~
လာမည့် ရက်ပိုင်းအတွင် မြန်မာတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီများ ဆွေးနွေးကြ မည် ဖြစ်သည်။
.
ရှမ်းပြည်မြောက်ပိုင်း တောတွင်းတနေရာမှာ တွေ့ရတဲ့ ပလောင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦး (ဓာတ်ပုံ - ကျော်ခ/ဧရာဝတီ) .
ယင်း ဆွေးနွေးမှုသည် ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်နိုင်ပါ့မလား ဆိုသည်ကို အပစ်ရပ် မူကြမ်း နောက်ကွယ်ကို လေးလေးနက်နက် စဉ်းစားလေ့လာရမည့် အချက်ဖြစ်နေသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းသည် နောက်ဆုံး အန္တိမ ရည်ရွယ်ချက်ဟု ဆိုနိုင်ပြီး ယင်းသို့ မရောက်မီ ရှေးဦး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းရေးဆွဲရန် ဖြစ်သည်။ မည်သူတွေ ပါဝင်မည်၍ မည်သူတွေ ဦးဆောင်မည်နည်း၊ မည်သူက စောင့်ကြည့်လေ့လာပြီး နိုင်ငံရေး အရ မည်မျှ ပေါက်မြောက် အောင်မြင်နိုင်မည်နည်း စသည်တို့ကို လေ့လာပြီး လိုအပ်သည်များကို ထပ်ဆင့် ပံ့ပိုးနိုင်ရေး လုပ်ဆောင်ကြရမည် ဖြစ်သည်။
အစိုးရသစ် တက်လာပြီး ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှ စ၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု အချို့ ရရှိခဲ့သော်လည်း ပြည်သူများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်မှု မရှိခဲ့သလို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
KIO ဌာချုပ် လိုင်ဇာတွင် ပြုလုပ်ခဲ့သော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲနှင့် ကရင်ပြည်နယ် လောခီးလာတွင် ပြုလုပ်သောအစည်းအဝေးတို့ အပြီးတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိသည်။ အပစ်ခတ် ရပ်စဲရေး မူကြမ်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို လျှော့ချနိုင်ရန် အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ဖွဲ့စည်းသွားရန် ဆိုသည့် အခန်းတခန်းလည်း ပါဝင်နေသည်။
တဖန် ... နှစ်ဖက် အပြန်အလှန် ဆွေးနွေးသဘောတူညီချက်များ ရရှိပြီး ယင်း သဘောတူညီချက်များ အတိုင်း လုပ်ဆောင်ကြ မည်ဟု ဆိုရာတွင်လည်း ၎င်းတို့ အကောင်အထည်ဖော် လုပ်ဆောင်မှုများကို မည်သူက မည်သို့ စောင့်ကြည့် လေ့လာ သုံးသပ်မည်နည်း ဆိုသည့် အချက်ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
အစိုးရအနေနှင့် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လုပ်ဆောင်သွားမည် ဆိုလျှင် ယင်းသည် တိုင်းရင်းသား လူမျိုးစုများအကြား အမှန်တကယ် ထာဝရ တည်မည့် ငြိမ်းချမ်းရေး လုပ်ငန်းများ အတွက် အကောင်အထည်ဖော် လုပ်ဆောင်မှုဟု မသတ်မှတ်နိုင်ပါ။ တိုင်းရင်းသား ပြည်သူလူထုနှင့် လူထု အခြေပြုအဖွဲ့အစည်းများလည်း ပါဝင်လာမှသာ ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဟု ဆိုနိုင်မည် ဖြစ်ပါသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရ စစ်ဖက်မှ အဓိက ကျသော ခေါင်းဆောင်များ ပါဝင်လာမှုက ဆွေးနွေးပွဲများ၏ အဓိပ္ပါယ်ကိုလည်း ပိုမိုလေးနက်လာစေပါသည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းအား အစိုးရ နှင့် NCCT တို့မှ ခေါင်းဆောင်များ ရေးဆွဲကြတော့မည် ဖြစ်ပေသည်။
အဆိုပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သည် ထာဝရ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ ပထမခြေလှမ်းလည်းဖြစ် အဓိက အုတ်မြစ် လည်းဖြစ်ပေရာ အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၏ အရေးပါမှုကား အတိုင်းထက် အလွန်ပင် ဖြစ်ပေသည်။ ပြည်သူများ လိုလားတောင့်တသော၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး အတွက် အလွန် အရေးကြီးသော ပထမ အဆင့်ကား မကြာမီတွင် စတင်တော့မည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်အား တလျှောက်လုံး ပံ့ပိုးကူညီလာခဲ့သော MPC, တွဲဖက်လုပ်ဆောင်နေသော နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၏ ပံ့ပိုးမှုများကြောင့် ယခု ကျင်းပနေသော ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရေး ဆွေးနွေးပွဲများသည် ယခင့်ယခင်များနှင့်မတူဘဲ ပိုမို စနစ်ကျ ကောင်းမွန်မည် ဟုလည်း မျှော်လင့်မိပါသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ဖြစ်စဉ်များ၏ ရှုတ်ထွေး နက်နဲမှု နှင့် ကျယ်ပြောလှသော ငြိမ်းချမ်းရေး စကားဝိုင်းများ၊ ထိုမှ တဆင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များကား လွန်စွာသိမ်မွေ့ ခက်ခဲသော မမြင်နိုင်သော အပြောင်းအလဲ၊ အချိုးအကွေ့ များစွာဖြင့် စောင့်ကြိုလျက် ရှိနေသည်မှာ အသေအချာပင်။ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များသည်လည်း ယင်းအခြေအနေများကို သဘောပေါက်နေပြီ ဟု ယူဆမိပါသည်။
ခပ်စိပ်စိပ် တွေ့မြင်နေရသော အစည်းအဝေး အမျိုးမျိုးကပင် ယင်း အခြေအနေ၏ ရှုတ်ထွေးမှုကို သက်သေခံလျက် ရှိနေပါသည်။ တဖန် ကမ္ဘာပေါ်ရှိ အောင်မြင်ခဲ့သော အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များသည်လည်း မြန်မာနိုင်ငံအတွက် နမူနာကောင်းများဟု ထင်မြင်ပါသည်။ စာရေးသူ လေ့လာမိသလောက် ကမ္ဘာ့ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် သီးခြားလွတ်လပ်ပြီး သိက္ခာသမာဓိရှိသော ကြားနေ အဖွဲ့များ၏ စောင့်ကြည့်လေ့လာမှုနှင့် အကဲဖြတ်နိုင်စွမ်းအားများသည် ငြိမ်းချမ်းရေး စာချုပ်များ အမှန်တကယ် အသက်ဝင်ပြီး ရေရှည်တည်တံ့မှုအတွက် လွန်စွာမှ အရေးပါသည်ကို တွေ့ရှိရပါသည်။
သိက္ခာ သမာဓိ ရှိသော ကြားနေ ပုဂ္ဂိုလ်များ၏ ခေါင်းဆောင်မှု ဖြင့် ဖွဲ့စည်းထားသော ကော်မတီများ၏ စောင့်ကြည့် အကဲဖြတ် နည်းစနစ်များသည် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့ဝင်များအကြား မလွဲမသွေ ဖြစ်ပေါ် လာနိုင်သော အငြင်းပွားမှု ပဋိပက္ခများကို ထိန်းကျောင်းဖြေရှင်း တည့်မတ် ပေးနိုင်မည်ဟု ယုံကြည်မိပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါ သိက္ခာသမာဓိရှိပြီး သီးခြားလွတ်လပ်သော စောင့်ကြည့်လေ့လာ အကဲဖြတ်အဖွဲ့များ၏ အခန်းကဏ္ဍမှာ လွန်စွာ အားနည်းနေဆဲ ဖြစ်သည်ကို တွေ့မြင်ရပါသည်။
ဥပမာ- ရခိုင်အရေး စုံစမ်းရေး ကော်မရှင်များ၊ လက်ပံတောင်းတောင် အရေး စုံစမ်းရေး ကော်မရှင်များ တို့သည် ပြည်သူလူထု ထံမှ ယုံကြည် အားထားမှု များကို မျှော်လင့်ထားသလောက် အရမယူနိုင်ခဲ့ပါ။ အဆိုပါ ကော်မရှင် များသည် အတိုင်းအတာ တခုအထိ လွတ်လပ်သည်ဟု ဆိုနိုင်သော်လည်း ကော်မရှင်များ၏ သမာသမတ်ရှိမှုများ အပိုင်းတွင်မူ ပြည်သူများ အဖို့ မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်ကို တွေ့ရပါသည်။
ယင်း ကော်မရှင်များကို လေ့လာကြည့်ရာတွင် ပုံမှန်အားဖြင့် အစိုးရမှ ဦးဆောင် ဖွဲ့စည်း တာဝန်ခွဲဝေထားသည်ကို တွေ့ရှိရပြီး၊ အဆိုပါ အချက်သည် ကော်မရှင်များ၏ သိက္ခာ သမာဓိ ရှိမှု အပိုင်း၌ ကြီးမားသော အားနည်းချက်ကို ဖြစ်ပေါ်စေပြီး ပြည်သူလူထု၏ ကော်မရှင်များအပေါ်တွင် ယုံကြည်မှုကို လျှော့ကျစေခဲ့သည်မှာ အသေချာပင်ဖြစ် သည်။
ယခု အပစ် အခတ်ရပ်စဲရေး ဖြစ်စဉ်တွင်လည်း သိက္ခာ သမာဓိ ရှိပြီး လွတ်လပ်သော၊ အစိုးရနှင့် တိုင်းရင်းသား အဖွဲ့ များမှ မဟုတ်သည့် ကြားနေပုဂ္ဂိုလ်များ ခေါင်းဆောင်သော စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် ထိရောက်သော အကဲဖြတ် စနစ်များကို ထူထောင်ရန်မှာ အရေးကြီးသည်ဟု ထင်မြင်မိပါသည်။
အထူးသဖြင့် ရှေ့တန်းလက်နက်ကိုင် တပ်ဖွဲ့များ ထိတွေ့မှု ရှိသောနေရာများ၊ တိတွေ့မှု အခြေအနေများတွင် ထိရောက်ကောင်းမွန်သော စောင့်ကြည့်လေ့လာ အကဲဖြတ်စနစ်များ၏ အခန်းကဏ္ဍကို ယခု ကျင်းပလျက် ရှိသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် အထူး အရေးထား ဆွေးနွေးကြလျှင် အားလုံး လိုလားတောင့်တသော စစ်မှန်သည့် ထာဝရ ငြိမ်းချမ်းရေး ရရှိ၍ တောက်လောင်ခဲ့သော ကာလရှည်ကြာ ပြည်တွင်းစစ်မီးသည်လည်း အပြီးတိုင် နိဂုံးချုပ်ဖွယ် ရှိသည်ဟု မျှော်လင့် သုံးသပ်မိပါသည်။ ။
နိုင်စွမ်း

0 comments :
Post a Comment