင် ဖို့ထားပြီ။
ကျန်နေတဲ့ ၁ နေရာကို တာဘောင်လုပ်လိုက်ရင် ငါးကန်ဖြစ်သွားပြီ။ အဲဒါဆိုရင် ကျမတို့လယ်တွေ အကုန်ရေမြုပ်ပြီးငါးကန်ဖြစ်သွားမှာ။
 အဲဒါကြောင့် တားမြစ်ပေးဖို့ဝန်ကြီးချုပ်ဆီလာတင်ပြတာပါ။
ကျမတို့မှာ ချမ်းချမ်း စီးစီးနဲ့ လမ်းဘေးမှာ ငုတ်တုတ်ထိုင်ပြီး တညလုံးစောင့်ခဲ့ပေမယ့် တွေ့ခွင့်မရတဲ့အတွက်အရမ်း စိတ်မကောင်း ဖြစ်မိပါတယ်။ ကျမတို့မှာ အားကိုးစရာ မရှိတော့သလိုခံစားရတယ်”

လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင်သည် ကြုံတိုင်းကြီးကျေးရွာအုပ်စု အတွင်းရှိ သဲကုန်၊ ကံစု၊ ကြုံတိုင်းကြီးစသည့် ကျေးရွာများမှ လုပ်ကိုင်နေသည့် လယ်ဧက ၅၀၀ ကျော် သိမ်းယူကာ ငါးမွေးကန်ကြီးများအဖြစ် ပြောင်းလဲလိုက်ကြောင်း၊
ယင်းလယ်များမှာ လယ်သမားများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့်လယ်ယာမြေများဖြစ်ပြီး သဲကုန်းကျေးရွာ တခုတည်းမှာပင် လယ်သိမ်းခံရသူ ၃၆ ဦးရှိကြောင်း လယ်သမားများကပြောသည်။

“ဦးငြိမ်းမြိုင်က လယ်တွေသိမ်းပြီး ငါးကန်တူးပစ်တာ ဘယ်လောက် များသလဲဆိုရင် သူတူးထားတဲ့ ငါးကန်ဘောင်ပေါ်ကို လမ်းလျှောက်သွားလိုက်။ တနေကုန် လျှောက်တောင် သူ့ငါးကန်တွေ မကုန်ဘူး။
ငါးကန်ဘောင်ရိုးတခုဟာ ၁ မိုင်ကျော်ကနေ ၃ မိုင်အထိ ရှည်တဲ့ ကန်ဘောင်တွေ ရှိတယ်။
 ကျမတို့ရွာနားတ၀ိုက်ကြိုက်တဲ့နေရာ လက်ညှိုးထိုး၊ သူ လယ် မသိမ်းတဲ့နေရာ မရှိဘူး” ဟု လယ်သိမ်းခံရသည့် ကြုံတိုင်းကြီးကျေးရွာမှ လယ်သမားတဦးက ပြောသည်။

ကြုံတိုင်းကြီးကျေးရွာမှ လယ်သမား ၅ ဦး၏ လယ်ယာမြေ ၃၅ ဧကအား ကြံ့ခိုင်ရေးအသင်းထံမှဝယ်ခဲ့သည်ဟု ဆိုကာ ဦးမင်းမင်းစိုးက ၁၉၉၉ ခုနှစ်တွင် အဓမ္မသိမ်းခြင်းဖြစ်ကြောင်း  ထိုရွာမှ ဒေါ်မြင့်မြင့်အေးကပြောသည်။

“ငရုတ်ပင်လေးတွေ စိုက်ထားတာ ခူးပါရစေဦးလို့ပြောတာတောင် မရဘူး။ လယ် ၁၀ ဧကကို အတင်းသိမ်းသွားတယ်။
တခါ အခုလွှတ်တော်ကိုယ်စားလှယ်လုပ်နေတဲ့ ဦးငြိမ်းမြိုင်ကလည်း လယ် ၅ ဧက သိမ်းတယ်။
လျော်ကြေးလည်း တပြားမှ မရခဲ့ပါဘူး။ ဦးမင်းမင်းစိုးက ကျမတို့လယ်တွေကို ဘာမှမလုပ်ဘဲ တခြားလူက အငှားချစားတယ်။
ဦးငြိမ်းမြိုင်ကကျတော့ လယ်တွေကို ငါးကန်တူးပစ်တယ်။ ကျမတို့မှာ လယ်မဲ့ယာမဲ့ဖြစ်ပြီး ဒုက္ခရောက်လွန်းတဲ့အတွက် အခုလို လာတင်ပြတာပါ။ ကျမတို့လယ်တွေ ပြန်လိုချင်ပါတယ်”

အဆိုပါ လယ်ယာမြေ ၃၅ ဧကမှာ ယနေ့ထက်တိုင် မိမိတို့ အမည်ဖြင့် မြေခွန်ပြေစာများ ထွက်လျက်ရှိပြီး အစိုးရကိုလည်း မြေခွန်များထမ်းဆောင်နေဆဲဖြစ်ကြောင်း လယ်သမားများကပြောသည်။

“တကယ်ဆိုရင် ၀န်ကြီးချုပ် ဦးသိန်းအောင်ဟာ အစိုးရအဖွဲ့ ၀န်ကြီးချုပ်လည်းဖြစ်သလို ကြံ့ခိုင်ရေး ပါတီမှာလည်း တိုင်းဥက္ကဋ္ဌဖြစ်ပါတယ်။
အခုကြံ့ခိုင်ရေးပါတီနဲ့ပတ်သတ်လို့ ပြည်သူတွေ လာရောက်ပြီး အားကိုးတကြီးနဲ့ တင်ပြ အကူအညီတောင်းတဲ့အပေါ်မှာ ၀န်ကြီးချုပ်အနေနဲ့ လက်ခံတွေ့ဆုံပြီး အလေးထား ကူညီဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်”ဟု ပုသိမ်မြို့မှ လယ်သမားအရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦးက ပြောသည်။

ဝန်ကြီးချုပ်ထံ  တိုင်ကြားထားသည့်  စာထဲတွင်
- ဦးမင်းမင်းစိုး သိမ်းဆည်းသွားသည့် လယ်မြေများအား ကြံ့ခိုင်ရေးအသင်းခေတ်က ၎င်းထံရောင်းချခဲ့ခြင်းရှိ/မရှိ သိလိုကြောင်း၊
- ယနေ့ထက်တိုင် ကြံ့ခိုင်ရေးပါတီအမည်ခံ၍ လူတဦးတယောက်ထဲက လယ်သမားများ လုပ်ကိုင်နေသောလယ်ယာမြေများကို အဓမ္မသိမ်းဆည်းလုပ်ကိုင်နေခြင်းကို ကူညီဖြေရှင်းပေးစေလိုကြောင်း ဖော်ပြထားသည်။

လယ်ယာမြေများကို ပန်းတနော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင်က အဓမ္မသိမ်းယူခဲ့ကြောင်း လယ်သမားများက လွှတ်တော်သို့တိုင်တန်းခဲ့ကြသည့်အတွက် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်လက်ထက်က လွှတ်တော်ကော်မတီဖွဲ့၍ ၂ ကြိမ်တိုင် ပန်းတနော်မြို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ မြန်မာနိုင်ငံတွင် လယ်ယာမြေသိမ်းဆည်းခံရမှု အများဆုံး တိုင်းဒေသကြီးများဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved