ပြည်မြို့မှာ စက်ရုံသစ် နဲ့ သပိတ်စခန်း တပြိုင်နက်ဖွင့်

Wednesday, March 19, 2014

~



ပြည်မြို့မှာ စက်ရုံသစ်တရုံ တနင်္လာနေ့က စတင်ဖွင့်လှစ်ရာမှာ အလုပ်သမားတွေက အဲဒီနေ့မှာပဲ စက်ရုံရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြလိုက်ကြပါတယ်။

 - 

 -  အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူညီချက်၊  လုပ်ငန်းခွင်အတွင်းလိုက်နာရမယ့် စည်းကမ်းချက်တွေကို လက်မှတ်ထိုးရေး မထိုးရေး သဘောတူညီချက် မရတာကြောင့် အခုလို သပိတ်စခန်း ဖွင့်ရတာလို့ အလုပ်သမားတဦးဖြစ်တဲ့ မဆွေရည်မွန်က ဧရာဝတီကိုပြောပါတယ်။

“စည်းကမ်းချက်တွေကိုလက်မှတ် ထိုးခိုင်းတဲ့နေရာမှာ မလိုက်နာနိုင်တာက သိပ်မရှိပါဘူး။
ကျမတို့က လက်မှတ်ကို အလုပ်သမားရုံးကလူကြီးဖြစ်ဖြစ် ရှေ့နေတယောက်ယောက်ဖြစ်ဖြစ် သူတို့ရှေ့မှာ ထိုးချင်တာပေါ့။
စည်းကမ်းချက်စာအုပ်က စာမျက်နှာ သုံးဆယ်လောက်ရှိတယ်။ တချို့နေရာတွေမှာ ကွက်လပ်အတိုင်း ချန်ထားတာတွေလည်း ရှိတယ်။
အဲဒါကြောင့် သံသယရှိလို့ မထိုးတာ။ ၁၂ နာရီမှ လက်မှတ်မထိုးရင် အလုပ်ထုတ်မယ်ဆိုလို့ ကျမတို့ ဆန္ဒပြကြတာပါ”

စက်ရုံမဖွင့်လှစ်ခင် (၆)လကို သင်တန်းကာလအဖြစ်သတ်မှတ်ခဲ့တယ်၊ သင်တန်းကာလအတွင်း  လုပ်အားခ အပြည့် မရဘူး၊  လုပ်ငန်းနဲ့မသက်ဆိုင်တဲ့  အောက်ခြေသိမ်းအလုပ်များကို ခိုင်းစေခဲ့တယ်လို့ မဆွေရည်မွန်က ဆက်ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကရော ဘာများ ပြောလိုပါသလဲ?

စက်ရုံက ထုတ်လုပ်ရေးမန်နေဂျာ ဒေါ်ဖြူဖြူပိုင်က (၆)လတာသင်တန်းမှာ  စာချုပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားပြီးဖြစ်တယ်၊  အလုပ်သမားတွေရဲ့တောင်းဆိုမှု တချို့ကိုလည်း လိုက်လျောပေးဖို့ စီစဉ်ထားတယ် လို့   ဧရာဝတီကို ပြောပြပါတယ်။

 “စက်ရုံရဲ့ စည်းကမ်းချက်တွေကို ဒီဘက်စက်ရုံကိုမပြောင်းခင် အချိန်ကတည်းက ၄ နာရီလောက် ရှင်းပြထားပြီးသားပါ။
သူတို့က ဒီစည်းကမ်းချက်တွေထဲက မလိုက်နာနိုင်တာ ဘာရှိသလဲ ရှိရင်ပြင်ပေးမယ်ပြောထားတယ်။
စက်ရုံတွင်းက စည်းကမ်းချက်ကို အလုပ်သမားရုံးမှာ လက်မှတ်ထိုးမယ်ဆိုတာတော့ လိုက်လျောပေးလို့ မဖြစ်နိုင်ပါဘူး။
စည်းကမ်းက ဂျပန်တွေချမှတ်ထားတဲ့စည်းကမ်းချက်ပါ။ မိန်းခလေးဆို လက်ထပ်ခွင့်ကို ၁၀ ရက်တောင် ပေးထားတာပါ။ တခြား သာရေးနာရေးကိုလည်း ထပ်တိုးပေးဖို့ စီစဉ်ထားပါတယ်”

အထည်ချုပ်နည်းပညာတွေကို ဂျပန်လူမျိုး (၄) ဦးက ဦးဆောင်လုပ်ကိုင်နေတယ်၊  စည်းကမ်းချက်တွေကို ဂျပန်တွေကပဲ ရေးဆွဲထားတာဖြစ်တယ်၊  မြန်မာထုံးတမ်းအစဉ်အလာတွေနဲ့  မကိုက်ညီတဲ့ စည်းကမ်းချက်များကို ပြင်ဆင်ပေးမှာဖြစ်တယ်လို့ ဒေါ်ဖြူဖြူပိုင်က ဆက်ပြောပါတယ်။

အထည့်ချုပ်လုပ်သား (၈၀) ကျော်ရှိပြီး အဲဒီအထဲက (၆၀)ကျော်ဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသူများဖြစ်ပါတယ်။
ဆန္ဒပြ (၂) ရက်မြောက်သည့်နေအထိ စက်ရုံမှတာဝန်ရှိသူများက   ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း အလုပ်သမားခေါင်းဆောင်တဦးက ဧရာဝတီကို ပြောပါတယ်။

သူတို့ရဲ့ သပိတ်စခန်းမှာတော့ ....
အလုပ်ချိန်(၈)နာရီသတ်မှတ်ပေးရန်၊
သက်ဆိုင်သည့် အလုပ်မှလွဲ၍ အခြားသော အောက်ခြေသိမ်းအလုပ်များ မခိုင်းစေရန်၊
ပြည်တွင်း အလုပ်သမားဥပဒနှင့် အညီ ဆောင်ရွက်ပေးရန်၊
၎င်းတို့အား အလုပ်ထုတ်မည်ဆိုပါက လခ(၃)လစာပေးရန်
စသဖြင့် ရေးသားထားတဲ့  ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားပါတယ်။

 

ကောင်းမြတ်မင်း


 





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved