ကွမ်းယာဆိုင် နဲ့ အလှူပေးခြင်း

Tuesday, February 4, 2014

~

 



ဆိုင်တွေမှာရောင်းတဲ့ ကွမ်းယာ ဆိုတာ  အမျိုးအစား အတော်များသတဲ့။

မြန်မာတွေနှစ်သက်တဲ့ လက်ဘက်ရည်မှာ ချိုကျ၊ ပေါ့ကျ၊ ချိုဆိမ့်၊ ပုံမှန်၊ ဖန်ချို၊ ကျောက်ပန်းတောင်း စသဖြင့် အခေါ်အဝေါ် အမျိုးမျိုး ရှိပါတယ်။

လက်ဘက်ခြောက်၊ နို့ဆီ၊ သကြား နဲ့ ရေနွေး ဆိုပြီး ကုန်ကြမ်းလေးမျိုးလောက်သာပါတဲ့ လက်ဘက်ရည်ကို အဲသလို အရသာ လေးမျိုးထက်မနည်း ခေါ်ဝေါ်သတ်မှတ်ထားတာ ကြားဖူး ကြပါလိမ့်မယ်။

ဒါကြောင့် ကုန်ကြမ်းအများအပြားပါတဲ့ ကွမ်းယာမှာလည်း အခေါ်အဝေါ် မျိုးစုံ ရှိနေတာ မဆန်းဘူးလို့ ဆိုရပါမယ်။

ကွမ်းယာဆိုတာ ကွမ်းယာပဲမဟုတ်လားလို့ ထင်ထားသူများ မျက်လုံးကျယ်လာဖွယ်ရှိမှာပါ -
ပုံမှာ တွေ့ရတဲ့အတိုင်း ကွမ်းယာတွေက အခေါ် မျိုးစုံပါပဲ - နှပ်ဆေး၊ ဗမာဆေး မဲ/၀ါ၊ နိုင်တီတူး၊ ဘုရင်မ ဆိုပြီး စာတန်း ထိုးပါတယ်။
ယာပြီးသား ကွမ်းတွေကို ပလပ်စတစ်နဲ့ ထုပ်ထားတာပါ။

 နယ်စပ်ဖြတ်လာတဲ့ ရယ်ဒီမိတ်ကွမ်းယာမှုန့်  အမည်အဖုံဖုံကိုလည်း ဒီဆိုင်မှာ ရကောင်း ရနိုင်ပါလိမ့်မယ်။

ဒီဆိုင်က ရန်ကုန်မြို့ မှန်ရဝေ လို့ ခေါ်တဲ့ လမ်းသွယ်တခုရဲ့ထိပ်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်တဆိုင်ပါ။  ဗဟန်းမြို့နယ်ထဲကလမ်းလို့ ယူဆရပါတယ်။ ဘတ်စ်ကားစီးရင်း အဲဒီဆိုင်ရှေ့အရောက် ရိုက်ထားတဲ့ပုံပါ။

ကားမှတ်တိုင်မှာ ရောင်းတဲ့အတွက် ရပ်လာသမျှသော ဘတ်စ်ကားတွေက မကြာခဏဆိုသလို ၀ယ်စားကြမယ် ထင်ပါတယ်။
ဘတ်စ်ကားမောင်းသူ၊ ဘတ်စ်ကား စပယ်ရာ (ယာဉ်နောက်လိုက်) တွေက ကွမ်းယာကို အဆက်မပြတ်စားတတ်သူတွေမဟုတ်လား။
သူ့ဆိုင်ရှေ့ဖြတ်မိတဲ့ခရီးသည်များလည်း ၀ယ်စားကြမှာပါ။

ကွမ်းယာဆိုင်တဆိုင် အရောင်းသွက်ပြီ ဆိုရင် ဝင်ငွေ အတော်ကောင်းပါလိမ့်မယ်။

အိမ်မှာ ကွမ်းအစ်ထားတဲ့ဓလေ့ နည်းပါးလာ၊ ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးလာတဲ့ ကနေ့ခေတ်မှာ ကွမ်းယာကို ဆိုင်တင်ရောင်းတာတွေ အင်မတန် ခေတ်စားနေလို့ စားသူတွေရော ရောင်းသူတွေပါ အင်မတန် အလုပ်ဖြစ်နေပါပြီ။

ကွမ်းယာရောင်းသူတချို့က တနေရာရာမှာ လှူဒါန်းကြမယ် ထင်ပါတယ်။
ဒီကွမ်းယာသည်ကတော့ သူ့ဆိုင်မှာ အလှူလုပ်ကြောင်း ရပ်သိရွာသိ ကြေညာထားပါပြီ။
သံဃာတွေ၊ အသက်ကြီးသူတွေကို   ကွမ်းယာ  လှူဒါန်းတယ်လို့ ဆိုင်ရှေ့ ကြော်ငြာကပ်ထားပါတယ်။

သူ့အလှူက နေ့စဉ်ရက်ဆက် အချိန်ပြည့်အလှူလို့ ဆိုရပါမယ်။ အလှူခံသူကလည်း တကူးတက စောင့်နေဖို့လိုအပ်မယ် မထင်ပါ။
အသင့်ထုပ်ပြီးသားထဲက နှစ်သက်ရာကို ယူရုံပါပဲဖြစ်ပါလိမ့်မယ်။

ကိုယ်သာ ကွမ်းယာရောင်းဖြစ်ရင် ဒီလို လှူဒါန်းမှုမျိုး လုပ်နိုင်ပါ့မလားလို့လည်း အတွေးပွားနေမိပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved