အခြေခံဥပဒေပြင်ဖို့ ပြည်မြို့မှာ ဆန္ဒပြပြီ

Tuesday, February 18, 2014

~



အခြေခံဥပဒေပြင်ဆင်ပေးရန်   NLD က  ဦးဆောင်ပြီး တနင်္လာနေ့မနက်က ပြည်မြို့တွင် ဒေသခံ ၅၀၀ ဝန်းကျင်က တောင်းဆိုဆန္ဒပြကြသည်။


(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
 -  

ပြင်ဆင်သင့်သည်များထဲမှ အဓိကကျသည့် အချက်များအကြောင်းကို  ပြည်မြို့နယ် NLD  ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ဧရာဝတီကို ပြောသည်။

“NLD ရဲ့ အလိုလားဆုံးက ၄၃၆ ကိုပြင်ဖို့၊ NLD ကတင်ထားတာ ၁၆၈ ချက်ရှိတယ်။
အဲဒိအထဲကမှ ၄၃၆ ကိုပြင်မှ အခြေခံဥပဒေတခုလုံးကို ပြင်လို့ရမယ်။ 
ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ဖို့ ဟန့်တားထားတဲ့ ၅၉ (ဃ)နဲ့ (စ)ကို ပယ်ဖျက်ပေးဖို့။ အဓိက အဲဒီ သုံးချက်ပါ”

 စီတန်းလှည့်လည်ခွင့်အတွက် အာဏာပိုင်တို့ကိုသာမက  NLD ဗဟို အလုပ်မှုဆောင်အဖွဲ့ကိုလည်း အကြောင်းကြားခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“ပထမတခါ ရဲစခန်းကို ခွင့်ပြုမိန့်တောင်းတော့ ပယ်ချတယ်။ အယူခံထပ်ဝင်ပြီး ထပ်တင်လို့ ခွင့်ပြုပေးတယ်။ (NLD) ဗဟိုကိုတော့ စာတင်အကြောင်းကြားတယ်။
မလုပ်နဲ့လည်းမပြောဘူး။ လုပ်ပါလို့လည်းမပြော ဘူး။ အဲဒါကြောင့်ကျနော်တို့လုပ်တာ။ ကိုယ့်အတွေးနဲ့ကိုလုပ်တာပါ။ အပေါ်ကညွန်ကြားတာ မရှိပါဘူး” 

 စီတန်းလှည့်လည်ရာတွင် မူယာပင်ရပ် NLD မြို့နယ်ရုံးရှေ့မှ စတင်ချီတက်ပြီး၊ ဗိုလ်ချုပ်လမ်း၊ ရွှေတချောင်းလမ်း၊ လမ်းမတော်စသည့် လူစည်ကားရာနေရာများသို့ ရောက်ရှိခဲ့သည်။

 NLD ပါတီဝင်များအပြင် ပြည်မြို့နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အရပ်သူအရပ်သားများလည်း ပါဝင် လှည့်လည် ဆန္ဒပြခဲ့သည်ကို တွေ့ရသည်။

ကောင်းမြတ်မင်း    













.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved