ရန်ကုန်မြို့က ကော်ဖီဆိုင် - Cafe’ de Angel

Wednesday, April 9, 2014

~




"Whisky, Irish Whisky, Rum, Kahula Liquor  စတဲ့ ယမကာအမျိုးအစားတွေပါတဲ့ ကော်ဖီတွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်...."
   

 
 
ဒီနေရာက အလုံမြို့နယ်ထဲက ဗဟိုလမ်းမကြီးပေါ်မှာပါ။ ရန်ကုန်မြို့ထဲဘက်ကနေ သွားမယ် ဆိုရင်တော့ ဗဟိုအမျိုးသမီးဆေးရုံ ကြီးကို မီတာအနည်းငယ်လောက် ကျော်သွားပြီးရင် ကားလမ်းရဲ့ လက်ဝဲဘက်အခြမ်း စားသောက်ဆိုင်တန်း တွဲလေးတွေနဲ့ တဆက်တည်းမှာ  Cafe’ de Angel ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရပါလိမ့်မယ်။

ဆိုင်က အဲကွန်းတပ် မှန်လုံခန်းဖြစ်ပေမယ့် လမ်းမနဲ့တဆက်တည်းဖြစ်တဲ့ ဆိုင်ရဲ့အပြင် မျက်နှာစာမှာ ပြင်ပလေကိုရှူရှိုက်ပြီး ထိုင်နိုင်ဖို့လည်း ထိုင်ခုံတွေ ချထားပေးတာတွေ့ရပါတယ်။ ဒါပေမယ့် ဆိုင်အတွင်းထဲ ဝင်ထိုင်လို့လည်း မမှားပါဘူး။ တံခါးကို ဆွဲဖွင့်ပြီး အတွင်းကိုဝင်လိုက်တာနဲ့ အေးမြတဲ့လေထုနဲ့အတူ ပျံ့ခနဲ မွှေးသွားမယ့် လတ်လတ်ဆတ်ဆတ် ကြိတ်ပြီးစ ကော်ဖီရနံ့တွေက သင့်ကို အားပြင်းပြင်း ဆွဲဆောင်ကြပါလိမ့်မယ်။

ဆိုင်ရဲ့ အတွင်းပိုင်း အပြင်အဆင်ကလည်း ခေတ်လွန်ဒီဇိုင်းတွေ နှစ်သက်သူတွေအတွက်တော့ နည်းနည်း ငြီးငွေ့ဖွယ်လို့ ထင်နိုင်ပေမယ့် ကော်ဖီကို အမှန်တကယ်နှစ်သက်သူ ကော်ဖီခရေဇီတွေအတွက်တော့ ပထမဆုံး မျက်ခုံးပင့်မိပြီးမှ တဆက်တည်းမှာ သဘောတကျနဲ့ ပခုံးတချက်လောက်တော့ တွန့်မိသွားလိမ့်မယ် ထင်ပါတယ်။ ဆိုင်ခန်းရဲ့ အလယ်မှာ ချထားတဲ့ စင်မြင့်တွေပေါ်မှာ ကော်ဖီမိတ်ကာ၊ ဖရန့်ခ်ျ ပရက်စ်၊ လက်လှည့် ကော်ဖီကြိတ်စက်လေးတွေနဲ့ ကော်ဖီခွက်အမျိုးမျိုး အပါအဝင် ကော်ဖီနဲ့ဆက်စပ်တဲ့ ကိရိယာတန်ဆာပလာ တွေကို ခင်းကျင်းပြထားတာဟာ ပြတိုက်အငယ်စားကလေးတခုထဲ ရောက်ရှိ သွားသလို ခံစားရပါတယ်။ ကောင်တာရဲ့ ရှေ့နား လေးမှာ ချထားတဲ့ လှော်ပြီးသား ကော်ဖီစေ့ပုံးကြီးနဲ့ ကော်ဖီကြိတ်စက်ကြီးကလည်း ကော်ဖီချစ်သူတွေ အတွက် ဒီဆိုင်ရဲ့ ဆွဲဆောင်မှုတွေထဲက တခုဖြစ်မှာပါ။ နံရံထက်က ပန်းချီကားတချို့ကလွဲလို့ ထူးခြား ဆန်းပြားတဲ့ အပြင်အဆင်တွေ မရှိတဲ့ Cafe’ de Angel ရဲ့ပိုင်ရှင် ကိုဝေသိန်းကိုယ်တိုင်လည်း ကော်ဖီ ချစ်သူတဦးဖြစ်မယ်လို့ ယူဆရပါတယ်။ ပင်ကို စကားပြောကောင်းသူတဦး ဟုတ်ပုံမရပေမယ့် ကော်ဖီတွေ အကြောင်းနဲ့ ကော်ဖီဖျော်စပ်နည်း၊ ကော်ဖီအမျိုး အစားတချို့ရဲ့ သမိုင်းကြောင်းတွေကို ပြောပြနေတဲ့ သူ့အသွင်က တကယ့်ကိုပဲ စိတ်ပါလက်ပါ ရှိလှပါတယ်။

သူကိုယ်တိုင် ကော်ဖီချစ်သူတဦးဖြစ်တဲ့ ကိုဝေသိန်းက သူ လူငယ်ဘဝက ပြည်ပမှာ ကျောင်းသွားတက်ရင်း ကော်ဖီနဲ့ရင်းနှီးခဲ့ရာက အပြန်မှာ ကော်ဖီ ဖျော်စက်နှစ်လုံးဝယ်ခဲ့ပြီး ကော်ဖီသောက်ခြင်း ယဉ်ကျေးမှု သိပ် ခေတ်မစားတဲ့ အမိမြေမှာ ကိုယ်တိုင် ဖျော်သောက်ဖို့ ကြိုးပမ်းရာက ဒီမှာရှိတဲ့ ကော်ဖီမှုန့်တွေကို စိတ်ကျေနပ်မှု မရဘဲ အဲဒီကနေအစပြုပြီး ကော်ဖီစီးပွားရေးကိုစတင်ဖို့ စိတ်ကူးရခဲ့တာလို့ သိရပါတယ်။ အစပိုင်းမှာ ပြည်ပကို ကော်ဖီစေ့တင်ပို့ဖို့ ကြံရွယ်ခဲ့ပေမယ့် အဲဒါက အဆင်မပြေခဲ့ဘဲ နောက် ဆုံးမှာ Cafe’ de Angel အမည်ရ ကော်ဖီဆိုင်ကို ဇာတိဖြစ်တဲ့ တောင်ကြီးမြို့မှာ ၂၀ဝ၇ ခုနှစ်က စတင်ဖွင့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အခု လက်ရှိ ရန်ကုန်၊ အလုံမြို့နယ်တွင်းက ဆိုင်ကိုတော့ ၂၀ဝ၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး လက်ဖက်ရည်တခွက် ကျပ် ၂၀ဝ ခေတ်မှာ တခွက်ကို ကျပ် ၈၀ဝ ကနေ ကျပ် ၁,၀ဝ၀ အတွင်း ရောင်းချတဲ့ သူ့ရဲ့ ကော်ဖီဈေးကွက်ထဲ လူအများကို ဆွဲဆောင်နိုင်ဖို့  Morning Coffee ဆိုပြီး နံနက်ခင်းအချိန်တွေမှာ တခွက် ၅၀ဝ ကျပ်နဲ့ အထူးအစီ အစဉ်လုပ် ရောင်းချခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုတော့ Free Wifi လွှင့်ပေးထားတဲ့သူ့ဆိုင်က ကော်ဖီမီနူးထဲမှာ ကော်ဖီ အမျိုးမျိုးနဲ့ ဈေးနှုန်းတွေကလည်း ကျပ် ၁,၈၀ဝ ကနေ ကျပ် ၄,၀ဝ၀ အထိ အသီးသီးရှိနေပါပြီ။ ရန်ကုန် ဆိုင်ခွဲ နောက်တဆိုင်ကိုလည်း Junction Square ဒုတိယထပ်မှာ ဖွင့်လှစ်ထားပါပြီ။

ကော်ဖီတခွက်ရဲ့ အကောင်းမွန်ဆုံးနဲ့ အသိမ် မွေ့ဆုံး အရသာကိုရရှိဖို့အတွက်က အသုံးပြုတဲ့ ကော်ဖီစေ့ အမျိုးအစား၊ ထားသိုသိမ်းဆည်းပုံ နည်း စနစ်၊ အသုံးပြုတဲ့ ရေရဲ့ လိုအပ်တဲ့အပူချိန်၊ နို့အမျိုး အစား စတာတွေကိုလည်း ဂရုမပြုလို့ မဖြစ်ဘူးလို့ သိရပါတယ်။ ဒီဆိုင်မှာတော့ မြန်မာပြည်တွင်းမှာ ကော်ဖီကောင်းကောင်းထွက်တဲ့ ရှမ်းပြည်နယ်ဘက်က Arabica ကော်ဖီမျိုးကို အဓိက သုံးတယ်လို့ သိရပါတယ်။

စာရင်းထဲက ကော်ဖီအမည်တွေရဲ့ရှေ့မှာ ဆိုင် နာမည် Angel ပါတဲ့ ကော်ဖီနာမည်တွေကို စပ်စု ကြည့်တဲ့အခါ ဖျော်စပ်တဲ့ ပါဝင်ပစ္စည်းတွေထဲမှာ Whisky, Irish Whisky, Rum, Kahula Liquor  စတဲ့ ယမကာအမျိုးအစားတွေပါတဲ့ ကော်ဖီတွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

ကော်ဖီသောက်ခြင်းနဲ့ စိတ်ရွှင်လန်းစေတယ်၊ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့နည်းစေတယ်။ ဆီးရွှင် စေပြီး၊ အယ်ဇိုင်းမား ရောဂါကိုလည်း အတန် အသင့် ကာကွယ်နိုင်တယ် စသဖြင့် ဒီလို ကောင်းကျိုးတွေကို လေ့လာမိဖူးသလို၊ ကိုယ့်ခံနိုင်ရည်ထက် ကျော်လွန်ပြီး ကော်ဖီအသောက်များရင်တော့ နှလုံး အခုန်မြန်ပြီး အိပ်ရေးပျက်မယ်၊ အစာအိမ်အူလမ်းကြောင်း အတွင်းအမြှေးကို ထိခိုက်နိုင်တယ်၊ ပါရာ စီတီမောလို အကိုက် အခဲပျောက်ဆေးနဲ့ တွဲသောက် ရင် အသည်းထိခိုက်တယ် စသဖြင့် မကောင်းကျိုးတွေကလည်း  ရှိပြန်တာမို့  လူတယောက်ရဲ့  ကိုယ်ပိုင် ရွေးချယ်မှုနဲ့အတူ ဒီနေ့ လူနေမှုနစ်မှာ ကော်ဖီကို ဘာကြောင့်သောက်သင့်သလဲ ဆိုတဲ့မေးခွန်းကိုတော့ “ကော်ဖီသောက်ခြင်းဆိုတာ ဒီနေ့ခေတ်ရဲ့ Life-Style ထဲမှာပါနေပြီလေ” လို့ ဆိုင်ရှင် ကိုဝေသိန်းက ခပ်ရိုးရိုးရှင်းရှင်းပဲ အဖြေပြန်ပေးခဲ့ပါတယ်။ ဒီစာကို ဖတ်နေသူဟာ ကော်ဖီကို ရူးသွပ်သူတဦး ဖြစ်တယ် ဆိုရင် ကော်ဖီကို ရူးသွပ်သူချင်း ရင်ခုန်သံ တူညီစွာ ခံစားနိုင်မယ့်  Cafe’ de Angel ကို တခေါက်လောက် သွားရောက် မြည်းစမ်းကြည့်စေလိုပါတယ်။
 -

သီ


 






.

1 comments :

  1. Anonymous said... :

    ကိုဝေသိန်း ခင်ဗျာ
    တောင်ကြီးက Cafe’ de Angel က coffee ကတော့ သောက်ကောင်းပါတယ်ဗျ ဒါပေမယ့် ၀န်ဆောင်မှုတော့ တော်တော်ညံ့တဲ့ အထဲ ပါနေတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved