နွေပူပူမှာ ဘယ်လိုဖက်ရှင်နဲ့ အေးကြမလဲ

Tuesday, March 25, 2014

~


    

 -
ရာသီဥတုက နေ့လယ်ခင်းတွေဟာ သိသိသာသာ ပိုပူလာပြီး နေ့တာကလည်း ပိုရှည်လာပါပြီ။ မကြာခင်ပဲ ပူပြင်း ခြောက်သွေ့တဲ့ နွေနေ့ရက်ရှည်တွေကို ရောက်လာတော့မှာဖြစ်ပါတယ်။

ဒီအချိန်မှာ ခေတ်ရေစီးထဲက လူငယ်ယောကျာ်းလေးတွေအတွက် အရောင်လွင်လွင် ချည်သားအင်္ကျီ၊ ရှော့ပန် ဘောင်းဘီအတိုတွေ ဝတ်ဆင်ကြရတဲ့အချိန်ဖြစ်သလို  မိန်းကလေးတွေအတွက်လည်း ဂါဝန်စကတ် ကားကားလေးတွေ တပတ်ပြန်လည်ခေတ်စားလာပြန်ပါပြီ။

လူငယ်တွေအနေနဲ့ ဒီနေ့ခေတ် ရေစီးကြောင်းထဲကို အထာ ကျကျ မျောပါရင်း နွေဖက်ရှင် ဒီဇိုင်းမိုက်မိုက် ခပ်လန်းလန်းပုံစံတွေနဲ့ နွေရဲ့ နေရှိန်ပြင်းပြင်းအပူဒဏ်ကို အန်တုပြီး အပြိုင်အဆိုင် ရှိုးထုတ်နေကြတဲ့အချိန်ပါ။

လူငယ်တွေကြားမှာ နွေဖက်ရှင်လို့ ပြောလိုက်တာနဲ့ အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ လိမ္မော်၊ ပန်းရောင် အစရှိတဲ့ အရောင်လွင်လွင် တောက်တောက်လေးတွေကိုရွေးချယ်ပြီး ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒီရာသီမှာ အရောင်မှိုင်း မှိုင်းတွေ မရွေးချယ်မိဖို့ လိုအပ်သလို အနက်ရောင်ကလည်း အပူကိုစုပ်ယူတဲ့အတွက် အရမ်းပူတဲ့ နွေရာသီ နေ့လယ်ခင်းတွေမှာ အပြင်ထွက်မယ်ဆိုရင် All Black Fashion လုံးဝ မဝတ်မိဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် အရောင်နု အင်္ကျီတချို့ကိုတော့ လိုအပ်ရင် လိုအပ်သလို အနက်နဲ့တွဲပြီး ဝတ်ဆင်မယ် ဆိုရင်တော့ အထာကျနိုင်ပါတယ်။

နွေဖက်ရှင်ကို ရွေးချယ်မယ်ဆိုရင် လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ပုံစံလေးတွေနဲ့ ဖန်စီကာလာ အရောင်လွင်လွင် တောက်တောက်တွေကို အဖြူရောင်နဲ့ တွဲပြီး ဝတ်ဆင်တာက ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အရှိန်ပြင်းတဲ့ နေပူဒဏ်ကို အန်တုနိုင်သလို နေပူပူထဲမှာလည်း ဖက်ရှင်ကျပြီး ကိုယ်ဝတ်ထားတဲ့ ဒီဇိုင်းကိုလည်း ပေါ်လွင်နေစေမှာ အမှန်ပါပဲ။

ဒီခေတ် ယောကျာ်းလေးတွေကတော့ နွေဖက်ရှင်ဆိုရင် ချည်သားဘောင်းဘီ ကာလာစုံ ရှော့ပန် အတိုလေးတွေကို တီရှပ်၊ ရှပ်အင်္ကျီ အရောင်လွင်လွင်လေးတွေနဲ့ နှစ်သက်သလို တွဲစပ်ပြီး ဝတ်ဆင်လာတာကို တွေ့ရပါတယ်။ ရာသီဥတုက အရမ်းပူတာကြောင့် ကိုယ့်ဖက်ရှင်ကို ဟဲဗီး အမိုက်စားဖြစ်တာကို ရွေးဝတ်ဖို့ မလိုပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ပြီးလုံးဝ Free Style ဖြစ်ဖို့၊ အလန်းစား ဖြစ်ဖို့ကသာ အရေးကြီးဆုံး မဟုတ်ပါလား။ အဓိကကတော့ အရောင်တွေက အစပ်အဟပ်ညီအောင် တွဲဖက်ဝတ်ဆင်ဖို့လည်း လိုအပ်တယ်လေ။

မိန်းကလေးတွေဆိုရင်လည်း နွေရာသီ ပူပူအိုက်အိုက်မှာ ချစ်စရာကောင်းတဲ့ စကတ်ကားကားလေးတွေကို အရောင်လွင်လွင် အင်္ကျီအပါးထည်လေးတွေနဲ့ တွဲဝတ်လေ့ရှိကြသလို အရောင်ဖျော့ဖျော့ အထက်အောက် တဆက်တည်း ဂါဝန်ကားကား ပါးပါးလေးတွေကိုလည်း ဝတ်ဆင်လေ့ ရှိပါတယ်။ နောက်ပြီး ကားကားပွပွ အင်္ကျီဒီဇိုင်းလေးတွေကိုလည်း အောက်ကနေ ဂျင်းဘောင်းဘီ ဝမ်းကွာတား အတိုခပ်လန်းလန်း ဒီဇိုင်းတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ ဝတ်လေ့ရှိကြပါတယ်။

ဒီလို အတိုဒီဇိုင်းလေးတွေက ရာသီဥတုအပူဒဏ်ကို အန်တုနိုင်ပေမယ့် နေပူဒဏ်ကို ကာကွယ်ဖို့ကတော့ ထီး၊ ဦးထုပ်စတဲ့ နေလောင်ဒဏ်ခံ အကာအကွယ် ပစ္စည်းတမျိုးမျိုး ဝတ်ဆင်သွားဖို့ လိုအပ်ပါတယ်။ အခုနွေရာသီရဲ့ နေအပူရှိန်ကပြင်းထန်ပြီး နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုကလည်း အပြင်းထန်ဆုံးပါပဲ။

  နေရောင်ဒဏ်ကို တိုက်ရိုက်ထိတွေ့ နေရမယ်ဆိုရင် ခရမ်းလွန် ရောင်ခြည် ဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲ အစရှိတဲ့ ရောဂါတွေရဲ့ အန္တရာယ်ရှိနေပါပြီ။

ဒါကြောင့်မို့လို့ နေရောင်အောက်ကို မဖြစ်မနေ သွားမယ်ဆိုရင် အရောင်လွင်လွင် တောက်တောက် နွေဖက်ရှင် ဒီဇိုင်းလန်းလန်းတွေကို သာမကဘဲ အထာလည်းကျ နေရောင်လည်း ကာကွယ်ဖို့ နေလောင်ခံ ခရင်မ်ကိုလည်း လိမ်းသွားဖို့ လုံးဝ မမေ့သင့်ပါဘူး။ ကိုယ့်ဒီဇိုင်းကို ပေါ်လွင်သွားစေမယ့် ခပ်မိုက်မိုက် နေကာမျက်မှန်တလက်ကိုလည်း မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။

“ရေဘူးနဲ့ ဖိနပ်မပါရင် နွေအခါမှသိ” ဆိုသလိုပဲ ဒီရာသီမှာ ဝတ်မယ်ဆိုရင် Boots တွေ၊ Shoes တွေ ထက် စာရင် ဖိနပ်အပါးလေးတွေကို ရွေးချယ်ဝတ် ဆင်သင့်ပါတယ်။ ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားရဲ့ ဒီဇိုင်းနဲ့ ကာလာအပေါ် မူတည်ပြီး ဖိနပ်အရောင်နဲ့ ဒီဇိုင်းကိုပါ အဟပ်အစပ်တည့်အောင် ရွေးချယ်ဝတ်ဆင်မယ်ဆိုရင် ဒီနှစ်နွေရာသီမှာ နေပူပြီး ချွေးစို့နေပေမယ့် ကိုယ့်ဖက်ရှင်ကတော့ လွတ်လပ်ပေါ့ပါးပြီး အမိုက်စားဖြစ်နေမှာ အမှန်ပါပဲ။

ဒီတပတ်မှာတော့ လူငယ်တွေအတွက် ဒီနှစ် နွေရာသီမှာ နွေဖက်ရှင်နဲ့ အပီလန်းနိုင်ဖို့ လတ်တလော ခေတ်စားနေတဲ့ ခေတ်ရေစီးကြောင်းပေါ်က  လူငယ်ဆန်ဆန် ယောကျာ်းလေးဝတ် ချည်သား ဘောင်းဘီ တချို့နဲ့ မိန်းကလေးဝတ် ဂါဝန်အကားလေးတချို့ကို ဧရာဝတီခေတ်ရေစီး စာဖတ်ပရိသတ်ကြီးအတွက် ဈေးနှုန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

 ယောကျာ်းလေးဝတ် ဖက်ရှင်တွေကို တော်ဝင်စင်တာ ဒုတိယထပ်က BALNCO Fashion မှာ၊ မိန်းကလေးဝတ် ဖက်ရှင်တွေကိုတော့ တော်ဝင်စင်တာ ဒုတိယထပ်က Bangkok Fashion ဆိုင်မှာ သွားရောက်ရိုက်ကူးပါတယ်။

 သီဟတိုး

 


အင်္ကျီ - ၁၁,၈ဝဝ
ဘောင်းဘီ - ၁၄,၈ဝဝ


 

 အင်္ကျီ - ၇,၈ဝဝ
ဘောင်းဘီ - ၅,ဝဝဝ



အင်္ကျီ - ၆,၈ဝဝ
ဘောင်းဘီ - ၁၆,၈ဝဝ

 





 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved