မလေးရှားလေယာဉ်ပျောက်ဆုံးမှု အကြမ်းဖက်မှုဖြစ်နိုင်ဟု ပြောကုန်ပြီ

Tuesday, March 11, 2014


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး အမေရိကန်၊ ဥရောပနိုင်ငံတွေအပါအဝင် ကမ္ဘာကျော် ထိပ်တန်း ထောက်လှမ်းရေးအဖွဲ့တွေကတော့ အကြမ်းဖက်အဖွဲ့တခုခုရဲ့ ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ တမင် ဖျက်ချလိုက်လိုက်တာဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက်တွေ ပေးနေပါပြီ။ 

 

၃ ရက်ကျော်လာတာနဲ့အမျှ နိုင်ငံပေါင်းစုံ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ပျောက်ဆုံး မလေးရှား
လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စလည်း တစုံတရာမှ အတည်ပြုလို့မရသေးချိန်မှာ အကြမ်းဖက်မှုရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုတဲ့ အခုလို မှတ်ချက် ပေါ်ထွက်လာတာဖြစ်တဲ့ အကြောင်း ဒီကနေ့ ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။ 

အခုလေယာဉ်ပျောက်ဆုံးမှု ဖြစ်စဉ်ဟာ ပိုင်းလော့ အားနည်းချက်၊ အင်ဂျင်ချွတ်ယွင်းချက်၊ ရာသီဥတု ဆိုးရွားမှု စတာတွေအပေါ် အခြေခံ စဉ်းစားပြီး လေယာဉ်ဟာနောက်ကြောင်းပြန်လှည့်ခဲ့တယ်ဆိုတဲ့ အထောက်အထား တခုအပေါ် အခြေခံချက်နဲ့ မမှန်မကန် နိုင်ငံကူးလက်မှတ်သုံး ခရီးသည် ၂ ဦးထက် မနည်း လေယာဉ်ခရီးစဉ်မှာ ပါနေတာတွေအပေါ် ထောက်ရှုပြီး လေယာဉ်ဟာ ဖောက်ခွဲ ဖျက်ဆီးခံရတာ
ဖြစ်နိုင်တယ်လို့ အခုလို မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။ 

မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ လေကြောင်းလိုင်းတာဝန်ရှိသူတွေကတော့ အခုထိ အကြမ်းဖက် တိုက်ခိုက် မှုနဲ့ ပတ်သက်တဲ့ အထောက်အထား တစုံတရာမှ မရသေးဘူးလို့ ပြောပါတယ်။ 

ထူးဆန်စွာ လေယာဉ်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး သူတို့ အနေနဲ့ လေယာဉ် ဒါမှ မဟုတ် လေယာဉ်နဲ့ ပတ်သက်တဲ့ အထောက်အထား တစုံတရာ မတွေ့ ရသေးသရွေ့ လေယာဉ်ဟာ ပျောက်ဆုံး နေဆဲလို့ သာ ပြောနေပြီး လေယာဉ်ပျက်ကျတာကိုလည်း အတည်မပြုသေးသလို အလားတူ အကြမ်းဖက်မှုရဲ့ လက်ချက်အဖြစ်လည်း အတည်မပြုသေးပါဘူး။ 

မလေးရှား လေကြောင်းလိုင်းလေယာဉ်က လူပေါင်း ၂၃၉ ဦးတင်ဆောင်သွားတာပါ။ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကို http://blog.irrawaddy.org/2014/03/blog-post_3816.html မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီ ဘိုးရင်း ၇၇၇ အမျိုးအစား MH 370  လေယာဉ် ကွာလာလမ်ပူ လေဆိပ်ကနေ မတ်လ ၈ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ခွဲကျော်က တရုတ်နိုင်ငံ ပီကင်းကို ပျံသန်းသွားမောင်းနှင်သွားပြီး  စတင်ထွက်ခွာပြီး ၁ နာရီကျော်လောက်ကစလို့ အဆက်အသွယ်ပြတ်တောက်ကာ ယနေ့တိုင် အဆိုပါ လေယာဉ်ဟာ ပျောက်ဆုံးနေခဲ့ပါတယ်။ 

Flight MH370 လေယာဉ်ပေါ်မှာ ရင်ခွင်ပိုက် ကလေး ၂ ဦး၊ လေယာဉ်အမှုထမ်း ၁၂ နဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ က နိုင်ငံခြားသား ခရီးသည် တွေလည်း လိုက်ပါစီးနင်းသွားကြတာပါ။



အိမ့်သံစဉ် ~ 







ဆက်စပ်သတင်း 


ထူးဆန်းစွာ မလေးရှား လေယာဉ်ပျောက်ဆုံးမှု အကြမ်းဖက်မှုလား 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved