နိုင်ဂျီးရီးယားပြန်ပေးဆွဲမှုကြီးနဲ့ အစိုးရရဲ့တန်ပြန်ချက်

Monday, May 12, 2014

~


  
 


Boko Haram အစွန်းရောက်အဖွဲ့က ပြန်ပေးဆွဲသွားတဲ့ကျောင်းသူတွေကို ပြန်လည်ရရှိရေးအတွက် နိုင်ဂျီးရီးယား အစိုးရက တပ်မ ၂ ခု စေလွှတ်ထားတယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ တနင်္ဂနွေနေ့က ရေးထားပါတယ်။

နယ်စပ်ဒေသမှာရှိနေတဲ့ စစ်သားတွေကလည်း တခြားသော လုံခြုံရေးဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါကြောင်း စစ်အရာရှိတယောက်က ပြောဆိုတယ်လို့ Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။

လေတပ်၊ ရဲတပ်ဖွဲ့တို့ကလည်း ဒီကျောင်းသူလေးတွေ ဘယ်ဒေသရောက်နေတယ် ဆိုတာကို သိရဖို့ ကြိုးပမ်းနေပါတယ်။

ဒီကျောင်းသူလေးတွေကို နေရပ်ပြန်ရောက်အောင် ဆောင်ရွက်မယ်လို့  သမ္မတက ကတိပေးနေသော်လည်း ကျောင်းသူများရဲ့မိဘတွေကတော့ အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို အားမရကြောင်း စနေနေ့ ဆန္ဒပြပွဲမှာ ထုတ်ဖော် ပြောကြားကြပါတယ်။

ဆန္ဒပြနေတာ ဆယ်ရက် ကျော်သွားပါပြီ။ ကလေးတွေ နေရပ်ပြန်ရောက်ချိန်အထိ ဆန္ဒပြဖို့ သူတို့က ပြင်ဆင်ထားကြတာပါ။

ဒီပြန်ပေးဆွဲခြင်းကို နိုင်ငံတကာက ဒေါသထွက်နေကြပြီး စနေနေ့မှာတော့ အမေရိကန်သမ္မတကတော် မီရှဲအိုဘားမား (အပေါ်ပုံ)က  ပြန်ပေးသမားတွေကို လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မီရှဲအိုဘားမားက ဒီကလေးတွေ လွတ်မြောက်ရေး လှုံ့ဆော်တဲ့အနေနဲ့ တွစ်တာစာမျက်နှာကနေ ပုံတပုံ တင်လိုက်ပါသေးတယ်။
Bring Back Our Girls လို့ အဲဒီပုံမှာ ရေးထားပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်နဲ့ ဗြိတိန် အကြမ်းဖက်မှုတိုက်ဖျက်ရေး နဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အရာရှိတချို့ နိုင်ဂျီးရီးယားကို ရောက်သွားပြီး အကူအညီပေးရေးလုပ်ငန်းတွေ တိုင်ပင် ဆောင်ရွက်နေပါပြီ။
အမေရိကန်သမ္မတက သူ့လူတွေကို နိုင်ဂျီးရီးယားအစိုးရလိုအပ်တာမှန်သမျှကိုကူညီဖို့ ညွှန်ကြားထားကြောင်းလည်း မီရှဲအိုဘားမားက ပြောပါတယ်။

နိုင်ငံတကာက သို့ကလို အကူအညီပေးနေပါတယ်။
ပြည်တွင်းမှာတော့ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပြည်သူတွေက အားမရပါ။ ပြန်ပေးတဲ့သတင်းကို ဒီဘလော့မှာ  နိုင်ဂျီးရီးယားကျောင်းသူ သုံးရာနီးပါး ပြန်ပေးဆွဲခံရမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါတယ်။ http://blog.irrawaddy.org/2014/05/blog-post_6927.html မှာ ဖတ်နိုင်ပါတယ်။

သောကြာနေ့ကထွက်ပေါ်လာတဲ့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ထုတ်ပြန်ချက်တခုမှာတော့ အစိုးရအာဏာပိုင်တွေဟာ ဒီလို အမျိုးသမီးသီးသန့်ကျောင်း ၀င်ရောက် စီးနင်းခံရမယ့်အကြောင်းကို အနည်းဆုံး ၄ နာရီ ကြိုသိထားတယ်လို့ ဆိုတယ်။
သို့သော်လည်း အကြမ်းဖက်အဖွဲ့မှာက အင်အား ၂ဝဝ ဝန်းကျင် ရှိပြီး အစိုးရဘက်က လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားက အဲဒီဒေသမှာ အယောက် ၂ဝ မပြည့်ဘူးလို့ ဆိုတယ်။ ဒါကြောင့် ဘာမှ မလုပ်နိုင်တဲ့သဘော ဖြစ်ရတယ်လို့ ဆိုလိုပုံပါပဲ။

အခု အဲဒီကျောင်း ၀င်ရောက်စီးနင်းခံရမှု ဖြစ်သွားတာ ရက် ၂၀ ကျော်ပါပြီ။
ခုချိန်အထိ အစိုးရက ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ကျောင်းသူတို့ရဲ့မိဘများက ပြောဆိုကြောင်း မီဒီယာမှာ တွေ့နေရပါတယ်။

နိုင်ဂျီးရီးယားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေရာမှာ ပြီးခဲ့တဲ့  ၄ လ အတွင်း အနည်းဆုံး လူနှစ်ထောင် သေဆုံးခဲ့ရတယ်လို့ AI က ပြောတယ်၊
မကြာသေးခင်ကပဲ အကြမ်းဖက်အဖွဲ့ Boko Haram ရဲ့ လက်ချက်နဲ့ မြို့တမြို့မှာ အနည်းဆုံး လူ ၃၁၀ သေဆုံးခဲ့တယ် လို့ CNN သတင်းတပုဒ်မှာ ရေးထားပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved