လူနဲ့ ဆင်တို့ရဲ့ နယ်မြေလုပွဲ

Tuesday, January 13, 2015


ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားများ အဓိက သွားရောက်လည်ပတ်လေ့ရှိတဲ့ ခေါက်ယိုင် အမျိုးသား ဥယျာဉ်ကို ဧည့်သည်တွေ လုံခြုံရေးအတွက် အပြောင်းအလဲလုပ်သင့်ပြီလို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်း စာမှာ ရေးလာပါတယ်။ 


 တောဆင်ရိုင်းတကောင်နဲ့ ကားတစီးတို့ ထိပ်တိုက်တွေ့နေပုံ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

တနင်္လာနေ့တုန်းက ကောက်ယိုင် အမျိုးသားပန်းခြံသွား လမ်းမတခုမှာ တောဆင်ရိုင်းတကောင်ဟာ ကား တစီးကို တိုက်ခိုက် ရန်ရှာခံရပြီး တိရိစ္တာန်ရေးရာ ကျွမ်းကျင်သူတဦးက အခုလို ပြောဆိုလိုက်တာပါ။ 

အဲဒီဖြစ်ရပ် မတိုင်ခင်ကလည်း ဆက်တိုက် ဆိုသလို ဆင်တွေနဲ့ မော်တော်ကားမောင်းသူတွေကြား အန္တရာယ်များတဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ပါတယ်။ 



 ကောက်ယိုင် အမျိုးသားပန်းခြံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကစတင်ပြိး ကမ္ဘာလှည့်ခရီးသွားတွေ၊ ဧည့်သည်တွေနဲ့ မော်တော်ကားတွေ အသွားအလာများလာတော့ ဆင်တွေလည်း စိတ်အနှောက် အယှက်ဖြစ်လာခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ သဘာဝ တောရိုင်းနဲ့သစ်ပင် ကာကွယ်ထိန်းသိမ်းစောင့် 
ရှောက်ရေးဌာန၊ အမျိုးသား ဥယျာဉ်များမှ မတ္တနာ သီရိကရာဂျန်က သုံးသပ်ပြထားပါတယ်။ 

မော်တော်ယာဉ်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအပါအ၀င် ဧည့်သည်တော်တော်များများ  ဆင်တွေရဲ့ နယ်မြေတွေအတွင်း နယ်ချဲ့လာသလိုဖြစ်လို့ ဆင်တွေလည်း ကြာလာတော့ သည်းမခံနိုင်တော့ပဲ ကား
တွေကို တိုက်ခိုက်တာ၊ အန္တရာယ်ပြုတာတွေ ဖြစ်လာရတာဖြစ်တယ်လို့ သူက ဆက်ပြောထားပါတယ်။ 

ကမ္ဘာလှည့်ခရီးသွားတွေကလည်း ကားမောင်းလာရင်း ဆင်တွေကို မျက်နှာချင်းဆိုင်တွေ့ရ၊ မြင်ကြရတဲ့အခါ ကားဟွန်းကို အသံကျယ်ကျယ် တီးတာ၊ ကားစက်သံ မြှင့်တာ၊ ရှေ့မီးစုံဖွင့်တာတွေနဲ့ ဓာတ်ပုံကို မီးဖွင့် ရိုက်တာတွေက ဆင်တွေ အတွက် စိတ်အနှောက်အယှက် ဖြစ်လာစေတာဖြစ်တယ်လို့ဆိုပါတယ်။ 

ဆင်တွေမှာလည်း တောတောင်ထဲမှာ အစာနဲ့ ရေ အခက်အခဲဖြစ်လာတဲ့ ခြောက်သွေ့ ရာသီအချိန်တွေ 
ရောက်လာပြီ ဆိုရင် ရွာနီးခြောက်စပ်ကို ၀င်ပြီး သီးနှံတွေကို စားသောက်တာမျိုးတွေလည်း ရှိလာခဲ့တော့ တယ်။ 

လူတွေကလည်း ခေတ်မီတိုးတက်လာတာတွေ၊ နိုင်ငံခြားသားတွေနဲ့ ဧည့်သည်တွေဆီက ရမယ့် ၀င်ငွေတွေ ကိုသာပဲ ကြည့်ပြီး ဆင်တွေရဲ့ နယ်နိမိတ်တွေကို ကျည်းမြောင်းသွားစေတဲ့ Resort တွေ၊ အပန်းဖြေ ပန်းခြံတွေ လုပ်လာကြရင်း နောက်ဆုံး ဆင်တွေလည်း လူတွေ လုယူသွားကြတဲ့ သူတို့ရဲ့ နယ်မြေပြန်ရရေး လူတွေကို ရန်ရှာတဲ့အနေနဲ့ ပြန်လုတဲ့ ပုံစံတွေ ဖြစ်လာနေရတာပါ။ 

မြန်မာနိုင်ငံမှာလည်း အလားတူပါဘဲ၊ တောဆင်ရိုင်းတွေကျက်စားရာ ပဲခူးရိုးမ အပါအ၀င် သဘာဝ တော
တောင်နေရာတွေမှာ သစ်ခုတ်ထွင်မှုတွေ၊ လူနေ ဧရိယာချဲ့ထွင်မှုတွေကြောင့် တောဆင်ရိုင်းတွေ အပါအ၀င် တောနေ တိရိစ္ဆာန်တွေနဲ့ လူတွေအကြား နေရာလုပွဲတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ 



အသိဥာဏ်ရှိတဲ့ လူသားတွေအနေနဲ့ သဘာဝတရားကို ချစ်မြတ်နိုးဖို့ အသိနဲ့ယှဉ်နိုင်ခြင်းဟာ အလွန်အကျိုး များမယ့် ကိစ္စ ဆိုတာ ပညာရှိတွေလည်း အမြဲ ပြောလေ့ရှိပါတယ်။ 

ဒါပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နှက်နေတဲ့ လူသားတွေအဖို့ သဘာဝကိုချစ်မြတ်နိုး စိတ် လည်း ခန်းခြောက်နေတတ်သလို တောနေ သတ္တ၀ါတွေအပေါ်လည်း စာနာနားလည်စိတ်နည်းပါးမှုတွေ
ကြောင့် သဘာဝတောရိုင်းဒေသတွေကို ဖျက်ဆီးနေကြတာပါ။ 



တောတောင်ပျက်စီးမှု နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ တောတိရိစ္ဆာန်တွေလည်း သေကြေပျက်စီး၊ လူတွေ အတွက်လည်း အန္တရာယ်များ၊ ရာသီဥတုတွေလည်း ဖောက်ပြန်ဖြစ်လာကြတော့တာပါဘဲ။ 

ဒါကြောင့် လူသားသည်ပင် သဘာဝတရားရဲ့ အစိပ်အပိုင်းတခုဖြစ်တာကို သိရှိနားလည်းပြီး တောတိရိစ္ဆာန်
တွေ လည်း အန္တရာယ် ကင်း၊ လူသားတွေလည်း အန္တရာယ်ကင်းကင်းနဲ့ ဤကမ္ဘာမြေပေါ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ကြမယ် ဆိုရင် သာယာတဲ့ လုံခြုံအေးချမ်းတဲ့ ဘ၀တွေကို ပိုင်ဆိုင်ကြမှာပါဘဲ။ 



 လင်းသန့် 



 ကိုးကား။    ။  Jumbo attacks spur Khao Yai road rethink





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved