ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား

Friday, February 14, 2014

~


 
ကြံ့ခိုင်ရေးပါတီက လူကြီးမင်းတယောက် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ပြောရဲဆိုရဲရှိစွာ ပြောဆိုသွားခဲ့ မဲဆွယ်သွားခဲ့တယ်ဆိုတဲ့ အချက်အလက်တချို့ မီဒီယာထဲ ရောက်လာပါပြီ။
သူက သူရဦးအေးမြင့်ပါပဲ။
 

(ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)

လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ အဲသလို မဲဆွယ်သွားတယ် ဆိုတဲ့ ရေးသားချက်တွေ မှန်ကန်တယ် ဆိုရင်တော့  ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်ကိုင်တော့မှာလားလို့ မေးသူက မေးပါလိမ့်မယ်။

သူရဦးအေးမြင့်ပြောသွားတာကတော့ ... လာမယ့်နှစ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်မယ်ဆိုရင် ယှဉ်ရဲပါတယ် တဲ့။
သူက သူရဘွဲ့ ရရှိခဲ့ခြင်းဟာ တိုက်ပွဲအတွင်း ဗိုက်မှာ ဒဏ်ရာရတဲ့အထိ တိုက်ခဲ့လို့ဖြစ်ပါတယ် တဲ့။
သက်သေပြတဲ့အနေနဲ့ သူ့ဗိုက်ကို လှန်ပြခဲ့တယ်လို့ ဆိုပါတယ်။

ကျည်ဆံက ဗိုက်ကို ထိလို့ တော်သေးတာပ။
တင်ပါးတို့ ဘာတို့ သွားထိခဲ့ရင်တော့ .... အင်း.... ။

တင်ပါးတို့ ဘာတို့ သွားထိခဲ့ရင်လည်း သူရဘွဲ့ ရမှာပါပဲ၊ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ နည်းနည်းပါးပါးတော့ ရေးဦးမှ ဆိုပြီး အခုလို ရေးလိုက်ပါပြီ။

ရေးချင်တာကတော့ သူရခဲ့တယ်ဆိုတဲ့ သူရဘွဲ့အကြောင်း မဟုတ်ပါ၊ စစ်တိုက်ဖူးတယ်ဆိုတဲ့အကြောင်းပါ။

စစ်တိုက်ဖူးတယ်၊ အခြေခံဥပဒေထဲကစကားလုံး ငှားသုံးရရင် စစ်ရေးအတွေ့အကြုံ ရှိတယ် ဆိုတော့ တပမ်းသာတာပေါ့လေ။
အနည်းဆုံး ညွှန်ချုပ်၊ ညွှန်မှူး အော်တိုမစ်တစ် ဖြစ်နိုင်တယ်၊ အများဆုံး သမ္မတဖြစ်နိုင်တယ် မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်က စစ်မတိုက်ဖူးဘူး၊  စစ်ရေးအတွေ့အကြုံ ရှိဘူး ဆိုတော့ တပမ်းရှုံးသလို ဖြစ်နေပါတယ်။
အဲဒါကြောင့် ဘေးကနေ တွေးကြည့်မိသူတွေက ... အထက်မှာ ဆိုခဲ့သလိုပဲ ... ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား ဆိုပြီး မေးခွန်းထုတ်နိုင်တယ်မဟုတ်လား။
 (ဓာတ်ပုံ - ထက်နိုင်ဇော် / ဧရာဝတီ) - သူရဦးအေးမြင့်ကြီးက သူ့ဗိုက်ကို လှန်ပြပြီး သို့ကလို ပြောခဲ့ခြင်း ရှိမရှိ ဆိုတာကတော့ ကိုယ်တိုင် တရားဝင် ငြင်းဆိုခြင်း၊ မငြင်းဆိုခြင်း မရှိသေးပါဘူး။
ဗိုက်ကြီးကိုလှန်ပြခြင်းက လက်ဝါးထောင်ပြခြင်းထက်တော့ သိမ်မွေ့မယ်၊ ပိုပြီးလည်း ကြည့်လို့ကောင်းမယ်လို့ ယူဆရပါတယ်။ ကြည့်ပျော်ရှုပျော်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်မတိုက်ဖူးဘူး ဆိုပြီး သူရဦးအေးမြင့် ပြောဆိုကြောင်း   ဖေဖော်ဝါရီ ၁၅ ရက်စွဲတပ် သံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားတာပါ။

 ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ - ၂ သူရဦးအေးမြင့်သို့ အိတ်ဖွင့်ပေးစာ ဆိုတဲ့ ဆောင်းပါးမှာ ဆောင်းပါးရှင် ချင်းတွင်းချစ်ဆန်းက ရေးထားပါတယ်။


  
နိုဝင်ဘာ ၂၈ ရက်နေ့က မင်းကင်းမြို့နယ်မှာ သူရဦးအေးမြင့် အဲသလို မိန့်ခွန်းချွေခဲ့တာလို့ သူက ရေးထားတာပါ။

ဒီလိုသာ ပြောဆိုခဲ့ရိုးမှန်ရင်တော့ မြန်မာပြည်မှာ ဝန်ကြီးတွေက ခေသူမဟုတ်တွေပါလားလို့ ဆိုရမှာဖြစ်ပါတယ်။




.

3 comments :

  1. Anonymous said... :

    ကြံ့ဖွတ်ဒုဥက္ကဌ - ၂ သူရဦးအေးမြင့်သို.
    =============================
    ++++ကျမကိုယ်စားပြောပေးပါ++++++
    -----------------------------------------------------------------
    ကျမ မြက်တစ်ပင်မစိုက်ဖူးဘူး
    ကျမ စစ်မတိုက်ဖူးဘူး။
    ကျမ ကြက်ဆူပင်လဲ မစိုက်ဖူးဘူး။

    ဘယ်သစ်တောတွေမှ လဲရောင်းမစားဖူးဘူး။
    ဘယ်တိုင်းရင်းသားတွေကိုမှ စစ်မခင်းခဲ့ဖူးဘူး။
    ဘယ်ညီအကိုတွေကိုမှ မသတ်ခဲ့ဖူးဘူး။

    ဘယ်လယ်တွေကိုမှ မတရားမသိမ်းခဲ့ဖူးဘူး။
    ဘယ်အိမ်ကိုမှ ဘူဒိုဇာနဲ့ ထိုးမဖျက်ခဲ့ဖူးဘူး။
    ဘယ်တောင်တွေကိုမှလဲ ရောင်းမစားခဲ့ဖူးဘူး။
    ဘယ်မြစ်ကိုမှလဲ ထိုးမအပ်ခဲ့ဖူးဘူး။

    ဘယ်သုံ့ပန်းကိုမှ ခေါင်းသေနတ်နဲ့တေ့မပစ်ဖူးဘူး။
    ဘယ်အကျဉ်းသားကိုမှ မနှိပ်စက်ဖူးဘူး
    သတ်လဲမသတ်ဖူးဘူး။

    ညီအကိုအချင်းချင်းသတ်တဲ့ပွဲမှာ
    ဆုတံဆိပ်တွေ ကျမ မရခဲ့ဖူးဘူး။

    ကျမကိုယ်မှာ ဘာဒါဏ်ရာမှ မရှိခဲ့ဖူးဘူး။
    ကျမရင်ထဲမှာ ဒါဏ်ရာတွေအများကြီးရှိတယ်။

    ကျမအဖေရဲ့ ကိုယ်မှာ
    သေနတ်ဒါဏ်ရာ ၁၃ ချက်ရှိတယ်။
    လွတ်လပ်ရေးအတွက် မှန်ခဲ့တဲ့ ကျည်ဆန်တွေလေ။

    ကျမလို အဖမဲ့ဘ၀ ရှင်နေဖူးလား
    ကျမလို နိုင်ငံနဲ့အဝေးမှာ အနှင်ခံဘ၀နဲ့
    နေခဲ့ဖူးလား
    ကျမလို မိသားစုနဲ့ခွဲပြီး ရှင်နေခဲ့ဖူးလား။

    ကျမလို တစ်ယောက်ထဲ
    ဘာလက်နက်မှ မပါဘဲ ရှင်နေခဲ့ဖူးလား။
    လက်ထဲမှာ သေနတ်ကိုင်လို့ သေနတ်မှန်တာဆန်းသလား။

    ကျမရခဲ့တဲ့ဆုတံဆိပ်တွေက
    ကမ္ဘာကပေးတာ အာဏာရှင်က ပေးတာမဟုတ်ဖူး။
    အမုန်းစစ်ခင်းလို့ ရခဲ့တာမဟုတ်ဖူး
    မေတ္တာတံတားခင်းလို့ ရခဲ့တာပါ
    ကိုယ်ချင်းစာတံတားခင်းလို့ ရခဲ့တာပါ ။

    ကျမရွာကို ကျမချစ်တယ်။
    ကျမနိုင်ငံကို ကျမပိုချစ်တယ်။

    ရေးသားသူ- ကိုဝင်းအောင်(ဇီးကုန်း)
    ၂၊၁၄၊၂၀၁၄

  1. Anonymous said... :

    စစ်သားလုပ်မှတော့စစ်တိုက်ရမှာပေါ့ကွယ်မတော်တဆဗိုက်မှာဒဏ်ရာအစင်းကြောင်းလေးထင်သွားတာကိုဂုဏ်ယူဝင့်ကြွားနေပုံကတိုက်ပွဲကျပြီးဘာဘွဲ့မှမရသွားကြတဲ့တပ်မတော်သားတွေနဲ့ခြေလက်အင်္ဂါစွန့်လွှတ်လိုက်ရပြီးဘဝကိုခက်ခဲပင်ပန်းစွာရပ်တည်နေရတဲ့ရဲဘော်ဟောင်းတွေကြားရင်မပြုံးဘဲဝါးလုံးကွဲရယ်ပြီးဟားတိုက်ကြပါအုံးမယ်ကွယ်သွပ်သွပ်သွပ်

  1. Anonymous said... :

    I like above all comment :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved