တနိုင်ငံလုံး အပစ်ရပ် ပထမ မူကြမ်း သဘောတူကြပြီ

Tuesday, April 8, 2014

ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှာ ၄ ရက်ကြာ အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပထမ မူကြမ်း ဆွေးနွေး ပွဲ အောင်မြင်စွာ ပြီးဆုံး ပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပထမမူကြမ်း ကို သဘောတူလိုက်ပြီ
ဖြစ်ပါတယ်။ 

ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

လာမယ့် မေလမှာတော့ ဆက်လက်တွေ့ဆုံမှုတွေ လုပ်ပြီး အပစ်အခတ်ရပ်စဲရေး အခြေခံ မူကြမ်းကို အချော သတ်နိုင်မှာလည်းဖြစ်ပြီး ဒီကနေ့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ပြောရမယ်ဆိုရင် အဓိက ကျတဲ့ အချက်တွေအတွက် သဘောတူညီမှုတွေ ရဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

                                                   ပူးတွဲသတင်းထုတ်ပြန်ချက်

၂၀၁၄ခုနှစ်၊ ဧပြီလ ၈ ရက် ၊ရန်ကုန်မြို့

၁။၂၀၁၄ခုနှစ်၊ဧပြီလ၅ရက်နေ့မှ၈ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) မှ ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာဖြင့် အကြေအလည် ဆွေးနွေးခဲ့ကြပါသည်။

၂။ ဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS-SSA, UWSA တို့မှကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြကာ ၄င်းတို့၏သဘောထား များကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အားလုံးသဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(Single Text)မူကြမ်း တစ်စောင် ရရှိရေးအတွက် ယခင်ဆွေးနွေးပွဲမှ အတည်ပြု ခဲ့သော ခေါင်းစဉ်များဖြစ်သည့်နိဒါန်းနှင့်အခန်း(၇)ခန်းကိုအသေးစိတ်အချိန်ယူဆွေးနွေး ခဲ့ ကြပါသည်။ တစ်ခုတည်းသော သဘောတူညီချက် (Single Text) (ပထမမူကြမ်း)ကို သဘောတူညီခဲ့ကြပါသည်။

၎။ နှစ်ဖက်ကိုယ်စားလှယ်များမှ၂၀၁၄ခုနှစ်၊ မေလပထမအပတ်တွင်ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။ 


၅။ နှစ်ဖက်ကိုယ်စားလှယ်များအားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအမြန်ဆုံး ပေါ်ပေါက်လာအောင် ဆက်လက် ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြ ပါသည်။









အိမ့်သံစဉ် ~








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved