အခြေခံဥပဒေကို ဦးသိန်းစိန် အမွှမ်းတင်

Wednesday, March 26, 2014


~ အခြေခံဥပဒေကို လိုက်နာကြပါ လို့ ဦးသိန်းစိန်က ဒီကနေ့ ပြောလိုက်ပါတယ်။
 -


-
ဒီမနက် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောနေတဲ့ ဦးသိန်းစိန် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
 -
ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ သူ့ရဲ့ မိန့်ခွန်းရှည်ကြီးရဲ့ နိဂုံးပိုင်းမှာ အဲဒီလို ပြောလိုက်တာပါ။


မိန့်ခွန်းထဲမှာ အခြေခံဥပဒေအကြောင်း သုံးကြိမ်လောက် ထည့်ပြောသွားတာ တွေ့ရမှာပါ။ တနေရာမှာတော့ အခုလို ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကို တိုင်းပြည်ရဲ့အကျိုးစီးပွား အတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး လက်ကမ်း ကြိုဆိုခဲ့ပါတယ်။
သုံးနှစ်ပြည့်မြောက်ချိန်မှာ ဒီသဘောထားကို ဘယ်လောက်အထိ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့ပြီလဲဆိုတာ ပြန်လည်သုံးသပ်ရင် ကျေနပ် အားရဖွယ် ကောင်းတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို အတိုင်းအတာ တစ်ခု အထိ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာကို တွေ့ရှိနိုင်ပါတယ်။
.....

 ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့ နိုင်ငံရေး အရွေ့ကို ရှုမြင်နေကြရခြင်းပဲ ဖြစ်တယ်။
သို့သော်လည်း ဒီမိုကရေစီ ကျင့်စဉ် ရင့်သန် လာတာနဲ့အမျှ ဒီမိုကရေစီစံနှုန်းနဲ့ တန်ဖိုးများ ပြည့်မီလာစေဖို့အတွက် ရှိပြီး အခြေခံ ဥပဒေ ကို ညှိနှိုင်း ပြင်ဆင်ရေးဆွဲကြရမယ်ဆိုတာကို လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဖို့ ဆောင်ရွက်ကြရာမှာ ပါဝင်သူ များရဲ့ အမျှော်အမြင်ကြီးမားမှု၊ အတွေ့အကြုံ အသိပညာ ကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အသုံးပြုကာ သိမ်မွေ့ ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သို့မှသာ နိုင်ငံရေး အကျပ်အတည်း တစ်ခုကို ဦးတည်မသွားစေဘဲ မှန်ကန်သော ရွေးချယ်နိုင်မှုနဲ့ အမွေခံ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
ပြောကြားချက် အပြည့်အစုံကို သမ္မတရုံးအွန်လိုင်းကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှုသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်း

နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ မတ်လ  ၂၆ ရက်

ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

နာယကကြီးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီလွှတ်တော်ကြီးထဲမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုပြီးတဲ့နောက် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လျှောက်လှမ်းမယ့် မူဝါဒ သဘောထား လမ်းစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။
အခုလာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် တာဝန် ထမ်းဆောင်ခဲ့တာ သုံးနှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကို တိုင်းပြည်ရဲ့အကျိုးစီးပွား အတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး လက်ကမ်း ကြိုဆိုခဲ့ပါတယ်။
သုံးနှစ်ပြည့်မြောက်ချိန်မှာ ဒီသဘောထားကို ဘယ်လောက်အထိ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့ပြီလဲဆိုတာ ပြန်လည်သုံးသပ်ရင် ကျေနပ် အားရဖွယ် ကောင်းတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို အတိုင်းအတာ တစ်ခု အထိ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာကို တွေ့ရှိနိုင်ပါတယ်။


လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာကနေ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အခြားဒေသ တွင်း အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။
သုံးနှစ် ပြည့်မြောက် ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ဆီးဂိမ်းအိမ်ရှင်၊ အာဆီယံဥက္ကဋ္ဌ၊ ဘင်းမ်စတက် အိမ်ရှင်၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်အစရှိတဲ့ သမိုင်းဝင်မှတ်တိုင်တွေနဲ့ အတူ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဂုဏ်သိက္ခာရှိစွာဖြင့် ပေါင်းစည်းနေပြီဆိုတာ တွေ့မြင် နေကြရပြီ ဖြစ်ပါတယ်။

အလားတူပါပဲ မြန်မာပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တာကို မြင်လိုပါတယ် ဆိုတဲ့ နိုင်ငံများအနေနဲ့ အစိုးရအဖွဲ့ သစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။
 ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လေးရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ကာလ သုံးနှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ဒီအချိန် မှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန် ကောင်းနေပြီဆိုတာ အားလုံးပဲ အထင်အရှား တွေ့ မြင်နိုင်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာမှာ ပြည်ထောင်စုအစိုးရက တင်သွင်းမယ့် ဥပဒေပြုရေး အစီအစဉ်(၁ဝ)ရပ်ကို ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။
ဒီအစီအစဉ်တွေကတော့
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆီလျော်တဲ့အချက်တွေကို ပြန်လည်ပြင်ဆင်ခြင်း၊

(၂) နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေကို ဥပဒေနဲ့အညီ ဖော်ဆောင်ပေးနိုင်မယ့် ဥပဒေကြမ်းတွေ တင်သွင်းခြင်း၊
(၃) ဝန်ထမ်းများနဲ့ အငြိမ်းစား ဝန်ထမ်းလစာတွေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်သတ်မှတ်ခြင်း၊
(၄) တောင်သူ လယ်သမားတွေရဲ့ လယ်ယာလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေပြုစုနိုင်ဖို့ လေ့လာခြင်း၊ ခေတ်နဲ့အညီ ပြင်ဆင်နိုင်ဖို့ ပြန်လည် သုံးသပ်ခြင်း၊
(၅) အလုပ်သမားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနဲ့ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေကို ခေတ်နဲ့ အညီ ပြန်လည်သုံးသပ်ခြင်း၊
(၆) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဥပဒေကို ခေတ်နဲ့အညီ ပြန်လည် ရေးဆွဲပြီး ဥပဒေကြမ်း တင်သွင်းခြင်း၊
(၇) ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးအတွက် ဥပဒေကြမ်းများ တင်သွင်းခြင်း၊
(၈) စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ခေတ်နဲ့ မလျော်ညီတဲ့ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ခြင်း၊
(၉) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှုလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ခြင်း၊
(၁ဝ) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ သဘာဝဘေးအန္တရာယ် ရေရှည် ကာကွယ်နိုင်ရေး တို့အတွက် လိုအပ်တဲ့ အစီအမံတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းလိုခြင်းတို့ပဲ ဖြစ်ပါတယ်။
သုံးနှစ် ပြည့်မြောက်ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ ဘယ်လောက် ဖော်ဆောင်နိုင်ခဲ့ပြီလဲ ဆိုတာ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေက သက်သေပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော်တို့ ဖော်ဆောင်သွားမယ့် ဈေးကွက် စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ ပြည်သူ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမယ် ဆိုတာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေ ရရှိစေဖို့၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆွဲဆောင်ပြီး၊ အထူးစီးပွားရေးဇုန်တွေ ထူထောင်ကာ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ဒီကနေ့ ဒီအချိန်မှာ ဈေးကွက်ယန္တရား ခိုင်မာ အားကောင်းခြင်း မရှိသေးသော်လည်း လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ ထူထောင်ခဲ့ပြီးတဲ့ နောက် စီးပွားရေး စနစ်အခြေခံတွေ ပြောင်းလဲသွားပြီ ဖြစ်သလို နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ဈေးကွက်နဲ့ ပုဂ္ဂလိကရဲ့ အခန်းကဏ္ဍဟာလည်း ပြန်လည်နိုးထလာပြီ ဖြစ်ပါတယ်။

အလားတူ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။
သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ ပါဝင်သင့်သူ နိုင်ငံသားအားလုံး ပါဝင်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် (၄၉) ကြိမ် ပေးခဲ့ပြီး အကျဉ်းသား (၆၈ဝဝဝ) ကျော်ကို လွှတ်ပေးခဲ့ပါတယ်။
 ဒီ့ပြင် အကြောင်း အမျိုးမျိုးနဲ့ ပြည်ပ နိုင်ငံများသို့ ရောက်ရှိပြီး ပြန်လာဖို့ခက်ခဲနေတဲ့ မိမိနိုင်ငံသားများ မိခင် နိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်ရေး အတွက်ကိုလည်း အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါတယ်။
 အကျိုးရလဒ် အနေနဲ့ အကျဉ်းကျခံရာမှ လွတ်မြောက်သူ ပုဂ္ဂိုလ်အချို့၊ နိုင်ငံအတွင်း ပြန်ဝင်လာတဲ့ နိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်တွေ ကိုယ်တိုင် နိုင်ငံ တည်ဆောက်ရေးတွေ မှာ ကောင်းမွန်စွာ ရှင်သန်နေတာကို တွေ့မြင်နေကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ် အပြု သဘော မမြင်နိုင်သေးတဲ့ နိုင်ငံအချို့ ကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် အနှစ်သာရ ရှိရှိ ကျင့်သုံးဖော်ဆောင်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်ဆိုတာ ပွင့်လင်းစွာ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်လိုအခြေအနေ၊ ဘယ်ခရီးအထိ ရောက်ရှိနေပြီ ဆိုတာကို ထုတ်ဖော်ပြောကြားစရာ မလိုအောင် မြင်တွေ့နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ရန် ကမ်းလှမ်းလာမှုများ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။
နိုင်ငံတကာမှ ခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးများ မကြာခဏလာ ရောက်လျက် ရှိကြပါတယ်။ ယခင်က မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ထားရှိသော နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိခဲ့ရာမှ ယခုအချိန်တွင် ၁၁၅ နိုင်ငံ ထိ တိုးမြှင့် ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ပြုခဲ့တဲ့ ကတိကဝတ်တွေနဲ့ စပ်လျဉ်းပြီး ဒီကနေ့ ဒီအချိန်မှာ ဘယ်လောက် အတိုင်းအတာအထိ ပြည့်မြောက်ခဲ့ပြီလဲ ဆိုတဲ့ ပကတိ အခြေအနေမှန်အဖြစ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ခရီးက ပြသနေပြီဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြိုလဲခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ ဒီမိုကရေစီ ကူးပြောင်း ပြီးသော်လည်း မတည်မငြိမ်မှုတွေ ကြုံတွေ့နေရတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော်တို့ နိုင်ငံအပေါ် အကဲဖြတ်ခဲ့ကြပါတယ်။
ဒီသမိုင်းမှတ်တမ်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာယကကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ အားလုံးနဲ့ ရဟန်းရှင်လူ ပြည်သူအားလုံးတို့ကို နိုင်ငံတော်ရဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒီနေရာ ကနေ ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ အဓိကဆန္ဒကြီး နှစ်ရပ်ဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဖော်ဆောင်ဖို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုနဲ့ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်မှုတို့ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။
စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်တဲ့ အခါမှာ ဈေးကွက်စီးပွားရေးကို သွားနိုင်ဖို့ မက်ခရို စီးပွားရေး တည်ငြိမ်မှုအတွက် အခက်အခဲဖြစ်စေတဲ့ ကြွေးမြီဟောင်းတွေ၊ ပိတ်ဆို့မှု အဟန့်အတား တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ မြီရှင်နိုင်ငံတွေက လက်ခံနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ် ရေးဆွဲခဲ့ရပါတယ်။
 ၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ရေးဆွဲခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုစီးပွား ပြုပြင် ပြောင်းလဲရေး မူဘောင် (Framework of  Economic Social Reform-FESR) ကို ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်ပအစိုးရ တွေကို ရှင်းလင်းနိုင်ဖို့ မြန်မာ့ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
မိမိနိုင်ငံဆိုင်ရာ ရှင်းလင်း တင်ပြချက်များ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအများစုကလည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။

 ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြု ထောက်ခံ ကြိုဆိုခဲ့ကြပြီး တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ အတွက် ဒီကနေ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။
 ဒီလို စာနာနားလည်မှုနဲ့ ထောက်ပံ့ ကူညီခဲ့ကြတဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

 နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

အရင်တုန်းက အမျိုးမျိုးဖြစ်နေတဲ့ ငွေလဲလှယ်မှုနှုန်းထားကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ပြီး အတက်အကျ မများအောင်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဥပဒေသစ် ပြဋ္ဌာန်းပြီး ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
 ဒီလို မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံပြီး နော်ဝေ၊ ဂျပန်၊ ဂျာမနီနဲ့ ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံတွေက ကြွေးမြီ အမေရိကန်ဒေါ်လာ (၆၀၀၉) သန်းကို လျှော်ပစ်ပေးခဲ့ပါတယ်။
 ဒီ့ပြင် ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ အားလုံးနီးပါး ဖယ်ရှားပေးခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုကလည်း ပိတ်ဆို့အရေးယူမှုတွေ ကို ဖြေလျှော့ပေးခဲ့ပါတယ်။

 ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်အားဖြင့် ကုန်သွယ်မှု အထူး အခွင့်အရေး (Generalized System Preferences-GSP) တွေ ပြန်လည်ရရှိလာခဲ့ပြီး ဈေးကွက်ကြီးတွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။ တစ်ပြိုင်တည်းမှာပဲ အထည်ချုပ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုး လာပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စီမံချက် ချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက် ၂ဝ၁၁ ခုနှစ်က စတင်ပြီး ခရီးသွားဧည့်သည် အရေ အတွက် စံချိန်တင် မြင့်မားလာခဲ့တာ ၂ဝ၁၃ ခုနှစ်မှာ (၂) သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ ခရီးသွားလာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသွားသင့်ဆုံး ကမ္ဘာ့နေရာတွေ ထဲက ထိပ်ဆုံးအဆင့်မှာ (၃) နှစ် ဆက်တိုက်ပါရှိခဲ့ပါတယ်။
 လာမယ့်နှစ်မှာ ခရီးသွား (၃) သန်းကျော်နဲ့ ၂ဝ၁၅ ခုနှစ်မှာ (၅) သန်းအထိ ဝင်လာမယ် လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့ကြောင့် ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြား လိုက်ပါတယ်။

 နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ပြင်ပကမ္ဘာကို တံခါးဖွင့် ဖိတ်ခေါ်ခြင်းနဲ့အတူ စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ် ခွင့်ပြုရာမှာလည်း အချိန်တိုတိုအတွင်း စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်နိုင်အောင်၊ အလုပ် အကိုင် အခွင့်အလမ်းတွေ အမြန်ဆုံး ရရှိနိုင်အောင် အစိုးရနဲ့ ပုဂ္ဂလိက ကျွမ်းကျင် သူတွေ ပူးပေါင်း ပါဝင်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလေးထား ဆောင်ရွက်ခဲ့ရာမှာ အချိန်ကြာကြာယူဖို့ မလိုအပ်တဲ့ လုပ်သားအရင်းပြု စက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ ပေါ်ထွန်းလာခဲ့ပါတယ်။
စံချိန်စံညွှန်းနဲ့ အရည်အသွေးများစွာ မြင့်မားတဲ့ ဂျပန်၊ တောင်ကိုရီးယား ဈေးကွက်တွေကို တင်ပို့ လာနိုင်တဲ့အတွက် လုပ်သားအရင်းပြု ကုန်ထုတ်လုပ်မှုအဆင့်ကနေ နည်းပညာအခြေပြု ကုန်ထုတ်လုပ်မှုကို စတင်ကူးပြောင်းလာပါတယ်။ ဒါ့ကြောင့် နိုင်ငံသား အထည်ချုပ် လုပ်ငန်းရှင်တွေ၊ အထည်ချုပ်လုပ်သားတွေကိုလည်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

 တစ်ဆက်တည်းမှာပဲ အလုပ်ရှင်-အလုပ်သမားပြဿနာတွေကို ငြိမ်းချမ်းစွာ ညှိနှိုင်းတဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်း အဆင့်ဆင့်ဖြင့် စီမံ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား နှစ်ဦးနှစ်ဖက် ရေရှည် အကျိုးရှိစေဖို့ အလုပ်ရှင်-အစိုးရ-အလုပ်သမား သုံးပွင့်ဆိုင် စိတ်ရှည်စွာနဲ့ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်ပါတယ်။
စီးပွားရေး အသွင်ကူးပြောင်းမှုနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ဒီကိစ္စတွေကို မဖြစ်မနေ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။
အလုပ်ရှင်များ အကျိုးစီးပွား ရရှိပြီး ရေရှည် လုပ်ဆောင်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများမှာဖြစ်သလို အလုပ်သမား အခွင့်အရေးများ ကိုလည်း အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားစေဖို့နဲ့ ထပ်မံဝင်လာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကိုပါ ဆွဲဆောင်နိုင်ဖို့အတွက် ရေရှည်အကျိုး မျှော်မှန်းဆောင်ရွက်ရမယ်ဆိုတာ ကျွန်တော် တို့ နားလည်ကြဖို့ လိုပါတယ်။
အလုပ်သမားနဲ့ အလုပ်ရှင်များ ရေရှည်အကျိုးအတွက် ပြဋ္ဌာန်းရန် ကျန်ရှိနေသေးတဲ့ ဥပဒေများ ပြဋ္ဌာန်းရေး အတွက်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရနဲ့ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါတယ်။

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့အတွက် အခွင့်အလမ်းနဲ့ ဆွဲဆောင်မှုရှိစေမယ့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ် စောင့်ရှောက်နိုင်မယ့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်အောင်လည်း အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို လေ့လာကြည့်ရင် ပထမဆုံး လေ့လာရေးအဖြစ် လာရောက်ကြပါတယ်။
ဒုတိယအနေနဲ့ ဖြစ်နိုင်ခြေ နယ်ပယ်တွေ သုတေသန ပြုကြပါတယ်။ တတိယအဆင့်ရောက်မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။
 ပြုပြင်ပြောင်းလဲမှုတွေ စတင်ပြုလုပ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှာ ပြည်တွင်းစီးပွားရေး အခင်း အကျင်းတွေ ပြောင်းလဲလာအောင် စဉ်တိုက်ဆက်တိုက် အလေးပေး ဆောင်ရွက် ခဲ့ရပါတယ်။ ပိတ်ဆို့ အရေးယူ မှုတွေ ဖြေလျှော့ပေးလာခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက် စူးစမ်းလေ့လာကြတာတွေ အမြောက်အမြား လာရောက်ခဲ့ကြပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြီး ဝင်ရောက်လာခဲ့ပါပြီ။
အရင်တုန်းက ပိတ်ဆို့မှု တွေကြောင့် သယံဇာတ ထုတ်ယူရေး နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ အများစုတည်ရှိခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှု အချိုးအစား ပြောင်းလဲလာခဲ့ပါပြီ။ ၂ဝ၁၂ ခုနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ ဝင်ရောက် ခဲ့ပြီးတော့ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံအထိ တိုးတက် ဝင်ရောက်လာပါတယ်။
၂ဝ၁၃ ခုနှစ်မှာ ကုန်ထုတ်လုပ်မှု၊ ဟိုတယ် လုပ်ငန်းတွေမှာ အလုံးအရင်းနဲ့ လာရောက် ရင်းနှီး မြှုပ်နှံလာခဲ့ပြီးတော့ ဒီနှစ်ဆိုရင် တယ်လီကွန်းကဏ္ဍ၊ လေဆိပ် စီမံကိန်း တွေနဲ့ အထူးစီးပွား ရေးဇုန်တွေ၊ အထည်ချုပ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြီး စီးဝင်လာဖို့ ရှိလာပြီ ဖြစ်ပါတယ်။

 သယံဇာတ ထုတ်ယူရေးနယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့တဲ့ အနေအထားကနေ ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနေတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အနေအထား ပြောင်းလဲသွားစေခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာတွေနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု စီးပွားရေးအပေါ် သက်ရောက်နိုင်တာတွေ အတွက်လည်း တာဝန်သိ၊ တာဝန်ခံတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်လာစေဖို့ ဆောင်ရွက်သွားမယ့် ကျွန်တော်တို့အစိုးရရဲ့ ကတိကဝတ်ကို EITI (Extractive Industries Transparency Initiative) အဖွဲ့ဝင် နိုင်ငံဖြစ်လာအောင် ကြိုးပမ်းမှုဖြင့် သက်သေပြလျက် ရှိပါတယ်။

 ဘဏ်လုပ်ငန်းတွေ၊ အခွန်အကောက်စနစ်တွေ၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်မယ့် အခြေအနေတွေ၊ အခြေခံအဆောက်အအုံတွေ အစရှိတဲ့ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖြစ်ဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ရတာရှိသလို ပြည်သူ လူထု အလွယ်တကူ မမြင်နိုင်တဲ့ Soft Infrastructure တွေ တည်ဆောက်ရတာမျိုးတွေ ကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင် ခဲ့ရတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှေးကွေးနေတဲ့အချိန်မှာ ထွန်းသစ်စ ဈေးကွက်တစ်ခု အနေနဲ့ ရင်းနှီး မြှုပ်နှံမှု နယ်ပယ်ကောင်းတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင်၊ စိတ်ကူးစိတ်သန်း သာရှိပြီး ငွေကြေး အရင်းအနှီးမရှိလို့ အခက်အခဲ ဖြစ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေ အစွမ်းရှိသမျှ လုပ်နိုင်ကိုင်နိုင်အောင် စီမံကိန်းအရင်းအနှီး ဖြည့်ဆည်းပေးရေး အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားရှိပါတယ်။

 ကျွန်တော်တို့နိုင်ငံရဲ့ ပို့ကုန်မဟာဗျူဟာရဲ့ အချက်အခြာဖြစ်တဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ လယ်သမား အခြေပြုလူမှု အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ နားလည်မှုရှိရှိ ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ Farmer Center တွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ လယ်သမားတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ တိုးမြှင့်ဖို့ အစီအစဉ်များ ပါရှိပါတယ်။

 လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့လည်း ဒီလွှတ်တော်ကြီးက တိုက်တွန်းတဲ့အတိုင်း ဒုတိယသမ္မတတစ်ဦး ဦးဆောင်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို လွှတ်တော်သို့ ပေးပို့တင်ပြလျက်ရှိပါတယ်။
ယခင်အစိုးရခေတ် ကာလများမှာ အခြေအနေ၊ အချိန်အခါအရ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ ဖြစ်ပေမယ့်လည်း ခေတ်ပြောင်း စနစ်ပြောင်း အခြေအနေတွေ ပြောင်းလဲခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ လက်ထက်မှာ တရားမျှတမှုအတွက် အသင့်လျော်ဆုံး နည်းလမ်းတွေကို ရှာဖွေ ဖြေရှင်း ပေးလျက်ရှိပါတယ်။
 ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်မှုတွေ၊ ကိုယ်ကျိုး စီးပွား ပုံဖော်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြတာတွေကိုလည်း အားလုံး တွေ့မြင် နေရပါတယ်။ ကျွန်တော်တို့မှာ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်။ သိမ်းဆည်း လယ်ယာမြေတွေကို မူလသိမ်းဆည်းခံ ပြည်သူတွေဆီကို ပြန်လည် လွှဲပြောင်း ပေးရာမှာ ပိုင်ဆိုင်မှု ခိုင်မာစေဖို့အတွက် တည်ဆဲဥပဒေများနဲ့အညီ  အချိန်ယူ ဆောင်ရွက် ပေးရပါတယ်။
ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့  မြို့နယ် အလိုက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးတွေ ဖွင့်လှစ်ပြီး ဖြေရှင်းပေးနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တရားမျှတမှု အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း အလျဉ်းသင့်တုန်း တိုက်တွန်းပြောကြား လိုပါတယ်။

 ပြည်သူများရဲ့ နောက်ထပ်လိုအင်ဆန္ဒ တစ်ရပ်ကတော့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့  ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် ပြည်ထောင်စုအဆင့်မှာ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခဲ့ပါတယ်။
ဒီကော်မတီတွေရဲ့အောက်မှာ Myanmar Peace Center ကို ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေ၊ အကြိုဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး အသိပညာပေးမှုတွေ ဖြစ်ပေါ်လာအောင် နည်းပညာနဲ့ အတွေ့ အကြုံကောင်းတွေကို မျှဝေဖော်ဆောင်ပေးလျက် ရှိပါတယ်။ မကြာခင်အချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးကြဖို့အထိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေအကြား သဘော တူညီချက်တွေ ရရှိထားပြီ ဖြစ်ပါတယ်။
နယ်မြေဒေသ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက် အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ ဘိန်းစိုက်ပျိုးမှုတွေ၊ လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေဆဲပဲဖြစ်ပါတယ်။ လူငယ်အချို့ အနာဂတ်ပျောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူနိုင်မယ့် အကောင်းဆုံးအချိန်ကို ကျွန်တော်တို့ ရောက်ရှိ နေပါပြီ။ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အေးချမ်းတည်ငြိမ်ပြီး မျှော်လင့်ချက် ပြည့်ဝတဲ့ လူနေမှုဝန်းကျင်သစ်ကို ပူးပေါင်းဖော်ဆောင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။

 ငြိမ်းချမ်းသွားတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘိန်းအစားထိုး ဝင်ငွေရရှိမယ့် လုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပြီး စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ ပေါ်ထွန်းလာအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဆက်လက် ပြီးတော့လည်း ဒီဒေသတွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး အခြေခံတွေရရှိစေဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရ မှာဖြစ်ပါတယ်။
 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာတာနဲ့ အမျှ သက်ဆိုင်တဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက် မဲ့သွားနိုင်တာကို ကျွန်တော်တို့ အထူးဂရုပြုကြဖို့ လိုပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကို မကြာမီကာလမှာ နိဂုံးချုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

 နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲမှုကို လက်တွေ့ကျကျ ကြိုးပမ်းဖော်ဆောင်နိုင် ဖို့ ကြိုးစားနေပါတယ်။ ဒီနေရာမှာ မရှိမဖြစ် အဓိက လိုအပ်လျက်ရှိတဲ့ အမျိုးသား ပညာရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး အတွက် စေတနာ ထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးသော ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဝင်များ၊  ပညာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ ပညာရေးနယ်ပယ်ရှိ ကျွမ်းကျင် ပညာရှင်များနဲ့ ပါဝင်ကူညီကြတဲ့ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။
 ကျွန်တော်တို့ ဒီကနေ့ အစပြုဖော်ဆောင်နေတဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို လွှဲပြောင်းတာဝန် ထမ်းဆောင်မယ့် လူငယ်တွေအနေနဲ့ ဗလငါးတန်ပြည့်စုံစွာနဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာရေးဟာ အလွန်ပဲအရေးကြီးပါတယ်။
 အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ယုံယုံကြည်ကြည် လွှဲအပ်နိုင်တဲ့ ဘက်စုံထူးချွန်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြရမှာ  ဖြစ်ပါတယ်။

 မကြာမီက ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေဟာ ဆုတံဆိပ်ပေါင်း (၂၃၃) ခု ရယူ ပေးခဲ့ ပါတယ်။ အလားတူ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာလည်း ဆုတံဆိပ် (၉၆) ခု ရယူပေးခဲ့ပါတယ်။ ဒီလူငယ်တွေ လျှောက်သင့်တဲ့ ချောမွေ့တဲ့ လမ်းကြောင်းအမှန်ကို ကျွန်တော်တို့ ခင်းပေးကြရ ပါမယ်။
ကျောင်းသားတွေရဲ့ အရေးအရာကိစ္စတွေကို ကျောင်းသားတွေ ကိုယ်တိုင် မြှင့်တင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ စီမံလေ့ကျင့် ပေးကြရပါမယ်။

 ကျွန်တော်တို့ ကျောင်းသားလူငယ်တွေဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမှာ ဖြစ်ပါတယ်။ အာဆီယံလူငယ်တွေနဲ့ ကူးလူးဆက်သွယ် နှီးနှောဖလှယ်ပြီး အာဆီယံ လူငယ် ဖိုရမ်တွေကို ဦးဆောင်ကြရမှာ ဖြစ်ပါတယ်။ Youth Center ကိုလည်း ရန်ကုန်မှာ ဖွဲ့စည်း တည်ထောင်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့ ဒီကနေ့ ဖော်ဆောင်နေတဲ့ ပြည်သူလူထုဗဟိုပြု စီမံခန့်ခွဲမှုတွေဟာ ဒီကနေ့ဆိုရင် အသီးအပွင့်တွေ စတင် ခံစားနေကြရပါပြီ။ ဒီလွှတ်တော်ကြီးမှာ ဆွေးနွေး ညှိနှိုင်း ခွင့်ပြုပေးခဲ့လို့ နှစ်စဉ် (၂) ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်တွေဟာ ဒီကနေ့ ဒီအချိန်မှာ ပြည်သူတွေအကြားကို ပျံ့နှံ့သွားခဲ့ပြီး ထိထိရောက်ရောက် အကျိုးပြု နေပြီ ဖြစ်ပါတယ်။
အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသတွေကို အလေးထားပြီး စောင့်ရှောက်မှု မြှင့်တင်သွားကြဖို့ ဖြစ်ပါတယ်။ ဒီအတွက် ဝေးလံတဲ့ ကျေးလက်ဒေသများနဲ့ မြို့ပြဆင်ခြေဖုံးဒေသများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေဖို့ ရည်ရွယ်ပြီး အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရှိတဲ့ နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ အရပ်သား ပညာရှင်များဖြင့် ပါဝင် ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းကိုလည်း ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်လျက် ရှိပါတယ်။

 ပြည်သူလူထုဗဟိုပြု ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို အမှန်တကယ် စေတနာပါပါနဲ့ ဆောင်ရွက်တဲ့အခါမှာ ထိရောက်အောင်မြင်တာ တွေ့ရှိရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာကို တိုင်းတာတဲ့ တစ်မျိုးသားလုံး ဂျီဒီပီ တိုးတက်မှု နှုန်းထားကို ပြန်ကြည့်ရင် (၅) ရာခိုင်နှုန်းအောက်မကျဘဲ ထပ်ဆင့်တိုးတက်နေအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတဲ့ ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်တင်တဲ့ အနေနဲ့ ဒုတိယဝန်ကြီးတွေကို ဆပ်ကော်မတီ (၂၇) ခု ဖွဲ့စည်းပေးပြီး လပေါင်း (၃ဝ) ရည်မှန်းချက်တွေအတွက် တာဝန်တွေ တိတိကျကျ ပေးအပ်ထားပြီး အောက်ခြေ ပြည်သူတွေကြားအထိ ဆင်းပြီး ဆောင်ရွက်စေလျက် ရှိပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာလည်း ဗဟိုကနေ စီမံကိန်းရေးဆွဲပြီး လျာထားတဲ့ စနစ်အစား ပြည်သူလူထုဗဟိုပြု ဘတ်ဂျက်ရေးဆွဲတဲ့စနစ် ဖြစ်လာအောင် ဒီကနေ့ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ပါပြီ။
 မြို့နယ်အလိုက် ဖွဲ့စည်းထားပြီးဖြစ်တဲ့ အထောက်အကူပြု ကော်မတီတွေ၊ မြို့မိမြို့ဖတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြို့နယ်အတွက် လိုအပ်ချက်တွေကို ဦးစားပေးအလိုက် ခွဲခြား သတ်မှတ်ပြီး ဆောင်ရွက်တဲ့ ဘတ်ဂျက်ရေးဆွဲမှုစနစ်သစ်ကို စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ မြို့နယ်စီမံကိန်းတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် ဆောင် ရွက်နိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြီးခဲ့တဲ့ သုံးနှစ်တာကာလမှာ ကျွန်တော်တို့နိုင်ငံကို လုပ်နိုင်ပါ့မလား၊ နောက်ကြောင်း ပြန်လှည့်မှာလားဆိုတဲ့ သံသယ မျက်လုံးတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက စောင့်ကြည့်ခဲ့ကြပါတယ်။
သုံးနှစ်တာခရီးမှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ၊ အကျပ်အတည်းတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းပေါ်က ချော်ထွက် မသွားခဲ့ပါဘူး။ လမ်းကြောင်းမှန်ပေါ်မှာ ရှေ့သို့ ခရီး ပေါက်အောင် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် လမ်းကြောင်း သွေဖည်သွားလိုက်တာနဲ့ ပန်းတိုင်နဲ့ အလှမ်း ဝေးကွာခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးတွေ့ရှိနိုင်ပါတယ်။
 နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့သို့ ဆက်လျှောက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ကြိုးပမ်းအားထုတ် လျှောက်လှမ်းခဲ့တဲ့ ရလဒ်ကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

 ဒီကနေ့ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအားလုံး ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေသစ်တစ်ရပ်ကို ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းဖန်တီးနိုင်ခဲ့ပါပြီ။ အမြင် မတူမှုတွေ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကြီးမားတဲ့ မတူကွဲပြားမှုတွေကို နိုင်ငံရေး ကျင့်စဉ်ကောင်းတွေကို အရင်းတည်ပြီးတော့ ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးညှိနှိုင်း ပုံဖော်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ကို ကျွန်တော်တို့ စတင်နိုင်ခဲ့ပါပြီ။ နိုင်ငံ့သမိုင်းစဉ် တစ်လျှောက် ပဋိပက္ခများအကြား သံသရာလည်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုဟောင်း ကို ဒီယဉ်ကျေးမှု အသစ်နဲ့ အစားထိုး နေရာယူနိုင်အောင် ကျွန်တော်တို့တစ်တွေ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

 ကျွန်တော်တို့နိုင်ငံမှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ အတိတ်က ပါလီမန်အုပ်ချုပ်ရေး စနစ်မျိုးကို ပြန်လည် အသက်သွင်းဖို့ဆိုတာ လိုက်လျော ညီထွေ မဖြစ်နိုင်တော့ပါဘူး။ အတိတ် သမိုင်းမှာ ဂိုဏ်းဂဏအစွဲတွေ၊ အယူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်ရတဲ့ ပဋိပက္ခတွေကြောင့် ရှည်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နိုင်ငံမတိုးတက်ခဲ့ရတာကို ကျွန်တော်တို့ သင်ခန်းစာ ယူကြရမှာ ဖြစ်ပါတယ်။

 ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ရှင်းလင်း ပြတ်သားစွာနဲ့ လက်တွေ့ကျတဲ့ အဖြေတွေ ရရှိလာအောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး ကာလဆိုတဲ့ သဘောသဘာဝကို နားလည်ထား မယ်ဆိုရင် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစံနှုန်းတွေ ရရှိဖို့ဆိုတာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းမှ ရနိုင်မှာ ဖြစ်တာကို သဘောပေါက်နိုင်ပါတယ်။    

 ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ (၂) နှစ်တာကာလမှာ ကျွန်တော်တို့ လုပ်နိုင်ရင် လုပ်နိုင် သလောက်၊ ကျွန်တော်တို့ ညီညွတ်ရင် ညီညွတ်သလောက် ပြည်သူတွေ အကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို ရွေးချယ်ရတာဖြစ်သလို ဖြစ်နိုင်ခြေတွေကို လက်တွေ့လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။

 ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့ နိုင်ငံရေး အရွေ့ကို ရှုမြင်နေကြရခြင်းပဲ ဖြစ်တယ်။ သို့သော်လည်း ဒီမိုကရေစီ ကျင့်စဉ် ရင့်သန် လာတာနဲ့အမျှ ဒီမိုကရေစီစံနှုန်းနဲ့ တန်ဖိုးများ ပြည့်မီလာစေဖို့အတွက် ရှိပြီး အခြေခံ ဥပဒေ ကို ညှိနှိုင်း ပြင်ဆင်ရေးဆွဲကြရမယ်ဆိုတာကို လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဖို့ ဆောင်ရွက်ကြရာမှာ ပါဝင်သူ များရဲ့ အမျှော်အမြင်ကြီးမားမှု၊ အတွေ့အကြုံ အသိပညာ ကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အသုံးပြုကာ သိမ်မွေ့ ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သို့မှသာ နိုင်ငံရေး အကျပ်အတည်း တစ်ခုကို ဦးတည်မသွားစေဘဲ မှန်ကန်သော ရွေးချယ်နိုင်မှုနဲ့ အမွေခံ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။


 ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေအတွက် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ခိုင်မြဲပြီး ကိုယ့်စွမ်းအားနဲ့ ရပ်တည်နိုင်ဖို့ ကိစ္စဟာ အထူးပဲအရေးကြီးကြောင်း လတ်တလောဖြစ်စဉ်တွေ၊ သမိုင်း ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်လေ့လာ သိရှိနိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်း ခိုင်မာဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။
တပ်မတော်ရဲ့ အခန်းကဏ္ဍ ကို တဖြည်းဖြည်းချင်း လျှော့ချဖို့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက် ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

 အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ခွဲဝေအပ်နှင်းထားတဲ့ ဥပဒေပြု စာရင်းတွေကို မဖြစ်မနေ ပြင်ဆင်ရွှေ့ပြောင်း ပေးရမှာ ဖြစ်သလို တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ တိုးမြင့် ရရှိလာ အောင်လည်း စီမံပေးကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာလေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း (၁၂) မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။
ဒီ့ပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှုတွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်။

 ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဥပဒေပြု လွှတ်တော်များ၊ တရားစီရင်ရေး မဏ္ဍိုင်တို့နဲ့ ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက် အဆင့်ဆင့် ထားရှိ အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အောင်မြင် ခဲ့တာတွေရှိသလို၊ မအောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။ လုပ်နိုင်တာတွေ ရှိသလို မလုပ်နိုင်တာတွေကို တွေ့ကြုံခဲ့ကြရပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ဆောင်ရာမှာ ပြီးခဲ့တဲ့ အားသာချက် အားနည်းချက်များ အပေါ် သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်များရရှိအောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

 နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ -

နိုင်ငံတကာက အာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံဆိုပြီး ခေါ်ဆိုခဲ့ရာကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့နိုင်ငံ အဖြစ် ပြောင်းလဲလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပိုမို တိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းဆိုတာ ရေးပြီးရင် ပြင်လို့မရသလို အတုယူဖွယ် သို့မဟုတ် ဆင်ခြင် သုံးသပ်ဖွယ် မှတ်တမ်းအဖြစ် ကျန်နေမှာကို သတိပြုရမှာ ဖြစ်ပါတယ်။ သမိုင်းကို လေ့လာပြီး ဒီမိုကရေစီ ထွန်းကားဖို့နဲ့ နိုင်ငံကြီးပွား တိုးတက်ဖို့ အတွက် ဆင်ခြင် တုံတရားနဲ့ အမြော်အမြင်ကို လက်ကိုင်ပြုလျက် တာဝန်ထမ်းဆောင် ကြရမှာဖြစ်ပါတယ်။

 ကျွန်တော်တို့ နိုင်ငံ့ရဲ့သမိုင်းစဉ်မှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိ နေပြီဖြစ်တဲ့အတွက်  ဒါကို ကျွန်တော်တို့ တန်ဖိုးထားကြရပါမယ်။ ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြရမယ့် အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးသုံးရပ်တို့အနေနဲ့ ဆောင်ရွက်ခဲ့မှုများအပေါ် ပကတိ အတိုင်း ပြန်လည် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူကြရပါမယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်တဲ့  ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကိုလည်း ညီညွတ်မှန်ကန်စေဖို့ သတိပြု ကြရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ဒီမိုကရေစီ ရှင်သန်ခိုင်မာ စေလျက် အပြန်အလှန် ထိန်းညှိနိုင်တဲ့အခြေအနေ ရောက်ရှိအောင် ဖော်ဆောင်ကြရပါမယ်။
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မပျက်စီးစေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။


 ဒီလွှတ်တော်ကြီးထဲမှာ ကိုယ်စားလှယ်တွေ ငါးနှစ်တစ်ကြိမ် ပြောင်းလဲသွားမှာ ဖြစ်သလို ကျွန်တော်တို့ အစိုးရဟာလည်း ငါးနှစ်တစ်ကြိမ် တာဝန်ကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်ကြီးက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကတော့ ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်စဉ် တိုင်းကျိုးပြည်ပြု ဘယ်လောက် စွမ်းဆောင် နိုင်ခဲ့တယ်ဆိုတာ သမိုင်းတင်ခဲ့မှာ ဖြစ်ပါတယ်။ ညင်သာချောမွေ့တဲ့ ဒီမိုကရေစီ အပြောင်း အလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ဖော်ဆောင်ခဲ့ကြတယ်ဆိုတဲ့ လှပတဲ့သမိုင်းကို ရေးထိုး နိုင်ဖို့ ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved