အိန္ဒိယက အုပ်စုဖွဲ့မတရားကျင့်မှုအတွက် လူငါးဦးဖမ်းထား

Saturday, May 31, 2014

 ~



ပြီးခဲ့တဲ့ရက်ပိုင်း အိန္ဒိယက ဆယ်ကျော်သက်အမျိုးသမီး ၂ ဦးကို အုပ်စုလိုက် မတရားကျင့်မှုနဲ့ ပတ်သက်ပြီး   သံသယဖြစ်ခံရသူ တချို့ကို ဖမ်းဆီးထားတယ်လို့  CNN သတင်းတပုဒ်မှာ ဒီကနေ့ တွေ့ရပါတယ်။


ဒီဆယ်ကျော်သက် ၂ ဦးကို သစ်ပင်မှာ ကြိုးတန်းလန်းနဲ့ တွေ့ရတာလို့ သတင်းတွေမှာ ရေးထားပါတယ်။

အသက် ၁၄ နှစ် နဲ့ ၁၆ နှစ်အရွယ် ဝမ်းကွဲညီအစ်မနှစ်ဦးဟာ သူတို့ကိုယ် သူတို့ ၂ဦး ကြိုးဆွဲချသတ်သေကြတာလား ဒါမှမဟုတ် သူတို့ကို နှုတ်ပိတ်သွားတာလား ဆိုတာကိုတော့ အခုချိန်မှာ မသိရသေးပါဘူး။

လောလောဆယ် ဖမ်းထားသူငါးဦးထဲမှာ ညီအစ်ကိုသုံးဦး၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပါဝင်တယ်လို့ ရဲအရာရှိတဦးက ပြောဆိုကြောင်း CNN  သတင်းတပုဒ်မှာ ရေးထားပါတယ်။

ရဲနှစ်ဦးကိုတော့ လူသတ်မှု၊ မတရားပြုကျင့်မှုတွေအပြင် ရာဇဝတ်မှုတွေမှာ ပါဝင်ကျူးလွန်မှု၊ ဝတ္တရားပျက်ကွက်မှုတွေနဲ့ တရားစွဲထားတယ်၊
သို့သော်လည်း စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒီရဲအရာရှိက ပြောပါတယ်။

ဆေးစစ်ချက်တွေအရတော့ သူတို့ မတရားပြုကျင့်ခံထားရတယ်ဆိုတာကို အတည်ပြုထားတယ်၊ ဒီအမှုက ဗုဒ္ဓဟူးနေ့ Uttar Pradesh ပြည်နယ် ကျေးလက်ဒေသတခုမှာ စတင်ဖြစ်ပွားခဲ့တယ်၊ သူတို့ကို  ဟိန္ဒူထုံးတမ်းစဉ်လာအရ အဲဒီနေ့မှာပဲ  သင်္ဂြိုဟ်ခဲ့တယ်လို့ CNN သတင်းက ဆိုပါတယ်။

ဒီပြည်နယ်ဟာ အိန္ဒိယမှာ လူဦးရေအထူထပ်ဆုံးလို့ ဆိုတယ်၊ The Guardian သတင်းတပုဒ်မှာတော့ လူဦးရေ သန်းနှစ်ရာနီးပါးနေထိုင်တဲ့ပြည်နယ်လို့ ရေးထားပါတယ်။ (အပေါ်ကမြေပုံမှာ ဒီပြည်နယ်တည်ရှိတဲ့နေရာကို အနီရောင်ခြယ်ထားပါတယ်)

အိန္ဒိယမှာ နှစ်စဉ် မုဒိမ်းမှုအရေအတွက် နှစ်သောင်းခွဲရှိတယ်လို့ တရားဝင်ထုတ်ပြန်ချက်တွေမှာ တွေ့ရမယ်၊ တကယ့် ကိန်းဂဏန်းအစစ်အမှန်က ဒီထက်ပိုများမယ် ... ဘာကြောင့်လဲလို့ ဆိုတော့ မိသားစုဝင်တွေ သို့မဟုတ် ရဲအရာရှိတွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုတာတွေ မလုပ်စေချင်လို့ပါ ဆိုပြီး လူ့အခွင့်အရေးသမားတွေက သုံးသပ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများနဲ့ ပတ်သက်ပြီး အရေးယူမှုအားနည်းတဲ့  ရဲတပ်ဖွဲ့ နိုင်ငံရေးသမားတွေကို အိန္ဒိယမှာ ဒေါသထွက်နေကြပြီ။
အထူးသဖြင့် ၂၀၁၂ ဒီဇင်ဘာလ နယူးဒေလီမြို့က လမ်းပေါ်မောင်းနေတဲ့ ဘတ်စ်ကားထဲမှာ ၂၃ နှစ်အရွယ် အမျိုးသမီးတဦးကို လူအုပ်စုတခုက မတရားပြုကျင့် သတ်ဖြတ်မှုပေါ်ပေါက်ခဲ့ပြီးနောက် နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved