ကမ္ဘာမြေအတွက် သီချင်းတစ်ပုဒ်

Tuesday, March 25, 2014

ချားလ်ဒါဝင် ရဲ့ အဆိုရ လူတွေဟာ မျောက်ကဆင်းသက်တယ်ပေါ့ဗျာ။ သူက ဒါကို Evolution theory နဲ့သက်သေပြခဲ့တယ်။

Evolution

ကျနော် စဉ်းစားမိတာတခုက လူတွေရဲ့ အတောမသတ်နိုင်တဲ့လောဘ ဗျ။
အရင်တုန်းကလူတွေဟာ လောဘ နည်းတယ်။ ပညာဆိုတာလည်းသိပ်မထွန်းကားသေး တာ့ ရေနံတူးဖို့လည်းမသိဘူး၊ သဘာဝအရင်းမြစ်တွေကို ထုတ်သုံးဖို့လည်း မသိဘူး၊ စိန်၊ ရွှေ၊ ငွေဆိုတာတွေလည်း မသိဘူးပေါ့ဗျာ၊ နယ်ချဲ့တာလည်း မရှိဘူး၊ စစ်ဆိုတာလည်း မရှိဘူး။

ကမ္ဘာမြေကြီးက အဲဒီချိန်တုန်းက အသန့်ထည်လေးလို့ ကျနော်ထင်တယ်။ နောက် Evolution အရ လူတွေဟာ ရန်ဖြစ်တတ်လာတယ်၊ လောဘကြီးလာတယ်။ လက်နက်ကိရိယာတွေကို အသုံးချဖို့စဉ်းစားလာတယ်၊ နောက်ဆုံး Cyber War တွေအထိပဲပေါ့ဗျာ။

လူတွေရဲ့ ရက်စက်မှုတွေဟာ အချင်းချင်း သတ်ဖြတ်ဖို့ဖြစ်လာပြီ၊ တနိုင်ငံနဲ့တနိုင်ငံမပြောပါနဲ့ဗျာ။ လူမျိုးအချင်းချင်း မျိုးတုန်း သတ်ဖြတ်မှုတွေ ရက်စက်မှုတွေ၊ အမုန်းတွေ၊ အငြိုးတွေ ပြိုင်ဆိုင်မှုတွေများလာတာကို အားလုံးမြင်နေကြရတယ်။ အခုခေတ်မှာတော့ ဒါကို Reverse Evolution နဲ့သက်သေပြရမယ်၊ လူကမျောက်ဘ၀(တိရိစ္ဆာန်ဘ၀)ကိုပြန်ဆင်းသက်တယ်ပေါ့ဗျာ။

Reverse Evolution


စစ်ကြီးတွေကြောင့် လူသားတွေမငြိမ်းချမ်းနိုင်ဘူး။ ကလေးပေါင်းများစွာ အစာရေစာငတ်သေဆုံးရတယ်။ စစ်ဘေးဒုက္ခကိုခံစားနေရတယ်။ ၀မ်းတထွာသာရှိတဲ့ လူသားတွေက အချင်းချင်းခေါင်းပုံဖြတ် စုဆောင်းလို့ တိရိစ္ဆာန်ဘ၀ဆီ တိုးဝင်နေကြတယ်။ သဘာဝဘေးဆိုးတွေကလည်း လူပေါင်းများစွာအသက်ကို ယူငင်ပြီး ပင်လယ်ကြီးတွေဆီ၊ မြေလွှာတွေဆီပြန်ပို့နေရတယ်။

နောက်..ဒီခေတ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်မှုများလာတော့ လေထုညစ်ညမ်းမှု တွေများလာတယ်။ ကမ္ဘာကြီးလည်းဖျားနေပြီ။ လူတွေလည်းဖျားနေပြီ။  

တကယ်တော့ လူတွေရဲ့ "လောဘဟာ သဘာဝဘေးဆိုးတွေကို သွယ်ဝိုက်ပြီးဖြစ်စေတာပဲ" လို့ ကျွန်တော့အဖေပြောတာ မှတ်မိနေတယ်။

လောဘလေးတွေနည်းနည်းလျှော့လို့ အငြိုးတွေနည်းနည်းလျှော့လို့ ကမ္ဘာကြီးဖျားနေတာကို ကူညီကြစို့ပါ။

ဒီအတွေးစုလေးကို၊ BIG V မှ ချစ်သောကမ္ဘာမြေ သီချင်းလေးကို နားထောင်ရင်းရခဲ့တာပါ။
ကိုငှက်ကြီး (ထူးအိမ်သင်) နဲ့ တခြားအဆိုတော်တွေ ဆိုထားတဲ့ခွေလေးပါ။ စာသားလေးတွေက
ကျွန်တော်တို့တွေအားလုံးကို သတိပေးနေသလိုပဲဗျ။ နောက်ပြီး ဒီသီချင်းလေး နားထောင်တဲ့အခါတိုင်း
လောဘကို နည်းနည်းဖြစ်ဖြစ် လျှော့ချင်စိတ်ဖြစ်ဖြစ်လာတာအမှန်ပဲ။ ကမ္ဘာကြီးကိုကူညီဖို့
သီချင်းလေးအတူတူ ဟစ်ရအောင်စာသားနဲ့ သီချင်းကို အောက်မှာ တွဲထားပေးပါတယ်။

တီးရင်း၊ ဆိုရင်း၊ နားဆင်ရင်း၊ ချစ်ခြင်းမေတ္တာအကြောင်း ငြိမ်းချမ်းစွာသင်ကြားနိုင်ပါစေ .. ဆိုတဲ့ ကိုထူးအိမ်သင်ရဲ့ ဆန္ဒလည်းပြည့်ဝပါစေ... ကမ္ဘာကြီးလည်းငြိမ်းချမ်းပါစေ....



ချစ်သောကမ္ဘာမြေ

တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး မိုးတိမ်တွေကို မော့ကြည့်လိုက်
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တခုသောကောင်းကင် ကောင်းကင်ပြာကြီး ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို ခရီးနှင်ကြ

မိုးတိမ်များ မျောလွင့်ဆဲ ဘယ်လို ပုံသဏ္ဍာန်တွေကွဲလည်း
တကယ့်တကယ်တမ်းတော့ ကောင်းကင် တမိုးအောက် ခရီးသွားများပါပဲ

တို့လူသား ဘ၀တွေလည်း ဘယ်လို အခြေအနေတွေခြားလည်း
ငြင်းဆန်မရတဲ့ လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါပဲ

အားလုံးပဲ ဆန္ဒများ နောက်လိုက် မောဟနဲ့လောင်မြိုက်ရင်း
တကယ်ဆိုရင် ဘာမှ မကွဲပြားမှန်း သိလျက်နဲ့ ဘာကြောင့်များ မာနတံတိုင်း ခြားနေချင်လဲ

အကျည်းတန်တဲ့ ရန်ပွဲတွေက ဘယ်လို အချိန်မှာ ရပ်သွားမလဲ
အညှိုးတွေနဲ့ မာနတွေဖွဲ့ အမုန်း ဒီမီးတောက်များပါပဲ

အိုး--- လဲကျတဲ့လူ ထူဖေးမလို့ အားနည်းတဲ့သူ ကူရင်း ဒဏ်ရာတွေ အပြန်အလှန် မပေးကြနဲ့
လောကထဲ ဒီခဏလေး ဆုံလာတဲ့ ဧည့်သည်တွေပဲ

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် လာသွားစို့

ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို

ဘယ်လောက် ကြီးငယ်လည်း ဘယ်လိုနိမ့်ကျမလည်း လူဟာ မြူမှုန်ငယ်တခုပဲ
သမုဒ္ဒရာထက် ရေပွက်ငယ်လေး ခုမြင် ခုပျောက် ခဏတာပဲ

တို့အချစ်ရဲ့ ခြေသံများနောက်လိုက် မိမိကအစ ကမ္ဘာမြေအဆုံး လူပီစွာ အတူလက်တွဲကြစို့ တယောက်နဲ့တယောက်

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် လာသွားစို့

ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို
ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို

မင်းကိုကို

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved