ဓနုတ်ဘုရားပွဲတော်

Wednesday, April 9, 2014

~



 .
ရန်ကုန်တဘက်ကမ်း ဒလမြို့နယ်အပြင်ဘက်မှာ တည်ရှိတဲ့ ဓနုတ်စေတီမှာ ပွဲတော်ကြီးတခု ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။

ဘုရားပွဲကျင်းပချိန်က သင်္ကြန်ကာလနဲ့ တိုက်ဆိုင်နေပါတယ်။
၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ
ကျင်းပပါမယ် တဲ့။

တနင်္ဂနွေနေ့က အဲဒီနားကိုအရောက်မှာ မြင်ရတာကတော့ ပွဲဈေးတန်း ဆိုင်ခန်းတွေ၊ ကြည့်ချင်ပွဲအတွက် ပြင်ဆင်နေကြတာတွေပါပဲ။ ဧရာဝတီဘလော့ကိုလာရောက်တဲ့ စာဖတ်ပရိသတ် ကြည့်နိုင်ဖို့ မြင်ကွင်းတခုကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အပေါ်ကပုံပါပဲ။

ဓနုတ်ဘုရားပွဲတော်ဆိုတာ ရှေးကတည်းက နှစ်စဉ်  စည်စည်ကားကား ကျင်းပခဲ့တာလို့ သိရပါတယ်။

ဓနုတ်ဘုရားက ဒလ၊ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း အစရှိတဲ့ ဒေသတွင်းမှာ အင်မတန် ထင်ရှားပါတယ်။

ဓနုတ်စေတီကြီးကို  ဘုရင်မကြီး ရှင်စောပု အပါအ၀င် ရှေးဘုရင်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့တာလို့ မှတ်တမ်းရှိခဲ့ကြောင်း သိရပါတယ်။

 ၂၀၀၉   မေလမှာတော့ အဲဒီတုန်းက အစိုးရခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မိသားစု   ထီးတော် တင်လှူပါတယ်။ အဲဒီလို လှူဒါန်းပြီး ရက်အတန်ကြာမှာတော့  စေတီပြိုကျခဲ့ပါတယ်။

၂ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာ ရတယ်လို့လည်း အစိုးရက ထုတ်ပြန်ပါတယ်။
အရပ်ထဲမှာတော့ သေဆုံးမှုနှုန်းကို ဒီထက်ပိုပြီး ပြောဆိုသံ ကြားခဲ့ကြရမှာပါ။

 စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်အောင်  ကြိုးပမ်း တည်ဆောက်ရာမှ မျှော်မှန်းမထားတဲ့ ၀န်ပိုများကြောင့် စေတီတော် ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျ ပျက်စီးတယ်၊
 မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာမှာ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်တယ် စသဖြင့် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ အသစ် ပြန်လည် တည်ဆောက်ပြီးပါပြီ။ စေတီမှာ တင်ထားတဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို  နေပြည်တော်ရှိ ဥပ္ပါတ သန္တိ စေတီမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ရက်အနည်းငယ် ရင်ငွေ့တော်လှုံခဲ့ပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved