မန္တလေးတိုင်းဝန်ကြီးချုပ်ကို မီးပေါ့ဆမှုနဲ့ အရေးယူ

Thursday, April 24, 2014


~

 

 


  • ဇာနည်မာန်

မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်ကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် ရဲတပ်ဖွဲ့က  အရေးယူလိုက်ကြောင်း သတင်းရရှိသည်။

အောင်မြေသာဇံရှိ ၀န်ကြီးချုပ်၏ နေအိမ်တွင် စနေ ည  ၈ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားပြီး   ရက်အနည်းငယ်အကြာတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

“အဲ့ဒီအိမ်ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က ၀န်ကြီးချုပ်ဖြစ်နေတဲ့အတွက် သူ့ကို တရားစွဲရတာပါ။
အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုပြီး ဒီနေ့မနက်မှ အမှုဖွင့်ထားပါတယ်။
ပြစ်ဒဏ် ဘယ်လောက်ကျမယ်ဆိုတာကတော့ တရားရုံးပေါ်ရောက်မှပဲ သိရပါလိမ့်မယ်”
ဟု အမှတ် (၁) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

ဝန်ကြီးချုပ်၏ နှစ်ထပ်တိုက်၊ အပေါ်ထပ်ခန်းရှိ လေအေးပေးစက်တပ်ဆင်အသုံးပြုထားသော safeguard  အပူလွန်ကဲ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ကျပ် ၁၁ သိန်းဖိုး ဆုံးရှုံးခဲ့ကြောင်း သူက ရှင်းပြသည်။

အများစိတ်ဝင်စားသည့်မီးလောင်မှုနှင့် ပတ်သက်ပြီး   သတင်းထုတ်ပြန်ခြင်း၊ အရေးယူခြင်း နှောင့်နှေးသည်ဟု အာဏာပိုင်တို့ကို ဝေဖန်မှုများ ပေါ်ထွက်နေသော်လည်း ရွှေမန်းမြို့အာဏာပိုင်တို့က ၀န်ကြီးချုပ်အိမ်တော် မီးငြှိမ်းသတ်ရေး၊ လုံခြုံရေးတို့ကို  အထူးတလည် ဦးစားပေးဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

ထိုညက မီးလောင်စဉ် ဓာတ်ပုံ၊ ဗီဒီယို  ရိုက်ကူးခြင်းကို   လုံခြုံရေးတပ်ဖွဲ့ဝင်တို့က သဘောမတူ ဟုလည်း မန္တလေးအခြေစိုက် သတင်းထောက်များကဆိုသည်။

“ကျနော်တို့ သတင်းဓာတ်ပုံသွားရိုက်တော့ ၀န်ကြီးချုပ်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က လက်နက်ကိုင်အရာရှိတွေနဲ့ လုံခြုံရေးတွေက ပုံတွေမရိုက်ဖို့ လိုက်တားတယ်။ သာမန်မီးလောင်မှုကို သတင်းယူတာပဲ၊ ဘာအကြောင်းပြချက်နဲ့ တားတာလဲလို့ မေးတော့လည်း ရေရာတဲ့အဖြေမပေးဘူး” ဟု မီးလောင်သည့်နေရာသို့ရောက်ခဲ့သည့် ဧရာဝတီ ဓာတ်ပုံသတင်းထောက်က ပြောသည်။

ဓာတ်ပုံများ - တေဇလှိုင် / ဧရာဝတီ







.

1 comments :

  1. Anonymous said... :

    လက်ရှိသမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေဥပဒေအပေါ်အလေးထားလိုက်နာမှုရှိမရှိနဲ့ပြည်သူအပေါ်ခွဲခြားနှိမ်ချဆက်ဆံမှုရှိမရှိကိုမျက်ဝါးထင်ထင်မြင်တွေ့ရမယ့်ပွဲတစ်ခုလို့မြင်ပါတယ်ပြည်သူတစ်ယောက်နေထိုင်တဲ့အိမ်တစ်လုံးမှာလျှပ်စစ်ကြောင့်လောင်လောင်ဘာကြောင့်လောင်လောင်မီးပေါ့ဆမှုနဲ့အမှုဖွင့်ပြီးထောင်ချနေတာအားလုံးအသိဖြစ်နေကြတာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved