အုန်းခိုင်ဇင်ရဲ့ စာမျက်နှာများ

Friday, February 14, 2014

~


အနုပညာ သမားတဦးအတွက် သူဖြတ်သန်းရာ ခေတ်ကာလနဲ့ နေရာဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ စေ့ဆော်မှုတွေက သူ့ရဲ့ အနုပညာ ဖန်တီးမှုအတွက် အရေးပါတယ်လို့ ဆိုပါတယ်။

 



  (ဓာတ်ပုံများ - နိုင်စွမ်း / ဧရာဝတီ)

ဘာဖြစ်လို့လဲ ဆိုတော့ လူသား ဖြစ်တည်မှုဟာ Time & Space
လို့ ခေါ်တဲ့ ကာလဒေသမှာ မှီတည်နေတာကြောင့် ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် အနုပညာရှင်များရော၊ လက်ရှိ ခေတ်ပြိုင် အနုပညာနယ်ပယ်မှာ ကျင်လည်နေတဲ့ အနုပညာ သမားများရော အားလုံးဟာ Time & Space ရဲ့ စေ့ဆော်ချက်နဲ့ မကင်းနိုင်ပါဘူး။
အနုပညာ ဆိုတာ စိတ်ခံစားမှုကို ပုံဖော်တင်ပြတာ မဟုတ်လား။

အဲဒီမှာ အနုပညာကို ခံစားသက်ဝင်သူ လူငယ်တွေရဲ့ ဖြတ်သန်းရမှုနဲ့ စိတ်ခံစားမှု ဘယ်လိုရှိနေမယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

မြန်မာ့နိုင်ငံရေး အချိုးအကွေ့ တခုဖြစ်တဲ့ ၈၈ အရေးအခင်းအပြီး နောက်ပိုင်းကာလမှာ မွေးဖွားလာသူ လူငယ် အနုပညာရှင် အုန်းခိုင်ဇင်ရဲ့ စာမျက်နှာများ (OKZ Pages) တကိုယ်တော် ပန်းချီပြပွဲက ယနေ့ခေတ် လူငယ်တွေရဲ့ အတွေးအမြင်နဲ့ အနုပညာ ဖန်တီးတင်ပြပုံ တစိတ်တပိုင်းကို လေ့လာခွင့်ရစေမှာပါ။

 -
သူဟာ ဦးသန်းအုန်း (စာရေးဆရာ မောင်စု) နဲ့ ဒေါ်ဌေးဌေးမြင့် (အမျိုးသားစုပေဆုရှင် စာရေးဆရာမ ခင်မြဇင်) တို့ရဲ့ တဦးတည်းသော သားဖြစ်ပြီး လက်ရှိအချိန်မှာ အသက် ၂၅ နှစ်အရွယ် ဖြစ်ပါတယ်။
သူ့မိခင်ဟာ ပန်းချီလည်း ရေးဆွဲပါတယ်။
အုန်းခိုင်ဇင်ဟာ သူ့မိခင် စာရေးဆရာမ ခင်မြဇင် ၂၀၁၂ အမျိုးသားစာပေဆု ရရှိခဲ့တဲ့ “ကောင်းကင်မိုးတိမ်နှင့် အခြား ဝတ္ထုတိုများ” စာအုပ် မျက်နှာဖုံး ပန်းချီကိုလည်း ရေးဆွဲပေးခဲ့ပါတယ်။

အုန်းခိုင်ဇင်ရဲ့ စာမျက်နှာများ  (OKZ Pages) လို့အမည်ရတဲ့ အနုပညာ ပြပွဲတရပ်ကို ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အမှတ် ၅၆/ ၅၈၊ ဗိုလ်ဆွန်ပက်လမ်း အောက်ဘလောက်က ဗိုလ်ဆွန်ပက် အနုပညာ ပြခန်းမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြပွဲ ဖိတ်စာမှာ အမှတ်တရအဖြစ် ကိုယ်လက်ဆောင် ပေးချင်တဲ့ အင်္ကျီ အ၀တ်အထည်တွေပေါ်မှာ ကိုယ်တိုင် လက်မှတ် ထိုးနိုင်အောင်၊ စာရေးနိုင်အောင် စီစဉ်ပေးမယ့် အကြောင်း ဖော်ပြ ဖိတ်ကြားထားပါတယ်။

“၁၄ ရက်နေ့မှာတော့ အမှတ်တရအဖြစ် ကိုယ်လက်ဆောင် ပေးချင်တဲ့ အဝတ်တွေပေါ်မှာ ကိုယ်တိုင် လက်မှတ်ထိုးနိုင်၊ စာရေးနိုင်အောင် ကူညီပေးမှာ ဖြစ်ပြီး ကျပ် ၅၀ တန်လက်ဆောင် လေးတွေကနေ စပြီး တခြား အမှတ်တရ ပုံလေးတွေ အထိလည်း ဝယ်လို့ရအောင် ဖန်တီးထားပါတယ်” လို့ သူ့ရဲ့ ဖိတ်စာက ဆိုပါတယ်။

 
 
ပြပွဲအပြင် အဲဒီနေ့တွေမှာ သူ့ရဲ့ ဝက်ဘ် စာမျက်နှာ ဖြစ်တဲ့ okztshirts.wordpress.com ကိုလည်း မိတ်ဆက်မယ်လို့ သိရပါတယ်။

ဒီပြပွဲအတွက် ထူးခြားတဲ့စိတ်ကူးကို ဘယ်လိုရခဲ့တာလဲလို့ မေးတော့ “ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ T shirt လေးတွေပေါ်မှာ ပန်းချီရေးဆွဲပေးမယ်၊ အမှတ်တရ ပေးနိုင်ဖို့ပါ။
အမေက ၁ ရက်တည်း မသင့်ပါဘူးလို့ ပြောတာနဲ့ ၂ ရက် ဖြစ်သွားတာ။ အဲဒီမှာ ပန်းချီကားတွေရော၊ Sketch တွေရော ထည့်သွင်း ပြသဖို့ ဖြစ်သွားတာပါ” လို့ ပြောပြပါတယ်။


 
သူဟာ ၂၀၀၆ ခုနှစ်မှာ ပန်းချီပန်းပုကျောင်း တက်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ကျောင်းပြီးခဲ့တယ်လို့ သိရပါတယ်။ စာပေနဲ့ ပန်းချီမွေ့လျော်သူ အမိနဲ့ အဖတို့ရဲ့ ဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့ ပန်းချီ အုန်းခိုင်ဇင်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလနဲ့ သူ့ဝန်းကျင်က သူ့အနုပညာ ဖန်တီးမှုအပေါ် ဘယ်လို ရိုက်ခတ်ပါလိမ့်၊ သူ့ အတွေးအမြင်က ဘယ်လို ရှိပါလိမ့်။

“ကျနော် အင်္ကျီတွေပေါ်မှာ စပြီး ပန်းချီရေး၊ ပုံဆွဲ လုပ်ခဲ့တာက ကျောင်းမတက်ခင် ၂၀၀၄ -၂၀၀၅ လောက်ကတည်းကပါ။
အင်္ကျီက အစွန်းအထင်းတွေကို ပန်းချီဆေးတွေနဲ့ ဖုံးပြီး စိတ်ကူးတည့်ရာတွေ ရေးဖြစ်ခဲ့တာပါ” လို့ ပန်းချီအုန်းခိုင်ဇင်က ပြောပါတယ်။
 
 
သူ့ရဲ့ စာမျက်နှာများ ပြပွဲမှာတော့ တီရှပ်အင်္ကျီတွေ၊ တခြား အဝတ်အထည် ပိတ်စတွေ အပြင်၊ ပန်းချီကားတချို့လည်း ထည့်သွင်း ပြသမယ်လို့ သိရပါတယ်။

အနုပညာ ဖန်တီးမှု ရှင်းလင်းတင်ပြချက်၊ ပြပွဲမှာ ထည့်သွင်းပြသမယ့် ပန်းချီကားတွေအကြောင်း သူ ဆက်လက် ပြောပြတာက
Thirsty Fish (ရေငတ်နေတဲ့ ငါး) အမည်ရှိ ပန်းချီကား တချို့၊ Uncertainty Life (မရေရာဘ၀) အမည်ရှိ ပန်းချီကားတချို့၊ The University (တက္ကသိုလ်) အမည်ရှိ ပန်းချီကားတချို့နဲ့ Sketch တွေလည်း ထည့်သွင်း ပြသမှာ ဖြစ်တယ်လို့ ပန်းချီ ဆရာက ဆိုပါတယ်။

Thirsty Fish ပန်းချီကားတွေ ဘာကြောင့် ရေးဆွဲဖြစ်တာလဲဆိုတဲ့ မေးခွန်းကို သူက “ကျနော် ချောင်းသာ သွားတုန်းက စားပြီးသား ငါးအရိုးတွေရယ်၊ အရက်ပုလင်း ခွံတွေရယ်၊ ပြီးတော့ ပင်လယ်ပြင်ကြီးရယ်ကို တွေ့လိုက်ရတယ်။ ဘာရယ်တော့ မသိဘူး ... ကျနော့်စိတ်မှာ စိတ်မကောင်း ဖြစ်သွားတယ်။
အဲဒီ စိတ်က ကျနော် ပန်းချီရေးဆွဲရာ အထိ မှတ်မိနေတယ်။ ဒါနဲ့ စိတ်ထဲရှိရာကို ချရေးဆွဲလိုက်တာပါ” လို့ ပြန်လည် ရှင်းပြပါတယ်။


 
ဒါဆို မရေရာဘ၀ နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို ဖြစ်တည် ရေးဆွဲပါလိမ့်။

“မရေရာဘ၀ ကို ရေးဆွဲဖြစ်တာက ဒီလိုပါ။ လူတွေကို ငါးလို့ နိမိတ်ပုံပြုပြီး ရေးဆွဲတာပါ။ နေရာထိုင်ခင်းနဲ့ အစားအသောက် အတွက် လူတွေ နေ့စဉ်ဖြတ်သန်း နေရတာတွေက မရေရာဘူး ဆိုတာ တွေးမိ ခံစားမိပြီး ရေးတာပါ” လို့ ပန်းချီအုန်းခိုင်ဇင်က ပြောပါတယ်။

အနေအထိုင် ရိုးသားပြီး စကားနည်းသူ အုန်းခိုင်ဇင်ဟာ သူ့ပတ်ဝန်းကျင်က လူငယ်တွေကို သဘာဝတရားနဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ် ပိုမိုမြတ်နိုးပြီး ကိုယ်ချင်းစာစိတ် ရှိစေချင်တယ်လို့ ဆိုပါတယ်။

“သဘာဝပတ်ဝန်းကျင်ကို ပိုမြတ်နိုးပြီး ကိုယ်ချင်းစာစိတ်တွေ အရင်ထက် ပိုထားစေချင်တယ်။ ကိုယ်နှစ်သက်ရာ ဘာသာတရား ကိုလည်း အရင်ထက် ပိုအချိန်ပေးရင် ကောင်းမယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။

အုန်းခိုင်ဇင်ရဲ့ ခေတ်ပြိုင်ရင်ခုန်သံ၊ အတွေးအခေါ်နဲ့ အနုပညာ ဖန်တီးမှုတွေကို သူပြသမယ့် ပန်းချီကားတွေနဲ့ အင်္ကျီတွေ အပေါ်မှာ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 -
နိုင်စွမ်း -
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved