ရန်ကုန်မြို့မှာ မီးမလာ ရေမလာ

Friday, May 9, 2014

~


     



ရန်ကုန်မြို့ အထပ်မြင့်တိုက်ခန်းတွေမှာ ငှားနေရင် တနှစ်စာအတွက် အနည်းဆုံး သိန်း ၂ဝ ဝန်းကျင်  ကြိုပေးရခြင်းဟာ
အိမ်ငှားနေထိုင်သူတွေ တနှစ်တခါ ကြုံရတဲ့ အခက်အခဲကြီိးပါ။

  နေ့စဉ် ကြုံရတဲ့ အခက်အခဲကြီးတွေ ရှိပါသေးတယ်။ အဲဒါကတော့ လျှပ်စစ်မီး ပြတ်တောက်ခြင်း၊  ရေရှားပါးခြင်းတို့ပါပဲ။

အင်မတန် ပူအိုက်တဲ့ကာလမှာ မီးမလာ၊ ရေမလာဖြစ်နေတာဟာ လောကငရဲတမျိုးလို့ ဆိုရမယ်။
မှောင်မိုက်ခြင်းဟာ ပြဿနာ အသေးလေး ဖြစ်နေပြီး ပန်ကာမဖွင့်နိုင်ခြင်း၊ လေအေးစက် မဖွင့်နိုင်ခြင်းတို့က ပြဿနာအကြီးကြီးတွေ ဖြစ်နေပါပြီ။
လေအေးစက်က မီးလာရင်လည်း ဖွင့်လို့ ရချင်မှ ရပါလိမ့်မယ်။ လေအေးစက် ဆိုတာ မီးအားအပြည့်အ၀လာမှ လည်ပတ်နိုင်တာမဟုတ်လား။

အထပ်မြင့်တိုက်တွေမှာ ရေစုပ်စက်နဲ့ ရေတင်ရေးက  ညသန်းခေါင်ကျော်မှ အလုပ်ဖြစ်တာ သင်္ကြန်ကာလက စတင်တယ်လို့ ယူဆရပါတယ်။
ကျန်တဲ့အချိန် ရေမတက်ပါ။ ဒီ ရေပြဿနာက နေရာအတော်များများမှာ ဖြစ်နေတာပါ။
ရေရဖို့အတွက် သန်းခေါင်ကျော်မှ  အိပ်ရတဲ့သူတွေ မနည်းမနောပါ။

နာရီနှိုးစက်ပေးပြီး မနက် ၃ နာရီ အိပ်ယာထ၊ ရေတင်၊ ပြီးမှ ပြန်အိပ် ဆိုတဲ့ အိပ်ရေးပျက်ခြင်းနဲ့ ကျင့်သားရသူတွေလည်း အများအပြားပါပဲ။
နည်းနည်းလေး နောက်ကျမှထ ... ဥပမာ ၄ နာရီထပြီးတင်ရင် ရေ မတက်ပြန်ဘူး။
ရန်ကုန်ရေက အဲသလောက်အထိ သစ္စာရှိနေပြီ။

မနေ့က ပုဇွန်တောင်မြို့နယ် ၅၁ လမ်းမှာ မီးပျက်တာကို ညနေပိုင်း အစောပိုင်းမှာ ကြုံရတယ်။
မှောင်တဲ့အချိန်မှာ မီးပြန်လာတယ်။ ည ၉ နာရီမှာ ထပ်ပြီး အဖြတ်ခံရတာ မိုးစင်စင်လင်းတဲ့အထိပဲ။
အဲဒီတော့ မနက် ၃ နာရီ နှိုးစက်သံမြည်တော့ ရေထတင်လို့ မရဘူး။ မီးမှ မလာဘဲ။
ရေချိုးခန်း  ကန်ထဲမှာ ရေက တထွာပဲကျန်တယ်။

ဒါဟာ အထပ်မြင့်တိုက်တွေမှာနေထိုင်သူတို့ မကြာခဏ ကြုံကြရမယ့် ဒုက္ခပါပဲ။
အစိုးရကတော့ ပြောပါတယ် ... ရန်ကုန်အတွက် မီးမပျက်စေရဘူး တဲ့ ဒီနှစ် နွေရာသီမှာ။ လျှပ်စစ်စွမ်းအင် လုံလောက်တယ် ဆိုပဲ။
မီးကြိုးအသစ်လဲရလို့၊ ထရန်စဖော်မာလေးတွေ ပျက်လို့ လောင်လို့ နေရာအနှံ့ မီးဖြတ်နေရသလိုလို ဘာလိုလို ပြောနေတယ်။

နေပြည်တော်ကို ဦးစားပေးရတဲ့အတွက် ရန်ကုန်ကို အမှောင်ထဲ ဆက်လက် ထားရစ်ရတယ်လို့ ပြောလိုက်ရင် ဘာများ ဖြစ်သွားမလဲလို့ စဉ်းစားနေမိတယ်။

 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved