"ဘာဖြစ်သလဲ နာဂစ်"

Monday, May 12, 2014

ကိုဇာဂနာရဲ့ နာဂစ် အောက်မေ့ဖွယ် စာစုတခုပါ။ ဒီစာစုထဲမှာ တချိန်က ဧရာဝတီနဲ့ အင်တာဗျူးခဲ့တာ လည်း သူက ထည့်သွင်း ရည်ညွှန်းရေးသားပြထားပါတယ်။ အခုထိလည်း နာဂစ်ရဲ့ ဒဏ်ရာတွေ မကျက်
သေး တဲ့ အကြောင်း ကိုဇာဂနာက ထောက်ပြထားတာပါ။ 


စာဖတ်သူများ နှစ်ခြိုက်သဘောကျစေမယ့် စာစု တခုဖြစ် တာကြောင့် ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါ တယ်။ 

"ဘာဖြစ်သလဲ နာဂစ်'' 
 ( ဇာဂနာ ) 

ဆန်တွေ ရဟတ်ယာဉ် စီးတယ် 
4WD ငှားခ တစ်ပတ် သိန်း (၇၀) 
ဘိုကလေးက အင်းလျားလမ်းထက် ဈေးကြီးတယ် 
ဟော်လံဘီယာတွေ လခစား ကြသတဲ့။ 
ဘာဖြစ်သလဲနာဂစ် 
ဆားချက်တဲ့ကန်ထဲ ရေငံဝင်တယ် 
လူတစ်ထောင်အလုပ်ရဖို့ 
လူတစ်သိန်း ရင်းပေးလိုက်ရတယ် 
နဂါးဖြစ်ဖြစ် ပန်းဖြစ်ဖြစ် 
ဘာဖြစ်သလဲနာဂစ် 
ဘာမှမဖြစ်ဘူး 
ဘာမှ မလုပ်သေးလို့ ။ ။ 


 မတမ်းတကောင်းတာကို လွမ်းနေတာ မဟုတ်ပါဘူး။ 

နာဂစ်(၆)နှစ်ပြည့်ဆိုတော့ သတိတရ မှတ်တမ်း တင်ခဲ့ဖို့ ကောင်း သည်ဟု ကိုဇော်သက်ထွေးက ဆိုလာ သည်။ 

ဆရာမနှင်းပန်းအိမ်ကလည်း ဒါမျိုးလေး ရေးထားဖို့ ကောင်းပါသည်ဟု ဆိုပြန်သည်။ သူကိုယ်တိုင် RFA မှာ လွှင့်ခဲ့ သော အသံဖိုင်ကို ယူလာ ဖွင့်ပြပြီး မြှောက်ပေးပြန်၏။ 

နာဂစ်သည် မြန်မာ တစ်နိုင်ငံလုံးကို ဘယ်တော့မှ မမေ့အောင် ဆွဲဆောင်ထားနိုင်ဆဲ။ ယနေ့ထက်တိုင် နာဂစ် ဖွဲ့စည်းပုံ ဟူသော စကားရပ်က ခေတ်စားနေသေးသည်။ 

ကံကောင်း ထောက်မစွာ ထိုဖွဲ့စည်းပုံကို ကျွန်တော် မဲ မပေးလိုက်ရ။

မေလ(၂)ရက် ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်ကို ကျော်ဖြတ် နင်းသွားသော နာဂစ်သည်လူပေါင်း တစ်သိန်း
ကျော် ၏ အသက်တွေကို ချေမွခဲ့သလို အိမ်ခြေယာခြေတွေ မဲ့စေခဲ့သည်။ 
ဖြစ်ဖြစ်ချင်း ကျွန်တော်နှင့် ဦးအောင်လွင်တို့ တိုးကြည့်သည်။ 

ကွမ်းခြံကုန်းထိမရောက်။ သစ်ပင်တွေက လမ်းပေါ်မှာ အတုန်းအရုံး။ လူတချို့က လမ်းနဘေးမှာ။ သောက် စရာ ရေ မရှိ။ သူတို့ခမျာ ရေဆိုလျှင်ပင် ကြောက်နေသလို။ 

ဦးဇင်းတစ်ပါးက သင်ပုန်းမှာ စာတစ်ကြောင်း ရေးပြီး ရပ်နေသည်။ (နာဂစ်က တို့ကို ဒီအတိုင်းထားခဲ့ တယ်)တဲ့။ 

ကျွန်တော် ရင်ထဲ နင့်ခနဲ။ ကိုယ်ဘာလုပ်ပေး နိုင်သလဲ။ အပြန်လမ်းမှာ ဘကြီးအောင် နှင့် ကျွန်တော် စကားမပြောဖြစ်။ 

သို့သော် ဆုံးဖြတ်ချက်က တူနေသည်။ ရန်ကုန်ရောက် ရောက်ချင်း နီးစပ်ရာတွေဆီ အလှူခံ။ တူသူချင်းစု လို့မြစ်ဝကျွန်းပေါ်ဘက် ပြန်ထွက်ခဲ့ကြသည်။ 
 
ကျွန်တော်၊ ဇော်သက်ထွေး၊ မေဇော်(ဇော်သက်ထွေး၏ ဇနီး)၊ သူတို့ဂျာနယ် အဖွဲ့သားများ၊ ငှက်ပျောကြော်၊ အရိုင်း၊ ကင်းကောင်တို့ပါ ပါလာသည်။ လှူတာတန်းတာကို တားတာဆီးတာ ကျွန်တော်တို့ မြန်မာ တစ်နိုင်ငံ တည်း ရှိပုံရသည်။

ရွှေဝါရောင် တုန်းကလည်း ဘုန်းကြီးဆွမ်းကပ်လို့ ဖမ်းခံရသည်။ ခုလည်း တောက်လျှောက် ခြိမ်းခြောက်ခံရ ၏။ ဘိုကလေးမှာဆို စစ်မော်တော် နှင့် ချက်ချင်း နောက်ပြန်လှည့်ဖို့ လိုက်အော်ခံရသည်။ 

ကျွန်တော်တို့ နောက်မဆုတ်ခဲ့။ အနုပညာရှင်တွေ အားလုံးနီးပါး ပါလာအောင် လိုက်စည်းရုံးသည်။ ပါလည်း ပါလာကြသည်။ တချို့ကတော့ အိပ်လို့ ကောင်းနေဆဲ။

 နိုင်ငံရပ်ခြားက မိတ်ဆွေပေါင်းများစွာကလည်း ပို့လှူကြသည်။ ပြည်တွင်း ကလည်း ပို့ကြ လှူကြသည်။ လှိုင်သာယာ ထိပ်ကနေ တပ်ကတားတော့ အလှူရှင်တွေ ကြောက်ကြ၏။ 

ကျွန်တော်တို့က ဆက်ထွက်တော့ ပြဿနာက စ လာသည်။ ဝေဠုကျော်က လပွတ္တာမှာအထိုင်ချ၊ ဘကြီးအောင် နဲ့ ကိုလူချောများက ဘိုကလေးမှာ အထိုင်ချကြသည်။ ကျွန်တော် တို့က နေ့တိုင်း ပစ္စည်းပို့ပေး၏။ 

အလှူရှင်တို့ ပေးသမျှ ပစ္စည်းတွေများလာတော့ ထားစရာနေရာမရှိ။ အန်တီသန်း၏ ခင်စပယ်ဦး ခြံထဲမှာ ထားရသည်။ ဦးစိုးညွန့်၏ တော်ဝင်နှင်းဆီမှာ ထားရသည်။

ထောက်လှမ်းရေးကလည်း တောက်လျှောက်လိုက်၏။ မှတ်တမ်းတင်၏။ ဓာတ်ပုံရိုက်၏။ ဒီကြား ထဲ သတင်းစာ စာမျက်နှာတွေပေါ်မှာ အူကြောင်ကြောင် အစိုးရ စစ်တပ် အရာရှိတွေက ဆောင်းပါးတွေ 
ရေးလာသည်။ 

ဒီတော့ ပြည်ပက ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးမှာ ကျွန်တော်ခုလို ဖြေလိုက်၏။ 
 
မေး။ ။ ယူအန်က ပြောတယ်။ လွန်ခဲ့တဲ့ အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်း အထိပဲ အကူအညီတွေ 
ရောက်သေး တယ် ဆိုတော့ အဲဒီ တွက်ချက်မှုက ဘယ်လောက်အထိမှန်ပါသလဲ။

 ဖြေ။ ။ မှန်တယ်လို့တော့ ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေး နေရာတွေကို ရောက်တဲ့လူက နည်းနည်း ရယ်။ ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ။ ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရ လို့၊ ကားလမ်း လည်း မပေါက်လို့ ရေလမ်းတစ်ခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင် ကျန်နေကြတဲ့ လူတွေပေါ့ ဗျာ။ 

စိတ်မကောင်းစရာ အကြောင်းလေးတစ်ခု ကျွန်တော် ဖြတ်ပြောပြမယ်။ အဘွားကြီး တစ်ယောက်က သူ့မှာ မိသားစု ၁၁ ယောက်ရှိတယ်။ ၁၀ယောက် သေသွားပြီး သူတစ်ယောက်တည်း ကျန်ခဲ့တယ်။ အဲဒီလို ၁၀
ယောက် သေ သွားတယ် ဆိုတာကို သူမသိဘူး။ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိ တော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ။ ကျွန်းတွေပေါ်မှာ အဲဒီလိုကြောင်ပြီး ကျန်ခဲ့တဲ့ လူတွေ အများကြီးပဲ။ တံငါရွာ 
လေးတွေပေါ့။


မေး ။ ။ တစ်နေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား..( ဒီအကြောင်း ၀ါရှင်တန်ပို့မှာလည်း အခုလို ဖော်ပြထားတယ်) .နောက်နှစ်ဆို ဧရာဝတီမြစ်ဝ ကျွန်းပေါ်မှာ စပါးတွေ ရွှေရောင်သန်းပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။

 ဖြေ ။ ။ အဲဒီအိပ်မက်ကလေး ကောင်းသားပဲလို့ ကျွန်တော် ပြောချင်တယ်။ ဟဲဟဲဟဲ ...ဖားရှာ၊ ငါးရှာ ရှာလို့ ရမ လား တော့ မသိဘူး။ ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေး မြစ်ဆိုရင် ရေအရောင်ကို နာမည် ပေးထားတယ်။ နာဂစ် ကာလာ လို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီ အရောင်ကြီးနဲ့ လူနဲ့ကျွဲ နွား အလောင်းတွေ က အများကြီး။ နာဂစ်ရနံ့ဆိုတာ ရှိသေးတယ်။ အဲဒီ ညှီနံ့ကြီးက ပြန်လာရင် ပါလာတာပဲ။ ဘယ်သူမှ မခံနိုင် ဘူး အံတယ်။ ဒီတော့ အဲဒီလိုနေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာ မှာလဲဗျာ။ ငါးဖမ်းမယ့် အစား အလောင်းတွေ ဖဲ့စားမှ ရတော့မယ်။ 

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့  အဖွဲ့ထဲက ကင်မရာမင်း သန့်စင်အောင်ကို ဖမ်းလိုက်သည်။ NLD က မဥမ္မာကို ဖမ်းလိုက်သည်။ 


 ဒီနေရာမှာ ကျွန်တော် ပြောချင်သော စကား စပါတော့မည်။ အားလုံးကို သတိချပ် စေချင်ပါ၏။ 

စစ်အစိုးရမှာ ဗျူဟာ တွေ များစွာ ရှိနေသည်။ ပြင်ပြီးသား ဆင်ပြီးသားလည်း ဖြစ်သည်။ 

အနုပညာရှင်တွေ ရှေ့ထွက်လျှင် နောက်က ပြည်သူပါတတ်သည်။ ဒါကို ကောင်းကောင်းသိတာ စစ် အစိုးရ ဖြစ်ပြီး လုံးဝ နီးပါးမသိတာ နိုင်ငံရေး အင်အားစုတွေဖြစ်၏။ 

ဒီစကားကို ခဏခဏ ပြောနေရသည်။ 

၁၉၈၈ အရေးတော်ပုံ ကာလက အနုပညာသည်တွေ လမ်းပေါ်ထွက်မှ ပြည်သူ က ပါလာတာ ဖြစ် သည်။

ရွှေဝါရောင်မှာလည်း အနုပညာသည်တွေ လမ်းပေါ်ထွက်မှ ပြည်သူက ပါလာတာ ဖြစ်သည်။ ခုနာဂစ်မှာ လည်း အနုပညာရှင်တွေ နောက်က ပြည်သူ အုံနှင့်ကျင်းနှင့် ပါလာပြီ။ နည်းအမျိုးမျိုးဖြင့် အစိုးရက တားသော်လည်း ကျွန်တော် တို့ ရပ်တန့်မသွားခဲ့။ 

ဒီတော့ အစိုးရက နောက်တစ်ကွက် လှလှပပ ရွှေ့ပစ်လိုက်သည်။ နာဂစ်ဒဏ်ခံ ပြည်သူများ အတွက် ရံပုံငွေ ဟုဆိုကာ အနုပညာရှင်တွေ အားလုံးကို မေမြို့ (ခုတော့ ပြင်ဦးလွင်)မှာ ရုပ်ရှင်ရိုက်ဖို့ ခေါ်လိုက်သည်။ 

အလှူဆိုတော့ အားလုံးပါမှ ကောင်းပေတော့မည်။ သို့ ဖြင့် ၂၀၀၈ခုနှစ်၊ ဇွန်လ(၂)ရက်နေ့ မနက်မှာ 
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဟီးနိုးကားကြီး ဆယ်စင်းဖြင့် ရုပ်ရှင် ရိုက်ဖို့ ထွက်ခွာ သွားကြတော့ သည်။ 

ထိုညမှာပင် ကျွန်တော်တို့အားလုံး အဖမ်းခံရတော့သည်။ 

နာဂစ်က (၆)နှစ်ပြည့်ပြီ။ ကျွန်တော်တို့ ဖမ်းခံခဲ့ရတာလည်း (၆)နှစ်ရှိခဲ့ပြီ။ ခုထက်တိုင် ကျွန်တော်တို့ အားလုံး နာဂစ် အနာမကျက်သေး။ နာဂစ် သင်ခန်းစာ ယူလို့မ၀သေး။ 

တလောက မူဆယ် မှတစ်ဆင့် တရုတ်ပြည် ဖက်ကူးခဲ့တော့ ဘိုကလေးမှာ ကျွန်တော်တို့ နှင့်အတူ ၀ိုင်းကူ ခဲ့သော နယ်ခံ ကိုတင်စိုး နှင့် ဆုံရသည်။ 

သူ့မှာ မျက်လုံးတစ်ဖက်မရှိတော့။ ဘိုကလေးကနေ မိသားတစ်စု တရုတ်ပြည်မှာ အလုပ်လာ လုပ်နေတာ ဖြစ်သည်။ စကျင်ကျောက်ထုရာမှ သူ့မျက်လုံး ပွင့်ထွက်သွားခြင်း ဖြစ်၏။ နာဂစ် ဒဏ်ရာကို သူက လွမ်းလွမ်း ဆွတ်ဆွတ် ပြောပြ နေ သည်။ 

သူ့နောက်က နာဂစ် ဥယျဉ်ထဲမှာတော့ မြန်မာပြည်မှာ ပြိုလဲကျခဲ့သမျှ သစ်ပင်ကြီး ပေါင်းများစွာ ဝေဆာ
ထောင်လွှား နေသည်။ ဒါသည်ပင် တရုတ်ပြည် ဖြစ်တော့၏။ 

 ( ဇာဂနာ ) 

( Tomorrow သတင်းဂျာနယ်အမှတ်(၁၀)ပါ ဆောင်းပါး ) 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved