“ညီမ မနေ့က အစ်ကိုတို့ရုံး လစာထုတ်တယ် ဟုတ်”
“ဟုတ်တယ်လေ အစ်ကို ... ဘာဖြစ်လို့လဲ”
“အစ်ကို့ ဘဏ်ထဲကို ငွေဝင်တာလည်း မတွေ့ဘူး ... ဒီမနက်ပဲ အစ်ကို သွားချက်ပြီးပြီ ... တစ်ခုခုများ မှားနေလားလို့”
“မမှားဘူး အစ်ကို၊ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ အစ်ကို လာပေးထားတဲ့ ဘဏ်အကောင့် အသစ်ထဲကို သေသေချာချာ လွှဲလိုက်တာပါ”
တိန် ... သေပြီဆရာ ...
ပြီးခဲ့သည့် တစ်ပတ်အတွင်းက အိမ်ကိစ္စတစ်ခုကြောင့် ကပ်စေးနဲ ကော်တရာ ခင်မြတ်နွယ်၏ ဘဏ်အကောင့်ကို ပေးလိုက်မိသည်။ ဒါကို ဒေါ်စာရေးလေးက နားလည်မှုလွဲမှားစွာ သုံးနေကျ ဘဏ်အကောင့်ကို မသုံးတော့ဘဲ ဘဏ်အကောင့် အသစ်လဲသုံးသည် အထင်ဖြင့် ကပ်စေးနဲ ကော်တရာ ခင်မြတ်နွယ်၏ ဘဏ်အကောင့်ထဲကို လွှဲချလိုက်သကိုး ... သေပြီဆရာ သေပြီ သေပြီ။ ငြိမ်းနိုင်အောင် တစ်ယောက် ပါးစပ်ဟောင်းလောင်းဖြင့် စာရေးမလေးကို ပြူးကြည့်လျှက် ကြက်သေသေနေမိသည်။ စကားတစ်ခွန်းမျှ ပြန်မပြောနိုင်တော့ပဲ သူအလုပ်ရှိရာ စားပွဲသို့ ပြန်လာထိုင်ပြီး ငိုင်နေမိသည်။ ဘယ်လို လုပ်ရပါ့၊ အိမ်အပြန်တွင် ထင်းပိုင်း ဒါမှမဟုတ် တုတ်ကြီးကြီး တစ်ချောင်းဖြင့် အိမ်ပေါက်ဝမှာ ရပ်စောင့်နေသည့် ဒေါသအိုး ကပ်စေးနဲ ကော်တရာ မဟေသီ ခင်မြတ်နွယ် မျက်နှာကိုသာ မြင်ယောင်နေမိသည်။ ထိုနေ့ညနေ အိမ်ကို မပြန်ရဲတော့ဘဲ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တစ်ယောက်အိမ်တွင် ဖုန်းပိတ်ကာ အရက်မူးအောင် သောက်၍ အိပ်လိုက်ရသည်။ နောက်နေ့မနက်တွင်တော့ ကော်တရာ ခင်မြတ်နွယ်မှ ပြဿနာ မရှာပါ၊ အိမ်ကိုသာ ပြန်ခဲ့ပါဆိုသည့် သူငယ်ချင်း တစ်ယောက်နှင့် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းလာမှသာ ငြိမ်းနိုင်အောင် တစ်ယောက် အိမ်ကိုပြန်ရဲတော့သည်။ သို့သော် ရသမျှလစာ အကုန်အပ်ရမည် ဆိုသော တန်ဖိုးအကြီးမားဆုံး ကတိစကားကိုတော့ စိတ်မကောင်းဖွယ်ရာ ကပ်စေးနဲ ကော်တရာ ခင်မြတ်နွယ်အား ပေးလိုက်ရလေတော့သည်။
အဉ္ဖလီ
0 comments :
Post a Comment