ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချတဲ့ ဦးခင်ညွန့် - အပိုင်း (၂)

Friday, April 25, 2014

~




ထောက်လှမ်းရေး
ဦးခင်ညွန့် ရှောင်လင်ကျောင်းတက်နေတာဟာ NLD ခေါင်းဆောင် ဦးဝင်းတင်အကြောင်း အမေးခံရမှာ စိုးရိမ်လို့လား ဆိုတဲ့ အယူအဆ မနေ့က ဒီဘလော့မှာ ရေးခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချတဲ့ ဦးခင်ညွန့် ဆိုတဲ့ ခေါင်းစဉ်နဲ့ http://blog.irrawaddy.org/2014/04/blog-post_2213.html မှာ ရေးထားတာပါ။

သမ္မတကြီးရဲ့ ပြောရဲဆိုရဲရှိသူ ဦးရဲထွဋ်တောင် ဦးဝင်းတင် နာရေးနဲ့ ပတ်သက်ပြီး တစုံတရာ ပြောရဲသေးတာပဲ ဆိုရင်   အင်း...  ဦးရဲထွဋ်ကြီးက နာမည်နဲ့လိုက်အောင် ရဲပါပေရဲ့လို့ ဆိုရပါမယ်။
ဦးခင်ညွန့်ကြီးက စစ်ထောက်လှမ်းရေး ညွှန်ချုပ်လုပ်ခဲ့သူ ဆိုတော့ တခြားဟာတွေပဲ ရဲပေမပေါ့။
ဥပမာ...နိုင်ငံရေးသမားတွေကို ထောင်ထဲ ဆွဲထည့်၊ ကွန်မြူနစ်တံဆိပ်ကပ်၊ စီအိုင်အေတံဆိပ်ကပ်၊ နှိပ်စက်ညှဉ်းပန်းတာမျိုးတွေကို ကျွမ်းကျင်သူပါ။

သတင်းထောက်တွေနဲ့ တွေ့လို့ ဦးဝင်းတင်အကြောင်းမေးရင်
အင်း... ဒီလူကြီးက ထောင်နဲ့ တည့်တယ်၊ ကျုပ်တို့စောင့်ရှောက်ထားတာ အနှစ် ၂၀   ရှင်သန် ခဲ့တယ်၊ အပြင်ထုတ်ပေးအပြီး NLD စောင့်ရှောက်မှ အခုလို ဆုံးပါးသွားတာ လို့များ ဖြေကြားလေမလား။

ဘယ်လိုဖြေမလဲ ဆိုတာတော့ သူ့မေးမှ သိပါမယ်။
အဲ... ညွှန်ချုပ် ဦးခင်ညွန့်ကြီး တွင်းအောင်းနေတယ် ဆိုရင်လည်း စစ်ထောက်လှမ်းရေး ဒုညွှန်ချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးကျော်ဝင်းကိုလည်း သွားရောက် မေးမြန်းသင့်လှပါတယ်။

ဦးကျော်ဝင်းကြီးတို့က အရင်တုန်းက နိုင်ငံရေး လူ့အခွင့်အရေး လုပ်သူတွေကို စောင့်ကြည့်တယ်၊ အခုတော့ ငှက်တွေကို စောင့်ကြည့်တာနဲ့ပဲ အချိန်ကုန်နေ ဆိုပဲ။
 သတင်းသမား ဆိုတာက စာဖတ်သူတွေကို ချပြဖို့အတွက် အလွှာအသီးသီးကိုတွေ့ဆုံ၊ အမြင်အမျိုးမျိုးကို စုဆောင်းရသူတွေပါ။

အိမ်တွင်းပုန်းနေကြ၊ ငှက်ကြည့်ထွက်နေကြတဲ့အတွက် သူတို့ အားလပ်တဲ့အချိန်မှပဲ မေးမြန်းရပါတော့မယ်။
ဦးကျော်ဝင်းကြီး ငှက်ကြည့်ရခြင်းအကြောင်းရင်းက ဘာများလဲ။

လူတွေသာ ငှက်တွေလို ပျံတတ်ရင် ကောင်းမယ်၊ လေယာဉ်စရိတ်တို့ ဘာတို့ သက်သာမယ် ဆိုပြီး မဟာဗျူဟာလေ့လာရေး လုပ်နေသလား။
ဒါမှမဟုတ် ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ် ဆိုတာ စောင့်ကြည့်နေသလား။

အင်း... ငှက်တွေက ကွန်မြူနစ်ပါတီကေဒါတွေနဲ့ အဆက်အသွယ် ရှိမရှိ၊
စီအိုင်အေ အေးဂျင့်များနဲ့ ထိတွေ့မှု ရှိမရှိ စောင့်ကြည့်တာလည်း ဖြစ်နိုင်ပါတယ်။



http://blog.irrawaddy.org/2013/10/blog-post_2679.html

ဧရာဝတီ Facebook / ဧရာဝတီ Twitter
.

1 comments :

  1. Anonymous said... :

    Bird Watcher, Coffee Shop Owner and Stay-at-home- Reader should learn at this age from U Win Tin how is A State-man defined and how A State-Man think highly.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved