ဝိုင်းဖွဲ့လို့ကောင်းတဲ့ ရန်ကင်းက ထိုင်းစားသောက်ဆိုင်

Sunday, February 16, 2014

~


  


 -
စိတ်ဖိစီးမှုတွေ များနေရင်ပဲဖြစ်ဖြစ်၊ ချမ်းအေးတဲ့ရာသီဥတုကို အန်တုချင်လို့ပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့စားသောက်ချင်လို့ပဲဖြစ်ဖြစ် ထိထိမိမိအရသာနဲ့ လျှာရင်းမြက်စေမယ့် အာရှရဲ့ နာမည် ကျော်အစားအစာတမျိုးကို ငွေကြေးအသင့်အတင့်မျှနဲ့ မြည်းစမ်းချင်တယ်ဆိုရင်တော့ “ချမ်းမြေ့အောင်” ထိုင်းစားသောက်ဆိုင်ကို ညွှန်းဆိုချင်ပါတယ်။

  •  ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

ရန်ကင်းစင်တာ အနီးက  လမ်းပေါ်မှာလို့ အလွယ်ညွှန်းနိုင်ပြီး ဆိုင်တည်ရှိရာနေရာက ကားတွေ သွားလာနေတဲ့ လမ်းမကြီး နံဘေးမှာတင်မို့ ဆိုင်ကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ဆိုင်အဝင်ဝမှာ အလှစိုက် အုန်းပင်ပု လေးတွေကို စီတန်းစိုက်ထားပြီး သစ်သားများများ အသုံးပြုဆောက်လုပ် ထားတဲ့ ဆိုင်အပြင်အဆင်က အာရှ ဆန်မှုကို ခံစားရစေပါတယ်။

အပြာရောင် တူညီဝတ်စုံ ဝတ်ဆင်ထားတဲ့ စားပွဲထိုးတယောက်က မီနူးကတ်ပြားကို လာချပေးချိန်မှာ ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာတချို့ကို မေးပြီး မှာယူ လိုက်ပါတယ်။ ထိုင်းအစားသောက်တွေ ကမ္ဘာမှာ နာမည်ကြီး ရခြင်းက ဟင်းလျာကို ချက်ချင်းချက်ပြုတ်၊ ချက်ချင်း ပူပူနွေးနွေးစားရလို့ပဲ ဖြစ်ပါတယ်။

တမျိုးပြီးတမျိုး ခပ်မြန်မြန်ပဲ စားပွဲပေါ်ရောက်လာတဲ့ ထိုင်းရိုးရာ အစားအစာတွေကတော့ တရုတ် နံနံ၊ ပူစီနံရွက်၊ ငရုတ်သီးနဲ့ စပါးလင်နံ့တွေ ရောထွေး သင်းပျံ့ပြီး အငွေ့ထောင်းထောင်း ထနေပါတယ်။ ဒါကိုပဲ ထိုင်းရနံ့လို့ ဆိုရမှာပါ။

ထိုင်းမြောက်ပိုင်း အစားအစာ မျိုးဖြစ်တဲ့ ခေါမူယမ် ခေါ် ဝက်ကုပ်သားကင်သုပ်နဲ့ တွဲဖက်ပြီး ဖတ်ခနာ့ မူကော့လို့ခေါ်တဲ့ ကိုက်လန်ဝက်ခေါက်ကြော်၊ ချမ်းမြေ့အောင်ရဲ့ နာမည်ကျော် အရက်သမားဟင်း (ထိုင်းအခေါ် ခီးမောင်ထလေ) နဲ့ အစပ်အရသာကဲတဲ့ ဟင်းတွေ များနေ ပြီဖြစ်တဲ့အတွက် လိုက်ဖက်မှုရှိအောင် အချိုသက်သက်ဖြစ်တဲ့ အရည်သောက် ဟင်းလျာတမျိုးတို့ ဖြစ်ပါတယ်။

ထိုင်းစာလို့ဆိုလိုက်ရင် တုံ့ယမ်းဟင်းရည်ကိုပဲ ပြေးမြင်နေကျမို့ ဒီတခါတော့ အစပ်အချဉ်မပါတဲ့ အရည် သောက်ဟင်းအဖြစ် တုံ့ကျဲ့လို့ခေါ်တဲ့ တို့ဟူး ရေညှိစွပ်ပြုတ်ကိုပဲ မှာယူလိုက်ပါတယ်။

ဝက်ကုပ်သားကင်ကို ပူစီနံ၊ စမုန်စပါး တို့လို အမွှေးအကြိုင်တွေတွဲဖက်ပြီး အစပ်ကဲကဲအရသာနဲ့ သုပ်ထားတဲ့ ဟင်းပါပဲ။ ဒါပေမယ့် အစပ်ပြေ ကိုက် ဝါးနိုင်ဖို့ ပဲတောင့်ရှည်၊ ကန်စွန်းညွန့်နဲ့ ဂေါ်ဖီရွက်တို့ကို တွဲဖက်ပေးထား တာတော့ ရှိပါတယ်။

ကိုက်လန် ဝက်ခေါက်ကြော်ကလည်း ဝက် ခေါက်ရဲ့ မွှေးကြိုင်တဲ့အနံ့နဲ့ ကိုက်လန်ရဲ့ နူးညံ့တဲ့ အရသာပေါ် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ နှစ်ခြမ်းခွဲထားတဲ့  ငရုတ်သီးစိမ်းကို  အနံ့သင်းရုံ ထည့်ထားတဲ့အတွက် အနံ့အရသာနဲ့ ပြည့်စုံပါတယ်။

နာမည်ဆန်းတဲ့ အရက်သမားဟင်းကတော့ အနံ့မွှေးလှသလို အရသာကလည်း လျှာပေါ်တင်လိုက်တာနဲ့ မြိုးမြိုးမြက်မြက် ရှိနေပါတယ်။ ကဏန်း၊ ပုစွန်၊ ပြည်ကြီးငါး စတဲ့ ပင်လယ်စာတွေနဲ့ ကောက်ရိုးမှို၊ ထိုင်းဟင်းခတ် အမွှေးအကြိုင်တွေနဲ့ အစပ်အရသာ ပေါင်းစပ်ပြီး ယမကာသမားများ အကြိုက် အရသာဖြစ်အောင် စီမံ ထားတာပါ။
 -


 -
ဆိုင်မှာ နာမည်ကြီးပြီး နာမည်ဆန်းဆန်းတွေ မှည့်ခေါ်ထားတဲ့ လယ်သမားဟင်းလို၊ အရက်သမားဟင်းလို ဟင်းလျာတွေအတွက် နာမည်တွေကို သူကိုယ်တိုင် စဉ်းစားမှည့်ခေါ်ထားတာပါလို့ ဆိုင်ရှင် ဖြစ်သူ ဒေါ်အေး အေးစိုးက ဆိုပါတယ်။
အရက် သမားဟင်းဟာ အရက်နဲ့ တွဲဖက်မြည်းစမ်း စားသောက်ဖို့ လိုက်ဖက်တဲ့ အနံ့ အရသာ ပြင်းပြင်းရှိပြီး လယ်သမားဟင်းကလည်း လယ်သမားတွေ ချက် ပြုတ် စားသောက်တဲ့  ပုံစံအတိုင်း  အသီးအရွက်တွေ အသားငါးတွေကို ပစ်ထည့် ချက်ပြုတ်တတ်တဲ့ပုံစံလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် နာမည် ကြားရုံနဲ့တင် အရသာကို မြည်းစမ်းကြည့်ချင်စရာကောင်းနေတာတော့ အမှန်ပါပဲ။ တို့ဟူး ရေညှိစွပ်ပြုတ် ကတော့ ဝက်သား သို့မဟုတ် ကြက်သားလို အသားစဉ်းကော တမျိုးမျိုးကို ဂျပန်တို့ဟူး၊ ရေညှိ၊ ပဲကြာဆံ၊ မှိုတို့နဲ့ အချိုအရသာသက်သက် ဖြစ် အောင် စီမံထားတဲ့ ဟင်းလျာပါ။

ရေညှိရဲ့  သင်းပျံ့တဲ့  အနံ့နဲ့ အသားစဉ်း ကောရဲ့ ရနံ့ကို ဂျပန်   တို့ဟူးရဲ့   အဆိမ့် အရသာနဲ့ မှိုရဲ့ အချိုအရသာ တို့ ပေါင်းစပ်ထားတဲ့အတွက် ချိုမြိန်မွှေးပျံ့တဲ့ ရသနဲ့ ပြည့်စုံပါတယ်။ စွပ်ပြုတ်ပူပူကို ပန်းကန်လုံးထဲ ထည့်ပြီးမှ အပေါ်က တရုတ်နံနံကို အစိမ်းလိုက် အုပ်ထားတာပါ။

ချမ်းမြေ့အောင် ထိုင်းစားသောက်ဆိုင်ရဲ့ စားဖို မှူးဖြစ်သူကတော့ ထိုင်းအမျိုးသား Mr.Pratin ဖြစ်ပြီး ထိုင်းနိုင်ငံမှာကတည်းက စားဖိုမှူး အတွေ့အကြုံရှိခဲ့ကာ အရင် နဝရတ် ဟိုတယ်မှာလည်း စားဖိုမှူးအဖြစ် တာဝန်ယူဖူးသူလို့ သိရပါတယ်။

အဲဒီကနေ အနားယူပြီး နောက်ပိုင်း ၂၀ဝ၀ ပြည့်နှစ်မှာ ရန်ကင်းမှာရှိတဲ့ ချမ်းမြေ့အောင် ပင်မဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် ရန်ကုန်မြို့မှာ ချမ်းမြေ့အောင် ထိုင်းစားသောက်ဆိုင်ခွဲ ၃ ခုကို ပြည်လမ်း စိန်ဂေဟာ၊ တောင်ဥက္ကလာနဲ့ ကန်တော်ကြီး ဝင်းထဲမှာ ဖွင့်လှစ်ထားတယ်လို့ Mr.Pratin ရဲ့ ဇနီးဖြစ်သူ၊ ဆိုင်ပိုင်ရှင်လည်းဖြစ်တဲ့ ဒေါ်အေးအေးစိုးက ဆိုပါတယ်။

ရန်ကင်းဆိုင်မှာတော့ နေ့ခင်းပိုင်းမှာ ဧည့်သည် ပါးတတ်ပြီး ညနေပိုင်းကနေ ညအထိ ပုံမှန် စားသောက်သူတွေ စည်ကားတတ်ပါတယ်။

အရသာပြင်းပြင်း ဟင်းလျာတွေနဲ့ တွဲဖက်မိဖို့ သောက်စရာ ယမကာတွေလည်း ရနိုင်တာမို့ ညပိုင်း တွေမှာ မိတ်ဆွေအပေါင်းအသင်းတွေ ဆုံလို့ကောင်းတဲ့ နေရာတခုပါပဲ။ ဆိုင်ရဲ့ ဝန်ဆောင်မှုအနေနဲ့ အစပ်အရသာ ကဲတဲ့ ဟင်းလျာတွေစားအပြီး အစပ် ပြေ အချိုတည်းနိုင်ဖို့ အချိုပွဲတွေကိုလည်း နေ့စဉ်မရိုးအောင် စီစဉ် တည်ခင်းပေးတယ်လို့ သိရပါတယ်။

အုန်းနို့ပါတဲ့ မုန့်ကြာစေ့လို၊ ကန်စွန်းဥပေါင်း လို၊ ပြောင်းဖူး သာကူလို၊ ကြက်ဥကျောက်ကျောလို ချိုအီတဲ့ ထိုင်းရိုးရာ အချိုမုန့်တွေက အပူအစပ် အစာတွေအတွက် အစာပိတ်အဖြစ် အတွဲအစပ်မိလှ ပါတယ်။

မှာထားတဲ့ လေးယောက်စာ ဟင်းပွဲ လေးပွဲနဲ့ ထမင်းအတွက် ကျပ် ၁၇၅၀ဝ သာ ကျသင့်တာမို့ ဈေးနှုန်းလည်း မကြီးလှဘူးလို့ ဆိုရမှာပါ။

အစပ်အရသာဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့ စေတယ်လို့ ဓာတ်စာ ကျွမ်းကျင်သူတွေက ဆိုကြပါ တယ်။ စပ်လည်း စပ်ပြီးအနံ့ရတာနဲ့ မစားဘဲမနေနိုင်အောင် ဆွဲဆောင်မှုပြင်းတဲ့ ထိုင်းအစားအစာတွေကို စားအပြီး ချွေးလေးစို့စို့မှာ စိတ်ကို ကျေနပ်နွေးထွေးစေမယ့်  အချိုပွဲလေးတွေနဲ့  အချိုတည်းကာ ဝမ်းမီးကို  ငြိမ်းချင် တယ်ဆိုရင်တော့  ချမ်းမြေ့အောင်  ထိုင်းစားသောက်ဆိုင်က အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

လင်းမြရီ



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved