ကုလားအဖိုးကြီးဦးလှဖေပြောပြသော လွတ်မြောက်ခြင်းပုံပြင်

Sunday, April 13, 2014

~



  

 .
တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်း၌ ကျွန်ုပ်နှင့်အတူ ဒေါ်သတ္တိကြီး နှင့် ဦးလှဖေဟု အမည်ရသော ကုလားအဖိုးကြီး သုံးဦးသား ထိုင်၍ စကားပြောဆိုနေကြ၏။ ထိုနေ့ နံက်ပိုင်းတွင် ကျွန်ုပ်တို့ သုံးဦးသား လဘက်ရည်ဆိုင်သို့ မသွားတော့ပဲ အိမ်မှာပင် ကော်ဖီမစ်ထုပ်များကို ဖျော်၍ အီကြာကွေးကို ဆိုင်မှ ၀ယ်ယူကာ စားကြရင်း ရောက်တတ်ရာရာ စကားများကို ထိုင်၍ ပြောဆိုနေကြ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၃၀)ခန့်ရှိသော အမျိုးသမီး တစ်ဦး ၀င်ရောက်လာလေ၏။ ဗေဒင်မေးချင်သည်ဟု ပြောသောကြောင့် ကျွန်ုပ်ကလည်း ဗေဒင်ဟောပေးရန် ပြင်ဆင်ရလေ၏။ ထိုအမျိုးသမီး၏ အမည် မွေးရက် မွေးသက္ကရာဇ်များကို မေးမြန်းတွက်ချက်ပြီးလျှင် ပြည်ပြည့်စုံစုံ ဟောပေးလိုက်၏။ ထိုအမျိုးသမီးကို ကြည့်ရသည်မှာ ကျွန်ုပ်၏ ဗေဒင်ဟောပြောချက်များကို လုံးဝ စိတ်မ၀င်စားသကဲ့သို့ ဖြစ်နေ၏။

ဤသည်မှာလည်း အကြောင်းရှိ၏။ ကျွန်ုပ်တို့ကဲ့သို့ ဗေဒင်ဆရာများ အများစု ကြုံတွေ့ရသော အခက်အခဲ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဈေးသည် အများစုသည် မိမိ ပါတ်ဝန်းကျင်မှ လူအများ အလိုရှိသော လူသုံးကုန်ပစ္စည်းကို မရောင်းချမူပဲ မိမိတို့ ရောင်းချင်သော ပစ္စည်းကို ကိုယ့်သဘောနဲ့ကို ရောင်းချနေသကဲ့သို့ ဖြစ်၏။ ဗေဒင်ဆရာ အများစုမှာလည်း ကိုယ်ဟောချင်တာကိုသာ အဓိကထားပြီး ဟောနေပြီး ကိုယ့်ဆီကို လာပြီး ဗေဒင်မေးသူများ၏ အမှန်တကယ် လိုအပ်ချက်ကို လျစ်လျှူ ရှု့တတ်သော အကြောင်းတရားကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ယခု နောက်ပိုင်း ကျွန်ုပ်ထံသို့ ဗေဒင်မေးမြန်းရင် လာသူများ၏ သိလိုသော စိတ်ခံစားချက်များကို ဦးစားပေးဖြစ်ခဲ့၏။

ယခုလည်း ကျွန်ုပ်သည် ထိုအမျိုးသမီးအား ပြည့်စုံစွာ ဗေဒင်ဟောပေးပြီး ဖြစ်၏။  နောက်ဆုံးအနေနှင့် ကျွန်ုပ်က ထိုအမျိုးသမီးအား ကျုပ် ဘာများ ကြည့်ပေးရဦးမလဲ... ဘာကူညီပေးရမလဲဟု မေးလိုက်ရာ ထိုအမျိုးသမီးက ကျွန်ုပ်အား သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက်....

ကျွန်မ ကိစ္စတစ်ခုကို တိတိကျကျ ဂဂနန သိချင်တယ် ဆရာ ကူညီနိုင်မလားဟု ပြောလေ၏။  ထိုအခါ ကျွန်ုပ်က အင်း.... ပြောပါ။ ဘယ်နေ့ သေရမလဲ ဆိုတဲ့ မေးခွန်းကလွဲရင်ပေါ့ဟု ပြန်ပြောလိုက်ရာ ထိုမိန်းကလေးက သေမယ့်နေ့ကို ကျွန်မ စိတ်မ၀င်စားပါဘူး။ ဘာကြောင့်လဲဆိုတော့ သေခြင်းတရားဆိုတာ ကျွန်မတို့ နဲ့ အတူ ရှိနေတာပဲ။ ကျွန်မတို့ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ တစ်နေ့နေ့ ရောက်လာမှာ မဟုတ်ဘူးလား။ မွေးဖွားလာစဉ်ကတည်းက သေခြင်းတရားက အတူတကွ ဖွားဖက်တော်လို ပါလာခဲ့တာပါ။ ကျွန်မ စိတ်ဝင်စားတာက ရှင်သန်မှု အတွက်ပါဟု ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ဟုတ်ပါပြီ။ ဘယ်လို ရှင်သန်မှုမျိုးလည်းဟု ပြန်မေးလိုက်လေရာ ထိုမိန်းကလေးက ကျွန်မ အိမ်ထောင်ပြုချင်တယ်။ ကျွန်မမှာ ချစ်ရမယ့်သူလည်း ရှိပါတယ်။ အခုဆို ကျွန်မနဲ့ သူနဲ့ ချစ်သူသက်တမ်းလည်း လေးနှစ်တောင် ကျော်လာခဲ့ပြီ။ ဒီကမ္ဘာပေါ်မှာ ကျွန်မ အပေါ်မှာ နားလည်မှု အရှိဆုံးနဲ့ အကောင်းဆုံး ယောက်ကျားတစ်ယောက်ပေါ့ဟု ပြန်ပြောလေရာ ကျွန်ုပ်က အော်... ဒါဆိုလည်း မြန်မြန် အိမ်ထောင်ပြုလိုက်တော့လေဗျာ..။ ကိုယ့်အပေါ် ဒီလောက် ကောင်းတဲ့ အိမ်ထောင်ဖက်ကိုလည်း ရရှိထားပြီပဲ။ ခင်ဗျား အသက်က (၃၀)ဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ထက်တောင် နဲနဲ လွန်နေပြီ မဟုတ်လား ။ ဘာတွေ စဉ်စားနေတာတုန်းဗျဟု ကျွန်ုပ်က ပြန်မေးလိုက်လေရာ ထိုအမျိုးသမီးက

ကျွန်မ အိမ်ထောင်ပြုလို့ မရပါဘူးရှင်။ အိမ်ထောင်ပြုရင် ကျွန်မ အိမ်ထောင်နဲ့ သေကွဲမကွဲ ရှင်ကွဲ ကွဲရမှာပါဟု လွန်စွာ တိကျ ခိုင်မာသော လေသံမျိုးဖြင့် ပြန်ပြောလေရာ ကျွန်ုပ်လည်း လွန်စွာ အံ့သြမှင်သက် သွားမိတော့၏။

ထို့ကြောင့် ကျွန်ုပ်က မိန်းကလေးရယ်... မင်းအပြောက သိပ်ပြီး တိကျလှချည်လား။ ဘာကြောင့် အဲဒီလို သေကွဲမကွဲ ရှင်ကွဲကွဲမယ်လို့ အတိအကျ ပြောနိုင်ရတာလဲဟု ကျွန်ုပ်က ပြန်မေးလိုက်လေလျှင် ထိုမိန်းကလေးက

ဒါ ကျွန်မ ငယ်စဉ်ကလေး ဘ၀ကတည်းက အရိုးစွဲလာခဲ့တဲ့ အသိစိတ်တစ်ခုပဲ။ ကျွန်မတို့ ရွာက ဗေဒင်ဆရာကြီးက ကျွန်မ ကလေးဘ၀ကတည်းက ကျွန်မ မိဘတွေကို ဟောပေးခဲ့တာပါ။ ကျွန်မ မိဘတွေကို ပြောတယ်။ နင်တို့သမီးလေးက သိုက်ကလာတာ ဖြစ်တယ်။ ဥစ္စာစောင့်မလေး တဲ့။ အရင်ဘ၀ဟောင်းက အကိုတော် အမတော်တွေက လိုက်ပြီး စောင့်ရှောက်ပေးနေကြတယ်။ ဒါပေမယ့် သူက အိမ်ထောင်ပြုလို့ မရဘူး တဲ့။ အိမ်ထောင်ပြုတဲ့နေ့ သူ့ကို သိုက်ကို ပြန်ခေါ်မယ်လို့ ဗေဒင်ဆရာကြီးက ကျွန်မ မိဘတွေကို ဟောပေးထားတာ။ ကျွန်မ မိဘတွေကလည်း အဲဒီ ဗေဒင်ဆရာကြီး စကားကို မြေ၀ယ်မကျ နားထောင်ပြီး ကျွန်မ ကြီးပြင်းလာခဲ့တဲ့ ဒီတစ်သက်မှာ ဒီအကြောင်းအရာတွေက ကျွန်မ အတွက်တော့ ညစဉ်ညတိုင်း အိပ်ယာဝင် ပုံပြင်တွေ ဖြစ်လာခဲ့ရတာပဲ။ ဒီအကြောင်းအရာတွေကို အမြဲတမ်း နားယဉ်လာခဲ့တာ ကျွန်မ တစ်သက် ရှိပြီပေါ့။ ဒါကြောင့် ကျွန်မ ပြောနိုင်တာကတော့ ကျွန်မ အိမ်ထောင်ပြုလို့ မရဘူး။ အိမ်ထောင်ပြုရင် ကျွန်မ အိမ်ထောင်နဲ့ ကျွန်မ သေကွဲမကွဲ ရှင်ကွဲကွဲရမှာ။ ကျွန်မရဲ့ အကိုတော် အမတော်တွေက ကျွန်မရဲ့ ၀ိညာဏ်ကို နှုတ်ပြီး သိုက်ကို ပြန်ခေါ်ကြမှာဟု သူမ၏ အကြောင်းကို ဂုဏ်ယူသကဲ့သို့ ပြောပြလေသောကြောင့် ကျွန်ုပ်သည် ငိုအားထက် ရယ်အားသန်သကဲ့သို့ ဖြစ်ရတော့၏။ ကျွန်ုပ်လည်း ဒေါ်သတ္တိတို့ဘက်သို့ မသိမသာ လှမ်းကြည့်မိလိုက်ရာ ဒေါ်သတ္တိနှင့် ဦးလှဖေတို့ကလည်း ရေနွေးကြမ်း သောက်ရင်း ကျွန်ုပ် ဗေဒင်ဟောပြောနေမှုကို မသိမသာ အကဲခပ်နေကြောင်း တွေ့ရ၏။

ကျွန်ုပ်လည်း စိတ်အနည်းငယ် ရှုပ်ထွေးသွားသကဲ့သို့ ဖြစ်သွားသောကြောင့် စီးကရက် တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်ပြီးလျှင် မီးခိုများကို ကောင်းကင်ပေါ်သို့ မှုတ်ထုတ်လိုက်၏။ ထို့နောက် ကျွန်ုပ်က ထိုမိန်းကလေးအား ဒီမှာ မိန်းကလေး မင်းက ဘယ်ဇာတိလဲ.... ထိုင်းကို ရောက်တာ ဘယ်လောက်ကြာပြီလဲ.... အခုရော ဘာအလုပ်တွေ လုပ်နေလဲဟု မေးလိုက်လေလျှင် ထိုမိန်းကလေးက

ကျွန်မက မော်လမြိုင် ဘီလူးကျွန်းဇာတိပါ။ ဆရာကြားဖူးမလားပဲ။ ဘီလူးကျွန်း (၆၄) ရွာဆိုတာလေ..။ အခုတော့ (၆၄)ရွာ မကတော့ပါဘူး။ အဲဒါ ကျွန်မ ဇာတိဖြစ်ပါတယ်။ ထိုင်းကို ရောက်တာတော့ ကြာပြီပေါ့။ ဆယ်နှစ်လောက်တောင် ရှိပြီထင်တယ်။ ထိုင်းရောက်ကတည်းက ပုဇွန်ခွာတဲ့ အလုပ်ရုံတစ်ခုမှာ ၀င်လုပ်နေတာ ။ ဒီနေ့ အထိပါပဲ။ ကျွန်မက အလုပ် မကြာခဏ မပြောင်းတတ်ပါဘူး။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပါတယ်။ ဒါကြောင့် အခုဆို ကျွန်မက အလုပ်ရုံမှာ ၀ဏ္ဏ (အုပ်ချုပ်သူ) တောင် ဖြစ်နေပြီလေဟု ကျွန်ုပ်အား ပြန်ပြောလေ၏။

ကျွန်ုပ်လည်း စီးကရက် နောက်တစ်လိပ်ကို ထပ်မံ မီးညှိရှိုက်ဖွာလိုက်ပြီး ထိုမိန်းကလေး၏ မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးလျှင် ဒီမှာ မိန်းကလေး မင်းဟာ သိုက်ကလာတဲ့ ဥစ္စာစောင့် မိန်းကလေး တစ်ယောက် လုံးဝ မဟုတ်ပါဘူး။ မင်းဟာ သာမန် သူလိုကိုယ်လို သာမန် မိန်းကလေးတစ်ယောက်ပါပဲဟု ပြောလိုက်လေရာ ထိုမိန်းကလေးက သူမ၏ နှုတ်ခမ်းကို မသိမသာ မဲ့လျက်...

ဆရာက ဘာသိလို့လဲ... ကျွန်မက ငယ်ငယ်လေးကတည်းက ဒီအကြောင်းကို ယုံကြည်လက်ခံလာတာ။ ကျွန်မကို ကျွန်မလည်း သိုက်ကလာတဲ့ မိန်းကလေး တစ်ယောက်၊ ဥစ္စာစောင့် မိန်းကလေး တစ်ယောက်လို့ အမြဲတမ်း ခံယူထားတယ်။ ကျွန်မ ချစ်သူကိုလည်း ဒီအကြောင်းတွေကို အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောပြထားတယ်။ သူလည်း အစတုန်းက သိပ်ပြီး လက်မခံချင်ဘူး။ နောက်တော့ သူလည်း မပြောနိုင်တဲ့အဆုံး ကျွန်မ ပြောတာကို လက်ခံ ယုံကြည်သွားတော့တာပဲ။ ကျွန်မ ချစ်သူ အကြောင်းကို ပြောရရင်တော့ သူဟာ ကျွန်မအတွက် သိပ်ပြီး လေးစားစရာ မြတ်နိုးစရာ တန်ဖိုးထားစရာ ကောင်းတဲ့ ယောက်ျားတစ်ယောက်ပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က အဲဒီတော့ မိန်းကလေးရဲ့ချစ်သူက မိန်းကလေးကို စိတ်ပျက်ပြီး မထားသွားဘူးလား..။ လက်ထပ်ထိမ်းမြားလို့လည်း မရတဲ့ မိန်းကလေး တစ်ယောက်ကို သူက ဘာမျှော်လင့်ချက်နဲ့ ဒီလို စောင့်ဆိုင်းပြီး ချစ်နေတာလဲဟု ကျွန်ုပ်က ပြန်မေးလိုက်၏။ ထိုအခါ သူမက

အော်... ဆရာကလည်း ကျွန်မ ပြောပြီးပါပကော။ ကျွန်မ ချစ်သူက လူ အယောက်တစ်ထောင်မှာ တစ်ယောက် အယောက်တစ်သောင်း တစ်သိန်းမှာ တစ်ယောက်လို ရှာမှ ရှားတဲ့ ယောက်ကျားထဲက ယောက်ကျားတစ်ယောက်ပဲလို့။ ကျွန်မက ကျွန်မရဲ့ သိုက်ကလာတဲ့ အကြောင်း အိမ်ထောင်ပြုလို့ မရတဲ့ အကြောင်းကို သူ့ကို ပြောပြတော့ သူက ဘာပြန်ပြောသလဲ သိလား။ သိပ်ပြီး အံ့သြစရာ ကောင်းတာပဲ။ သူက ပြောတယ်။ ရပါတယ် တဲ့။ လက်မထပ်ရလဲ အကြောင်း မဟုတ်ပါဘူး။ ဒီတစ်သက် ကျွန်မကို ချစ်ခင်ပြီး စောင့်ရှောက်သွားမယ် တဲ့။ ဒီအကြောင်းတရားလေး တစ်ခုကြောင့်တော့ သူ့ရဲ့ ရင်ထဲ နှလုံးသားထဲက မေတ္တာတရား ပြောင်းလဲသွားဖို့ မရှိဘူးတဲ့။ သူ့ရဲ့ ကျွန်မ အပေါ်မှာ ထားတဲ့ မေတ္တာတရားဟာ ဒီ မဟာ ပထ၀ီမြေကြီးလို ခိုင်ခန့်ပါတယ်တဲ့။ ကမ္ဘာပျက်တောင် မပျက် တည်ရှိနေမှာတဲ။ ဟင်း ဟင်း အစတုန်းကတော့ ကျွန်မလည်း ဘယ်ယုံကြည်ပါ့မလဲ။ ယောက်ကျားတွေ လျှာမှာ အရိုးမရှိတိုင်း ပြောနေတယ်လို့ ထင်တာလေ..။ ဒါပေမယ့် ကျွန်မတို့ ချစ်သူသက်တမ်း ရက်တွေ လတွေ နှစ်တွေ ကြာလာတော့မှ သူ့ အချစ်ကို မအံ့သြဘဲ မနေနိုင်တော့ပါဘူး။ ဒီနေ့အထိ ကျွန်မ အနားမှာ အမြဲတမ်း ရပ်တည် ရှင်သန်နေထိုင်နေတာ။ နဲနဲ ပိုပိုလေး ပြောရရင်တော့ သူ့ကိုယ် နဲ့ ကျွန်မစိတ်လိုတောင် ပြောရလောက်အောင် ရှင်သန်နေတာ။ အံ့သြစရာ မကောင်းဘူးလားဟု တက်ကြွစွာ ပြန်ပြောလေ၏။

ဒါနဲ့ ... ကိုယ့်အပေါ် ဒီလောက်ကောင်းတဲ့ ချစ်သူနဲ့ လက်ထပ်ပြီး ဘ၀တစ်ခု မထူထောင်ချင်ဘူးလား မိန်းကလေးရယ်ဟု ကျွန်ုပ်က မေးလိုက်လျှင် ထိုမိန်းကလေး၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလို ရွာတော့မယ့် မိုးလို့ အုံ့ဆိုင်းသွား၏။ ထို့နောက် တိုးတိတ်စွာဖြင့် ... မရဘူးလေ ဆရာရယ်။ ကျွန်မ ဘ၀ကို ဆရာ့ကို ပြောပြထားပြီပဲ။ ကျွန်မလည်း တခြား မိန်းကလေးတွေလို ဘ၀တစ်ခုကို အေးအေးချမ်းချမ်းလေး တည်ဆောက်ချင်တာပေါ့။ မိသားစု ဘ၀လေး လိုချင်တာပေါ့။ ကျွန်မရယ် ကျွန်မ ချစ်သူရယ် ကျွန်မတို့ ကလေးလေးတွေရယ် အိုး... ဘယ်လောက် သာယာ ပျော်ရွှင်ကြည်နူးဖို့ ကောင်းလိုက်မလဲ။ ဒါပေမယ့် မရဘူးလေ ဆရာရယ်။ ကျွန်မကို သိုက်က ပြန်လာခေါ်မှာ ... ။ ကျွန်မကို အကိုတော် အမတော်တွေက ဒဏ်ခတ်မှာ။ ကျွန်မ သိတယ်။ သေကွဲမကွဲ ရှင်ကွဲ ကွဲကြမှာဟု ၀မ်းနည်းစွာ ကြေကွဲစွာဖြင့် ကျွန်ုပ်အား ပြောလေ၏။

ကျွန်ုပ်လည်း သူမအား စိတ်ပိုင်းဆိုင်ရာ ထိုးစစ်ဆင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ကောင်းစွာ နားလည်သွားပြီ ဖြစ်၏။ သူမသည် သိုက်ကလာသော ဥစ္စာစောင့် မိန်းကလေး တစ်ဦး မဟုတ်မှန်း ကျွန်ုပ်၏ ပညာဖြင့်လည်းကောင်း အတွေ့အကြုံအရလည်းကောင်း ကောင်းစွာ သိနားလည်ထား၏။ သူမသည် ဆိုက်ကို တစ်ဦး ဖြစ်နေခြင်း ဖြစ်၏။ မြန်မာ လူမှုပတ်ဝန်းကျင် - ကျေးလက် အမျိုးသမီး လောကတွင် လွန်စွာ ခေတ်စားသော အယူအဆ တစ်ခု ဖြစ်၏။ ဗေဒင်ဆရာတော်တော်များ ဤကဲ့သို့ ဟောကိန်းထုတ် လေ့ရှိ၏။ ဤဟောကိန်းကြောင့် ဆိုက်ကို ဖြစ်သွားရသော မိန်းကလေး အများစုကို ကျွန်ုပ် တွေ့ဖူးထားပြီ ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ဤပြဿနာအား ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းသည် ကျွန်ုပ်တွင် ရှိထားပြီ ဖြစ်၏။ အယူဝါဒ အစွဲအလန်း တစ်ခုသည် နှစ်ပေါင်းများစွာ ရက်ပေါင်းများစွာ စွဲလန်း လက်ခံယုံကြည်လာပါက ထိုအကြောင်းအရာကို အမှန်တရားဟု ယူဆသွားတတ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုမိန်းကလေးအား အောက်ပါအတိုင်း စကားစလိုက်၏။

ဒီမှာ ... မိန်းကလေး မင်းဟာ မင်း မိဘတွေ ပြောသလို သိုက်ကလာတဲ့ ဥစ္စာစောင့် မိန်းကလေး တစ်ယောက် လုံးဝ မဟုတ်ဘူးဟု ပြောလိုက်ရာ ထိုမိန်းကလေးက ဆရာက ဘယ်လို သက်သေ ပြနိုင်လို့လဲ... ခိုင်လုံတဲ့ သက်သေ တစ်ခု ကျွန်မ လိုအပ်တယ်ဟု ချက်ချင်း ပြန်မေးလေ၏။

သက်သေ... ဟုတ်လား။ ရှိတာပေါ့။ သက်သေကလည်း ခိုင်လုံလိုက်တာမှ သိပ်ကို တိကျ ခိုင်လုံတယ်။ ဒါ ပုံသေနည်းပဲဟု ပြန်ပြောလိုက်၏။ အဓိကကတော့ မင်းရဲ့ ဘ၀ရှင်သန် နေထိုင်မှုအတွက် အလုပ် လုပ်နေရတာကိုက မင်းဟာ သိုက်ကလာတဲ့ မိန်းကလေး တစ်ဦး မဟုတ်ဘူး ဆိုတာ ထင်ရှားနေတယ်။ ဒီမှာ မိန်းကလေး မင်းကို နားလည်အောင် ပြောပြမယ်။ သိုက်ကလာတဲ့ ဥစ္စာစောင့်တွေဟာ အခု မင်း အလုပ်လုပ်နေသလို အလုပ်လုပ်စရာ မလိုဘူး။ သူတို့တွေဟာ မွေးဖွားလာစဉ်ကတည်းက မပူမပင် မကြောင့်မကျ နေထိုင်နိုင်တယ်။ ကြီးပြင်းတဲ့ ဘ၀တစ်လျှောက်လုံးလည်း ရွှေလို ရွှေ ငွေလို ငွေ ပြည်စုံတယ်ကွဲ့။ သူတို့ စိတ်က ရည်မှန်းလိုက်တာနဲ့ အော်တိုမစ်တစ် အလိုလို ရောက်လာပြီးသားပဲ။ မင်းလို သူများတွေ အလုပ်လုပ်နေသလို ပင်ပင်ပန်းပန်း အသက်မွေး လုပ်ကိုင်နေစရာ အကြောင်း မရှိဘူး။ မင်းကတော့ ပြောတော့ သိုက်ကလာတာ။ လုပ်နေရတာက ထိုင်းမှာလာပြီး တစ်နေ့ ဘတ်သုံးရာနဲ့ ပုဇွန်ခွာနေရတယ်။ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း မလောက်မင စားသောက် နေထိုင်နေရတယ်။ ဒီအချက်နဲ့တင် မင်းဟာ သိုက်က လာတဲ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူးဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုပဲဟု ကျွန်ုပ်က ပြောလိုက်လျှင် ထိုမိန်းကလေးသည် အနည်းငယ် တွေဝေသွားသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် သူမက

ဟုတ်တယ်နော်။ ကျွန်မလည်း တစ်ခါတစ်ခါ စဉ်းစားကြည့်မိပါတယ်။ သိုက်ကလာတယ်လဲ ပြောသေးတယ်။ ငါဘာလို့ ဒီလောက် ပင်ပန်းနေရတာလဲလို့။ ဘာကြောင့် ပြည့်ပြည့်စုံစုံ မနေထိုင်ရတာလဲလို့ ။ ငါ့ကို ဘာကြောင့်များ သိုက်က အကိုတွေ အမတွေက လာပြီး မကြည့်ရှု မပေးကမ်းတာလဲလို့ တွေးမိပါတယ်။ ဒါပေမယ့် အချိန်မတန်သေးလို့ ဖြစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေ တွေးလိုက်တယ်ဟု ပြောလေ၏။ ကျွန်ုပ်လည်း ကျွန်ုပ်ပြောလိုက်သော စကားသည် သူမ၏ နှလုံးသားကို တိုက်ရိုက် ထိသွားပြီဖြစ်ကြောင်း သိလိုက်သောကြောင့် ကျွန်ုပ်သည် စကားကို ဆက်လက် ပြောလိုက်၏။

ဒီလိုရှိပါတယ် မိန်းကလေး။ အခု မင်းတို့ ပြောပြောနေတဲ့ သိုက်တို့ ဥစ္စာစောင့်တို့ဆိုတာတွေဟာ လောကကြီးမှာ လုံးဝ မရှိတဲ့ အရာတွေလို့တော့ မပြောလိုပါဘူး။ ဒါဟာ မမြင်ရတဲ့ အကြောင်းတရားတွေ ရှိချင်လည်း ရှိနိုင်တယ်။ မရှိချင်လဲ မရှိနိုင်ဘူး။ အခု ပြောနေတာက ရှိခြင်း မရှိခြင်းကို ငြင်းခုန်နေတာ မဟုတ်ပါဘူး။ ဒါက အရေးမကြီးဘူး။ ကိုယ်နဲ့လည်း မပတ်သက်ပါဘူး။ အခု ပြောနေတဲ ကိုယ်ဟာ သိုက်ကလာတဲ့ လူ ဟုတ်လား မဟုတ်ဘူးလား ဆိုတဲ့ အချက်ကြတော့ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လေ။ အဲဒီ သိုက်တို့ ဥစ္စာစောင့်တို့ ပဋ္ဌာန်းဆက်တို့ ဆိုတာ ငါတို့ ဗေဒင်ဆရာတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပါတ်သက်နေတာတော့ အမှန်ပါပဲ။ ဒါကြောင့် ဗေဒင်ဆရာ ဖြစ်လာပြီး နောက်ပိုင်းမှာ တိတိကျကျ ပြောရရင်တော့ ကျုပ်ရဲ့ အသက် (၂၃)နှစ် နောက်ပိုင်းမှာ အဲဒီ အကြောင်းအရာတွေကို ထဲထဲဝင်ဝင် လေ့လာလိုက်စား လာမိတယ်။ လေ့လာတယ်ဆိုတော့ ငါတို့ ဘယ်က စရမလဲ...။ ရာဇ၀င်ကို ပြန်လှန်ရတာပေါ့။ ရာဇ၀င်ထဲက ဥစ္စာစောင့်တွေ အကြောင်းပေါ့။ များသော အားဖြင့် ငါတို့ မြန်မာ လူမှုနယ်ပယ်မှာ ပုံပြင် ဒဏ္ဍာရီလို သိပ်ပြီးတော့ လူပြောများတယ်။ ပါးစပ်ရာဇ၀င်တွေလည်း အများကြီး အများကြီး ရှိတယ်။ ပြဇာတ်ခွေတောင် ရှိတယ်လေ။ ငယ်ငယ်တုန်းက နားထောင်ဖူးမလားပဲ။ မမြစိမ်းတို့ ပြဇာတ်ခွေလေ။ နားထောင်ရတာ သိပ်ကောင်းတယ်။ သနားစရာ ကောင်းတယ်။ ခံစားရတယ်ပေါ့။ ထားပါတော့။

အဲဒီလို လေ့လာကြည့်လိုက်တော့ တူညီတဲ့ အချက်တစ်ခုက သိုက်ကလာတဲ့ ဥစ္စာစောင့်တွေဟာ ပြည့်ပြည့်စုံစုံ နေထိုင်ရတယ်။ သူတို့တွေကြောင့် သူတို့ရဲ့ မိသားစုဝင်တွေကြောင့် အလိုလို ချမ်းသာလာကြတယ်။ နောက်ပြီး တူညီတဲ့အချက်က သာသနာပြုကြတယ်ပေါ့။ ဘုရားတည်တယ်။ ကျောင်းဆောက်တယ်။ အလှူ လုပ်တယ်။ ပြီးတော့ သူရဲ့ အရင် ဘ၀က ဆွေတော်မျိုးတော် အပေါင်းကို အမျှအတန်း ဝေပေးတယ်ပေါ့။ အဲဒီ ရည်ရွယ်ချက်ကြောင့်ပဲ လူ့ဘ၀ လူ့လောကကြီးကို ရောက်လာကြတာ ဖြစ်တယ်။ သူတို့အားလုံးရဲ့ ကိုယ်စား ကုသိုလ်ကောင်းမှု ပြုဖို့ ဆောင်ရွက်ပေးဖို့ လူ့ပြည်ကို ခေတ္တ လာရောက် ၀င်စားခဲ့တာ။ သူတို့ သိုက်ကို ပြန်ရင်လည်း အလိုလို ငြိမ်ငြိမ်လေး သေဆုံးသွားကြတယ်ပေါ့။ သူတို့ သေသွားပေမယ့် သူတို့ရဲ့ မိဘ မိသားစုတွေ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ ဖြစ်ကျန်ခဲ့တယ်ပေါ့။ ဒီအချက်ကတော့ ရာဇ၀င်ထဲတွေမှာ လေ့လာရင်း တူညီတဲ့ အချက်တွေကို တွေ့ရတာပါ။ မယုံလို့တော့ မရဘူး။ သူတို့ တည်ခဲ့တဲ့ ဘုရားစေတီတွေ ဒီနေ့အထိ ရှိနေတယ်။ ဒါကတော့ သက်သေပေါ့။

သိုက် ဆိုတဲ့ စကားနဲ့အတူ သိုက်တူးတယ်ဆိုတဲ့ စကားကလည်း ငါတို့ မြန်မာနယ်ပယ်မှာ အင်မတန် ခေတ်စားတာပေါ့။ ဂမ္ဘီရ ၀တ္ထုတွေမှာ အများဆုံးပါတယ်။ သိုက်ဆရာကြီးတွေက တပည့်တွေကို ခေါ်တယ်။ ပြီးတော့ အဲဒီ သိုက်နေရာကို စည်းတားတယ်။ ကန်တော့ပွဲတွေ ဘာတွေ ပြင်တယ်။ ပြီးတော့ သူတို့ ပညာနဲ့ သိုက်တူးတယ်။ သိုက်တူးတယ်ဆိုတာက အဲဒီ ဥစ္စာစောင့်တွေ စောင့်နေတဲ့ ပစ္စည်း ဥစ္စာတွေကို တူးယူတယ်လို့ ရေးကြတာပါပဲ။ နောက် သိုက်တူးနေရင်း စည်းပေါက်တယ်။ စည်းပေါက်သွားတော့ မြေပြင်က ရေပြင်ဖြစ်သွားတယ်။ အဲဒီ မြေပြင်ကို ရေပြင်မှတ်ပြီး ဆရာတပည့်တွေ တညလုံး လက်ပြစ် ကူးနေကြရတာ။ မိုးလင်း အနားက ဖြတ်သွားတဲ့ လူတွေက ဟေ့လူတွေ ဘာလုပ်နေတာလဲလို့ လှမ်းအော်လိုက်မှ ပြန်ပြီး သတိရသွားတယ်။ နောက် အဲဒီ ဆရာတပည့်တွေ အားလုံး သည်းချေပျက်ကုန်တယ်။ အလွယ်ပြောရရင်တော့ ရူးသွားကြတယ်ပေါ့။ ဒါက ၀တ္ထုတွေမှာ ရေးကြတာကို ပြောတာပါ။

အဲဒီတော့ လူက သိုက်ကလာတယ် ဥစ္စာစောင့်မလေး ဖြစ်တယ်လို့ ပြောတယ်။ လက်တွေ့ ဘ၀မှာကြတော့ ထိုင်းမှာလာပြီး ပင်ပင်ပန်းပန်း အလုပ်လာလုပ်နေရတယ်။ ရသလောက်လေးနဲ့ မလောက်မင တိုရည်ရှားရည် စားပြီး အသက်ရှင်သန်ဖို့ မနည်း ကြိုးစားနေရတယ်။ ဒီအဖြစ်အပျက်ဟာ လေးလေးနက်နက် သေသေချာချာ စဉ်းစားကြည့်ရင် သဘာဝ မကျသလို ဖြစ်နေတယ်။ လက်ရှိ မင်းရဲ့ဘ၀ကို မင်းကိုယ်တိုင် မနည်းကြီး ကြိုးစား ရုန်းကန်တည်ဆောက်နေရတယ်။ တကယ်လို့ မင်းသာ သိုက်ကလာတဲ့ မိန်းကလေး ဥစ္စာစောင့် မိန်းကလေး အမှန်တကယ် ဖြစ်တယ်ဆိုရင် မင်းဘ၀ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်း နေထိုင်ရမှာ သေချာတယ်။ ဒါကြောင့် မင်းကို အယူအဆ အတွေးအခေါ် ဟောင်းတွေ စွန့်လွတ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ မင်းရဲ့ အနာဂါတ်မှာ ဒီဥစ္စာစောင့်ဆိုတဲ့ အရေခွံဟောင်းကြီးကို ချွတ်ထားခဲ့ပြီး မင်းကို မြတ်နိုးတဲ့ မင်းကို တန်ဖိုးထားတဲ့ မင်းရဲ့ ချစ်သူနဲ့အတူ မင်းလိုချင်နေတဲ့ မိသားစု ဘ၀လေးကို အကောင်းဆုံး ဖန်တီးတည်ဆောက်နိုင်အောင် ကြိုးစားတာဟာ မင်းအတွက် ပိုပြီးတော့ လက်တွေ့ကြမယ်လို့ ထင်ပါတယ်။ အဲဒီလို မှားယွင်းတဲ့ မသေချာ မရေရာတဲ့ အတွေးအခေါ် အယူအဆတွေကို စွန့်လွှတ်ပစ်ဖို့အတွက်ကတော့ မင်းရင်ထဲ နှလုံးသားထဲမှာ သတ္တိဆိုတဲ့ အရာတော့ လိုအပ်တယ်။ သတ္တိမရှိဘူးဆိုရင်တော့ အရင်အတိုင်းပဲ တစ်သက်လုံး ဒီအတွေးအခေါ်ဟောင်းကြီးကို ဖက်တွယ်ပြီး အသက်ဆက်ပေတော့ဟု ပြောရင်း ကျွန်ုပ်၏ စကားကို အဆုံးသတ်လိုက်ပြီး ကျွန်ုပ်ရှေ့တွင် ဗေဒင်ထိုင်မေးနေသော မိန်းကလေးအား အကဲခပ်လိုက်၏။

ထိုမိန်းကလေးသည် သူမ၏ မျက်လုံးကလေးကို အသာအယာ မှိတ်လိုက်ပြီးလျှင် ငြိမ်သက်စွာ ထိုင်နေ၏။ သူမ၏ မျက်လုံးကလေးသည် မှိတ်ထားပါလျက် လှုပ်နေသည်ကို မြင်နေရ၏။ တစ်ချက်တစ်ချက် မေးကြောကလေးများ လှိုင်းလုံးလေး ဖြတ်ပြေးသွားသကဲ့သို့ လိမ့်လိမ့် ပေါ်လာ၏။ တခန်းလုံးလည်း တိတ်ဆိပ် ငြိမ်သက်နေ၏။ တစ်မိနစ်ခန့် အကြာတွင် သူမ၏ မျက်လွှာကလေးသည် ဖြေညှင်းစွာ ပွင့်လာပြီးလျှင် ကျွန်ုပ်အား အေးဆေးစွာ ပြုံးပြလိုက်၏။ ထို့နောက် သူမသည် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေ၏။

အိုကေတယ် ဆရာ။ ဘ၀ အသစ် တစ်ခု ကို အမှန်တကယ် ရလိုက်သလိုပါပဲ။ အခုမှ အသက်ရှူချောင်သွားသလို ခံစားရတယ်။ တကိုယ်လုံးလဲ လေထဲမှာ လွင့်မျောသွားသလိုပဲ။ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်မ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ ဒီအချိန်ကစပြီး ကျွန်မ ပြောင်းလဲလိုက်တော့မယ်။ ခဏလေးနော်...။ ကျွန်မ ဖုန်းတစ်ချက် ဆက်လိုက်မယ်။ စောင့်ကြည့်ဟု ပြောဆိုကာ သူမ၏ လက်ကိုင်ဖုန်းနှင့် တစ်စုံတစ်ဦးအား ဖုန်းဆက်နေ၏။ ထိုအချိန်တွင် သူမ၏ မျက်နှာမှာ ပန်းနုရောင်သန်း၍ ပြုံးရောင်သန်းနေလေ၏။ ခဏအကြာ တစ်ဖက်မှ ဖုန်းကိုင်လိုက်ဟန် တူ၏။ သူမ၏ အသံမှာ တိုးတိတ်နွေးထွေးနေ၏။

ဟလို....... မောင်လား.......။ ကျွန်မတို့ လက်ထပ်ကြရအောင်နော်.......... ဒါပဲ

အထက်ပါအတိုင်း တိုတိုတုတ်တုတ် ပြောဆိုကာ ဖုန်းချပစ်လိုက်ရင်း သူမ၏ အဖြစ်အပျက်ကို သူမကိုယ်တိုင် သဘောကျကာ တခစ်ခစ် ရယ်မောနေလေ၏။ သူမ ရယ်မောနေရင်း မျက်ရည်များ လိမ့်ကာ လိမ့်ကာ ကျလာသည်ကို မြင်ရလေ၏။ ကျွန်ုပ်လည်း ဘာဖြစ်လို့ ငိုနေတာလဲဟု မေးမြန်းစရာ မလိုတော့ဘူး ထင်သောကြောင့် မလှမ်းမကမ်းတွင် ထိုင်နေကြသော ဒေါ်သတ္တိတို့ စကားဝိုင်းသို့ သွားရောက်ထိုင်လိုက်တော့၏။ ထိုအချိန်တွင် မိန်းကလေးသည် မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းမပြုဘဲ ကျွန်ုပ်တို့ အခန်းတွင်းမှ ပြန်လည် ထွက်သွားလေတော့၏။ ထိုအချိန်တွင် ဒေါ်သတ္တိကြီးက...

သိပ်ကောင်းတယ် မောင်ဟိန်းတင့်ဇော်ရေ...။ မြင်ရတဲ့ မြင်ကွင်းက ကြည်နူးစရာလေးပါ။ ပထမပိုင်းမှာတော့ မင်းဟာ ဗေဒင်ဆရာ တစ်ဦးပီပီ ဗေဒင်ဟောတဲ့အလုပ်ကို ပီပီပြင်ပြင် လုပ်သွားတယ်။ နောက်ပိုင်းကြတော့ ဗေဒင်ဟောတာ မဟုတ်တော့ဘူး။ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ စူးနစ်ဝင်နေတဲ့ အစွဲအလန်းဆိုတဲ့ စူးတစ်ချောင်းကို နှုတ်ပေးလိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါ အင်မတန် ကောင်းတဲ့ အချက်ပါပဲဟု ကျွန်ုပ်အား ဒေါ်သတ္တိကြီးက ပြောလေ၏။ ထိုအခါ ဒေါ်သတ္တိဘေးတွင် ထိုင်နားထောင်နေသော ဦးလှဖေဆိုသော ကုလား အဖိုးကြီးက

ဟုတ်တယ် လူကလေး...။ ဒီကလေးမကို ကြည့်ရတာကတော့ အမှန်တကယ် လွတ်မြောက်သွားပုံ ရပါတယ်။ သူရဲ့ ရှေးရိုးစွဲ အယူအဆ တစ်ခုကနေ လွတ်မြောက်သွားတာ ကောင်းတဲ့ အချက်ပါပဲ။ ငါတို့တွေရဲ့ လောကကြီးမှာ လူတော်တော်များများက လွတ်မြောက်မှုကို မရှာဖွေကြဘူး။ လက်ရှိ အဖြစ်အပျက်ထဲမှာပဲ သာယာ ပျော်ရွှင်နေကြပြီးတော့ အနာဂတ်နဲ့ လွတ်မြောက်မှုကို မေ့လျော့နေကြတယ်။ ဒီနေရာမှာ လူတိုင်းလူတိုင်းမှာ တစ်ခုမဟုတ် တစ်ခု ရှေးရိုးစွဲ အယူဝါဒတွေ ရှိနေကြတယ်။ အယူအဆမျိုးစုံ နည်းတာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ချို့ကိစ္စတွေဟာ ဘာအကျိုး ရလဒ်တွေ ရလာလို့လဲ။ လူတိုင်းလူတိုင်းကတော့ ပုံပြင် ဒဏ္ဍာရီတွေကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက် ပြောနေကြပေမယ့် ဘာဖြစ်လာကြလို့လဲ လူကလေးရဲ့...။

ကျုပ်တို့ဟာ အမှန်တရားကို မသိနိုင် မမြင်နိုင်တဲ့ ဒီဒဏ္ဍာရီ ပုံပြင်တွေထဲမှာပဲ နစ်မွန်းနေကြတယ်။ ကျုပ်တို့ရဲ့ စိတ်ဟာ ဒီရှေးရိုးစွဲ အယူဝါဒတွေနဲ့  ချည်နှောင် ခံနေရတယ်။ ဒါကြောင့် ကျုပ်တို့ကိုယ် ကျုပ်တို့ စူးစမ်းလေ့လာဖို့ အင်အား မရှိတော့သလို ဖြစ်နေကြရတယ်။ ဒီအကြောင်းတွေကြောင့် ကျုပ်တို့တတွေဟာ ကျုပ်တို့ရဲ့ ဆန္ဒတွေနဲ့ အမြဲတမ်း ဆန့်ကျင်ပြီး နေထိုင်နေကြရတာ မဟုတ်လား။ အဲဒီိလို ကျုပ်တို့ဆီမှာ ဖြစ်ရှိနေတဲ့ ရိုးရာ အယူအစွဲ စိတ်တွေကို ကျုပ်တို့ကိုယ်တိုင်က မမြင်နိုင်ကြတာဟာ ပိုပြီး အံ့သြစရာ မကောင်းဘူးလား။ ဒီလို ဖြစ်တည်နေတဲ့ ဘ၀ အဖြစ်အပျက်တွေကို သေသေချာချာ သုံးသပ်ကြည့်လိုက်တော့ အဲဒီ အကြောင်းတရားတွေကြောင့်ပဲ ကျုပ်တို့တတွေဟာ အမြဲတမ်း စိတ်ရှုပ်ထွေးနေရတယ် ဆိုတာကို သွားတွေ့ရတယ်။ အဲဒီ အရာတွေကနေ လွတ်မြောက်မှုရဖို့ ကိုယ်ကိုယ်တိုင် ကြိုးစားရှာဖွေရမယ်။ ဒီနေရာမှာ

လွတ်မြောက်မှု ဆိုတာနဲ့ ပါတ်သက်ပြီး လူကလေးကို ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်ဟု ဆိုကာ အောက်ပါ ပုံပြင်လေးကို ကျွန်ုပ်အား ပြောပြလေ၏။

ဟိုးရှေးတုန်းက  တောင်ကုန်းပေါ်က တည်းခိုခန်း တစ်ခုမှာ  အလှမွေးထားတဲ့ ကြက်တူရွေး တစ်ကောင်ရှိတယ်။ အဲဒီ ကြက်တူရွေးကလေးဟာ သူ့သခင် သင်ပေးထားတဲ့ (လွတ်မြောက်မှု) ဆိုတဲ့ စကားလုံးကို အမြဲရွတ်တယ်။ ခရီးသွားတစ်ယောက် အဲဒီ တည်းခိုခန်းရှေ့ကို ရောက်လာတယ်။  ကြက်တူရွေး ရွတ်နေတဲ့ စကားလုံးကို ကြားတဲ့အခါမှာ အဲဒီ ခရီးသည်ဟာ အတော်လေး စိတ်မကောင်း ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ခရီးသည်ဟာ သူ့နိုင်ငံ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရင်း ထောင်ခဏခဏ ကျဖူးလို့ပဲ။

အဲဒီ ကြက်တူရွေးလေးရဲ့  လွတ်မြောက်မှု လွတ်မြောက်မှု ဆိုတဲ့ အော်သံဟာ တောင်ကုန်းပေါ်က တိတ်ဆိတ်မှု့ကို ဖြိုခွဲလိုက်ပြီး  ခရီးသည်ရဲ့ နှလုံးသားထဲမှာ ပဲ့တင်ထပ်နေတယ်။ အဲဒီ စကားလုံးကြောင့် သူထောင်ကျခဲ့တဲ့ နေ့ရက်တွေကို ပြန်သတိရလာပြီး သူ့ အစ္ဇျတ္တထဲမှာ ကြွေးကြော်နေခဲ့တဲ့ လွတ်မြောက်မှု ဆိုတဲ့ စကားသံတွေကို ပြန်ကြားယောင်လာတယ်။ ညမိုးချုပ်တဲ့အခါ ခရီးသည်ဟာ အိပ်ယာကထလာပြီး လွတ်လပ်မှုကို လိုချင်နေတဲ့ ကြက်တူရွေးကို လွှတ်ပေးလိုက်တယ်။  ကြက်တူရွေးကို လှောင်အိမ်ထဲက ဆွဲထုတ်ပေမယ့် ကြက်တူရွေးက အတင်း ရုန်းနေတယ်။ လှောင်အိမ် သံတန်းတွေကို ခြေထောက်နဲ့ အတင်းကုတ်ထားပြီး လွတ်မြောက်မှု လွတ်မြောက်မှု ဆိုပြီး အကျယ်ကြီး အော်နေသေးတယ်။ ခရီးသည်ဟာ အဲဒီ ကြက်တူရွေးကို အတော့်ကို ခက်ခက်ခဲခဲနဲ့ လှောင်အိမ် အပြင်ကိုရောက်အောင် ဆွဲထုတ်ခဲ့ရတယ်။ ကြက်တူရွေးကို လွှတ်ပေးပြီးတဲ့နောက်မှာ ခရီးသည်လည်း အိမ်ပျော်သွားတယ်။  ဒါပေမယ့် မနက်လင်းလို့ ခရီးသည် အိပ်ယာက ထလာတဲ့အခါမှာ လှောင်အိမ်ထဲမှာ လွတ်မြောက်မှု လွတ်မြောက်မှုလို့ ပျော်ပျော်ကြီး အော်နေတဲ့ ကြက်တူရွေးကို တွေ့လိုက်ရတယ်။ ပုံပြင်ကတော့ ဒီမှာ အဆုံးသတ်သွားတယ်ပေါ့ လူကလေးဟု ၎င်း၏ လွတ်မြောက်မှု ပုံပြင်ကို အဆုံးသတ်လိုက်လေ၏။

ထိုအချိန်တွင် တချိန်လုံးငြိမ်ပြီး နားထောင်နေသော ဒေါ်သတ္တိက အင်း... ဦးလှဖေကြီးပြောတဲ့ ပုံပြင်က နားထောင်လို့လည်း ကောင်းတယ်။ အသိညာဏ်ကိုလည်း ရစေတယ်။ မောင်ဟိန်းတင့်ဇော်ကရော ဘယ်လို အတွေးတွေ ရလိုက်လဲဟု ကျွန်ုပ်ဘက်သို့လှည့်ကာ မေးလိုက်လေ၏။ ကျွန်ုပ်လည်း ခေတ္တခနမျှ တွေးတော စဉ်းစားလိုက်ကာ

လွတ်မြောက်မှုဆိုတာ အမှန်အကန် ကိုယ်ရော စိတ်ပါ လွတ်မြောက်ဖို့ လိုတယ်ထင်တယ်။ ခုနက ကြက်တူရွေး အော်နေသလိုမျိုးတော့ မဖြစ်သင့်ဘူး။ အမှန်တကယ့်ကို စိတ်ထဲက လွတ်လွတ်ကြွတ်ကြွတ်ကြီး လွတ်မြောက်သွားမှ လွတ်မြောက်မှု အမှန် ဖြစ်မယ်။ ကျွန်တော်တို့လည်း ကြက်တူရွေး အော်နေသလို အော်နေလို့ မရဘူး.။ ဒီပုံပြင်ထဲက ကြက်တူရွေးကတော့ သူ့သခင် သင်ပေးထားတဲ့ လွတ်မြောက်မှုဆိုတဲ့ စကားလုံးကို တွင်တွင်သာ အော်နေပေမယ့် သူရဲ့ မသိစိတ်ကတော့ ဒီလှောင်အိမ်ထဲမှာပဲ ပျော်မွေ့နေတယ်။ ကျွန်တော်တော့ အဲဒီလိုပဲ ထင်တယ်ဟု ပြန်ပြောလိုက်လေလျှင် ဦးလှဖေဆိုသော ကုလားအဖိုးကြီးက အသာအယာ ပြုံးလိုက်လေ၏။ ထိုအပြုံးသည် နက်နက်ရှိုင်းရှိုင်း အပြုံးမျိုးဖြစ်ကြောင်း ကျွန်ုပ်၏ စိတ်တွင်းမှ အလိုလို သဘောပေါက်မိသွားလေ၏။

ထိုအချိန်တွင် ဒေါ်သတ္တိကြီးက ကဲ... မောင်ဟိန်းတင့်ဇော်ရေ.. အမေတို့လည်း ပြန်ကြတော့မှ ဖြစ်မယ်ကွဲ့။ ဒီကနေ အပြန်မှာ ဦးလှဖေကြီးက အယုဒ္ဓယကို အလည် သွားချင်တယ် ဆိုလို့ လိုက်ပို့ပေးရဦးမယ်ဟု ပြောလေ၏။ ကျွန်ုပ်ကလည်း ဦးလှဖေကြီးနှင့် ဒေါ်သတ္တိတို့အား နှုတ်ဆက်လိုက်ရင်း နောင်လည်း မကြာမကြာ လာလည်နော် ဦးလှဖေဟု ပြန်လည် နှုတ်ဆက်လိုက်၏။ ထို့နောက် ကျွန်ုပ်၏ စိတ်ထဲတွင် တစ်စုံတစ်ရာ လွန်စွာ သိချင်သော စိတ်တစ်ခု ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ကျွန်ုပ်က ဦးလှဖေကြီးအား ဒါနဲ့ ဦးလေး ဦးလှဖေက ဘယ် ဘာသာကို ကိုးကွယ်တာလဲဗျ....။ ဗုဒ္ဓဘာသာကိုလား ... ခရစ်ယာန်ဘာသာကိုလား.... အစ္စလာမ်ဘာသာကိုလား... ဟိန္ဒူဘာသာကို ကိုးကွယ်တာလားဟု မေးလိုက်လေလျှင် ဦးလှဖေသည် ကျွန်ုပ်၏ မျက်လုံးများကို စိုက်ကြည့်ပြီးနောက် အသာအယာ ပြုံးလိုက်ကာ ကျုပ်က ဘုရားကို ယုံကြည်လက်ခံပြီး ဘုရား လမ်းစဉ်လိုက်တဲ့ သာမန်လူ တစ်ယောက်ပါဗျာဟု ပြန်ပြောလိုက်ရာ ကျွန်ုပ်က အင်းလေ အဲဒါတော့ သိပါတယ်ဗျ... ဘယ်ဘုရားရဲ့လမ်းစဉ်ကို ယုံကြည်တာလဲ...။ ဗုဒ္ဓဘာသာတွေရဲ့ ဂေါတမ ဗုဒ္ဓလား - ဒါမှ မဟုတ် ခရစ်တော်ကိုလား ဒါမှမဟုတ် တမန်တော်ကိုလား... ဒါမှမဟုတ်... ဟု စကားစလိုက်ရာ ဦးလှဖေက

မောင်ဟိန်းတင့်ဇော် ကလည်းကွယ် ဘုရားလမ်းစဉ်ပါ ဆိုနေမှ ဘုရား လမ်းစဉ်ပေါ့ဟု ပဟေဠိ ဆန်သော စကားလုံးများဖြင့် ပြောဆိုနှုတ်ဆက်ရင်း ဒေါ်သတ္တိကြီးနှင့်အတူ ကျွန်ုပ်၏ အခန်းအတွင်းမှ အေးချမ်းစွာ ပြန်သွားကြလေတော့၏။

ဟိန်းတင့်ဇော်http://www.heintinzaw.com



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved