ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၈ နှစ်မြောက် မွေးနေ့

Saturday, March 22, 2014

~




မြန်မာနိုင်ငံရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အမျိုးသားရေး၊ လွပ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးတွေကို ဘ၀တလျှောက်လုံး စွမ်းစွမ်းတမံကြိုးပမ်းထမ်းဆောင်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၈ နှစ်မြောက် မွေးနေ့ အခမ်းအနားကို  ရန်ကုန်မြို့မှာ ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။

 


အခမ်းအနားကျင်းပမယ့်နေရာကတော့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရပ်၊ တော်ဝင်နှင်းဆီ သီရိခန်းမမှာဖြစ်ပြီး တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီကနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီမွေးနေ့ အခမ်းအနားကို မည်သူမဆို တက်ရောက်ပြီး ပါဝင်ဆင်နွှဲနိုင်ကြောင်း အခမ်းအနားတာဝန်ယူ ပြုလုပ်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း  ဂူဗိမ္ဗာန်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။

“အခမ်းအနားမှာ ဆရာကြီးကို သိမှီခဲ့တဲ့ ရှေးမျိုးဆက်တွေကိုဖိတ်ပြီး အမှာစကားပြောဖို့ စီစဉ်ထားပါတယ်။ အဖွဲ့အစည်း အသီးသီးက ပေးပို့တဲ့သ၀ဏ်လွှာတွေဖတ်ကြားဖို့ရှိလည်း ရှိပါတယ်။
 ထူးထူးခြားခြားကတော့ ဆရာကြီးရဲ့ မဟာလေးချိုးကြီးကို ဂီတပညာရှင်တွေဖြစ်တဲ့ တယောဦးတင်ရီတို့ ကိုမောင်မောင်လတ်တို့နဲ့ အသံသွင်းပြီးတော့ သံစုံတီးဝိုင်းကြီးနဲ့ တင်ဆက်သွားဖို့ ရှိပါတယ်” လို့ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့ဝင်ဦးမြင့်စန်းက ဧရာဝတီကို ပြောပါတယ်။

 ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ ပန်းတိုင်းပွင့်ပါစေ စတဲ့ ငြိမ်းချမ်းရေးသီချင်းတွေလည်း သီဆိုသွားဖို့ရှိပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရှားပါးပန်းချီကားတွေနဲ့အတူ မြန်မာပြည်ရဲ့ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဆရာ ဒဂုန်တာရာ၊ တော်ဘုရားကလေး၊ သခင်သိန်းမောင်စသူတွေရဲ့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေလည်း ပြသသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

စာပေတိုက်တချို့ကလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေလက်ရာ စာအုပ်တွေ ခင်းကျင်းပြသရောင်းချမှာပါ။

ဆရာကြီးရဲ့မွေးနေ့ကို အခုလို ခမ်းးနားစွာကျင်းပတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။  ယခင် စစ်အစိုးရလက်ထက်ကဆိုရင် ဆရာကြီးမွေးနေ့တွေကို လူမသိ သူမသိနဲ့ ပုန်းလျှိုးကွယ်လျှိုး လုပ်ခဲ့ကြရတာဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွပ်လပ်ရေးကြိုးပမ်းမှုခေတ်၊ ပဆပလအစိုးရခေတ်နဲ့ ဗိုလ်နေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်စတဲ့ ခေတ်ပေါင်းများစွာကို သိမှီဖြတ်သန်းခဲ့သူဖြစ်ပြီး လွပ်လပ်ရေးကြိုးပမ်းမှု တလျှောက်လုံးမှာ ကလောင်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ မျိုးချစ်စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာကြီးတဦးလည်း ဖြစ်ပါတယ်။

လွပ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်မှာ ပြည်တွင်းစစ်မီးတောက်လောင်ချိန်မှာလည်း ဆရာကြီးဟာ အသက်အရွယ်ဇရာကိုမထောက်ဘဲ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းထမ်းဆောင်ခဲ့ရင်း ကွယ်လွန်ခဲ့သူလည်း ဖြစ်ပါတယ်။

“ဆရာ မသေခင် တိုင်းပြည်မှာ တကဲ့ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်” လို့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တမ်းတမြည်တမ်းခဲ့သူ ဖြစ်ပါတယ်။

၁၈၇၅ ခုနှစ်က မွေးဖွားခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ  ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့အနီးက ၀ါးလယ်ရွာဇာတိ ဖြစ်ပါတယ်။

၁၉၆၄ ခုနှစ် ဇူလိုင်လ ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဆလိုင်းသန့်စင်


  • ဆက်စပ်
ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်ပြည့်  http://blog.irrawaddy.org/2012/07/blog-post_8117.html

  





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved