အချစ်ရဲ့ သင်္ကေတ ချောကလက်နဲ့ နှင်းဆီ

Friday, February 14, 2014

~


 -
 
ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ ချစ်သူများနေ့ခေါ် Valentine’s Day  ဖြစ်ပြီး ချစ်သူစုံတွဲတွေကတော့  အဲဒီနေ့မှာ အမှတ်တရ ဆင်တူဝတ်စုံတွေဝတ်ပြီး  သာယာကြည်နူးစရာကောင်းတဲ့ နေရာလေးတွေမှာ လျှောက်လည်ရင်း ဖြတ်သန်းကြသလို ချစ်သူအချင်းချင်းကြားမှာ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ ဖလှယ်ပေးအပ်ကြတဲ့ နေ့တနေ့လည်းဖြစ်ပါတယ်။


ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ

ချစ်သူစုံတွဲတွေကတော့ ဖေဖော်ဝါရီ ပထမပတ် မတိုင်ခင်ကတည်းကစလို့ ချစ်သူများနေ့ကို အတူတူ ဖြတ်သန်း ဖို့ ချစ်သူများနေ့မှာ ဆင်တူဝတ်ဖို့ စုံတွဲဝတ်စုံ အရောင်စုံ လှလှလေးတွေ ၊ အသည်းပုံပါတဲ့ ပို့စကတ်လေး တွေ၊  hand-made လို့ခေါ်တဲ့ လက်လုပ် အမှတ်တရပစ္စည်းလေးတွေ၊ မွေးပွဝက်ဝံရုပ် အကြီးကြီးတွေ၊ အမှတ်တရပန်းစည်းတွေ၊ နှင်းဆီပန်းရောင်စုံနဲ့ ဒီဇိုင်းထွင်ပုံဖော်ထားတဲ့ ပန်းစည်း၊ ပန်းခြင်း၊ ပန်းအိုး အစရှိတာတွေ အပါအဝင် ချစ်သူများနေ့ရဲ့ သင်္ကေတတခုလို့ တင်စားခေါ်ဝေါ်လောက်တဲ့ ချောကလက် အမျိုးစားမျိုးစုံ တံဆိပ်အမျိုးမျိုး၊ ဒီဇိုင်း အမျိုးမျိုးကိုလည်း Gift shop, Fancy shop, floral service နဲ့ ရှော့ပင်းစင်တာတွေမှာ အလုအယက် ဝယ်ယူနေကြပါပြီ။

“ချစ်သူများနေ့” ယဉ်ကျေးမှုနဲ့ ရင်းနှီးနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း မြို့ကြီးမြို့ငယ်မကျန် အနယ်နယ်အရပ်ရပ်မှာ ချစ်သူစုံတွဲတွေအကြား တယောက်ကိုတယောက် အမှတ်တရ လက်ဆောင် ပန်းစည်း၊ အရုပ်၊ ပို့စကတ်၊ ချောကလက်ပေးတဲ့ အလေ့အထဟာ လူငယ်တွေကြားမှာ ရေပန်းစားလို့နေပြီ ဖြစ်ပါတယ်။ ပန်းခြံ၊ ရှော့ပင်းမောလ်၊ ကစားကွင်း၊ ကော်ဖီဆိုင် အစရှိတဲ့ နေရာတွေမှာလည်း ချစ်သူများနေ့ကို ကြိုဆိုတဲ့အနေနဲ့ မြားနတ်မောင်ပုံ၊ Venus အချစ်နတ်သမီးပုံ၊ အနီရောင်၊ ပန်းရောင် အသည်းနှလုံးပုံ၊ နှင်းဆီပန်းပုံ၊ ချစ်သူစုံတွဲ ကာတွန်း ရုပ်ပုံလေးတွေ အလှဆင်ထားတာကို တွေ့နိုင်သလို အဲ့ဒီနေရာတွေမှာလည်း လက်ချင်းချိတ်ပြီး ဆင်တူ ဝတ်စုံတွေ ကိုယ်စီဝတ်ပြီး ကြည်နူးကျေနပ်နေတဲ့ အပြုံးကိုယ်စီနဲ့ ချစ်သူစုံတွဲတွေကို တွေ့မြင်နိုင်ပါတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကြီး အပန်းဖြေကစားကွင်း၊ ပန်းခြံတွေထဲက နေရာတခုဖြစ်တဲ့ ပြည်သူ့ရင်ပြင်မှာလည်း ချစ်သူများနေ့အကြို ဈေးရောင်းပွဲတော်ကြီးနဲ့တကွ ရှိုးပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပ တော့မှာဖြစ်သလို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ လည်း နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့ရောက်ရင် ကျင်းပနေကျ Hip Hop ရှိုးပွဲတွေမှာ အင်္ကျီဆင်တူ ဝတ်ဆင်ထားပြီး လက်ချင်းချိတ်လို့ သွားလာနေကြတဲ့ စုံတွဲတွေကို တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

 -
 
ချစ်သူများနေ့မှာ ချောကလက်နဲ့ နှင်းဆီပန်းလက်ဆောင်ပေးတဲ့ အလေ့အထဟာ ဟိုးအရင်ကတည်းက ပြုလုပ်လေ့ရှိကြတဲ့၊ အချစ်ရဲ့ ယဉ်ကျေးမှုတခု ဖြစ်ခဲ့ပါတယ်။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ချောကလက် လက်ဆောင်ပေးကြတာကတော့ ချောကလက်က လူတွေရဲ့နှလုံးသားထဲကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ကြောင့်လို့လည်း ဆိုကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ချောကလက်ထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းတမျိုးဖြစ်တဲ့ Phenyl amide  က လူခန္ဓာထဲမှာရှိတဲ့ ဟော်မုန်းကို အပြောင်းအလဲ ဖြစ်စေပြီး လူတွေရဲ့ နှလုံးခုန်နှုန်းကို ပိုမြန်စေတယ်၊ ခံစားချက်ကို ပိုပြင်းပြစေတယ်လို့ ဆိုပါသတဲ့။

နှင်းဆီပန်းတွေကတော့ ချစ်သူများနေ့မှာ ချစ်သူ နှစ်ဦးရဲ့ခံစားချက်ကို ခံစားပုံဖော်ဖို့ရာ  စိတ်ကူးယဉ် စရာ အကောင်းဆုံး  Romantic အဖြစ်ဆုံး ပန်းတမျိုးပါပဲ။ နှင်းဆီပန်းမှာ သူ့အရောင်အလိုက်နဲ့ ပေးတဲ့ အရေ အတွက်ပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုး ကွဲလွဲသွား ပေမယ့်လည်း  အချစ်ကိုပဲ အခြေခံထားပြီး ချစ်မေတ္တာကို ဖော်ပြတဲ့ သင်္ကေတပန်းတမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မိမိတို့ရဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုဖော်ပြနိုင်ဖို့ အတွက် ချောကလက်နဲ့နှင်းဆီပန်းတွေကို ချစ်ခင်သူတွေ အချင်းချင်းကြားမှာ ပေးအပ်ကြတာလို့ ဆိုနိုင်ပါတယ်။

ချစ်သူများနေ့ Valentine’s Day မှာ ကိုယ့်ချစ်သူအတွက် အမှတ်တရဖြစ်စေမယ့် အမှတ်တရ ပန်းစည်း၊ အရုပ်၊ ပို့စကတ်၊ ချောကလက် အစရှိတာ တွေကို ကိုယ်လက်လှမ်းမီသလောက် ဝယ်ယူပြီး လက်ဆောင်ပေးနိုင်ဖို့ ချစ်သူများနေ့အမီ Romantic ဆန်ဆန် ချစ်စဖွယ် လက်ဆောင်ပစ္စည်းတချို့ကို ဧရာဝတီ ပရိသတ်တွေ ကြည့်ရှု လေ့လာနိုင်ဖို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

အမှတ်တရလက်ဆောင်ပစ္စည်းပုံတွေကိုတော့ အမှတ် (၂၉၀-အေ)၊ မြေညီထပ်၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ Juno Floral Service မှာ သွားရောက် ရိုက်ယူထားတာ ဖြစ်ပါတယ်။

 သီဟတိုး



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved