သန်လျင်မှာ မီးဘယ်တော့လာမလဲ

Friday, May 9, 2014

~


 
 မေ ၈ ရက်နေ့ မနေ့က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မှာ လေပြင်းတော်တော် ဝင်မွှေသွားပြီး မိုးတပြိုက်ရွာလိုက်တာနဲ့ ဓာတ်တိုင်တွေလဲ၊ သစ်ပင်တွေ ထက်ပိုင်းပြတ်၊
တချို့အိမ်တွေ အမိုးလန်လို လန်နဲ့ မီးကြိုးတွေလည်း မြေပေါ်မှာ မြင်မကောင်းအောင် ပွစာကျဲနေပါတယ်။ ထုံးစံအတိုင်း မီးလည်း ပြတ်သွားပါတယ်။

 .
ဆိုးတာကတော့ ညဘက်မှ အလုပ်ပြန်ရတဲ့သူတွေ မှောင်ကြီးမည်းမည်းမှာ ပြန့်ကျဲနေတဲ့ မီးကြိုးတွေပေါ် နင်းဖြတ်လျှောက်ရ တာပါပဲ။

အဲဒီလို ဖြတ်လျှောက်နေတုန်း မီးများ ပြန်လာရင်ဆိုတဲ့ အတွေးနဲ့ ကြောက်လန့်မိပေမယ့် သန်လျင် EPC ရဲ့ ကျေးဇူးကြောင့် မီးပြန်မလာလို့ အသက်ဘေး မထိခိုက်ခဲ့ရပါဘူး။

ဒီနေ့အထိ မီးမလာသေးဘဲ၊ ဒီနေ့ နေ့လယ်အထိ အဲဒီမီးကြိုးတွေ မရှင်းလင်းရသေး၊ ဓာတ်တိုင်တွေ ပြန်မထူရသေးပါဘူး။
ဓာတ်တိုင် အဟောင်းတွေ လဲပြိုတာတော့ မတတ်နိုင်ဘူးပေါ့၊ မကြာသေးခင်ကမှ ထူထားတဲ့ ဓာတ်တိုင် အသစ်တွေပါ လဲတာတော့ ထူးဆန်းပါတယ်။
သွားကြည့်တော့ အဲဒီကွန်ကရစ် ဓာတ်တိုင် အသစ်က အထဲမှာ အခေါင်းပေါက် ဟောင်းလောင်း၊ လက်သန်းလုံးလောက်တောင် မရှိတဲ့ သံချောင်းလေးပဲ အထဲမှာ ခံထားမှတော့ လဲပေမပေါ့လို့ တရားသဘောနဲ့ ရှုမှတ်လိုက်ရ ပြန်ပါတယ်။

 သန်လျင် EPC ကို ဖုန်းဆက်ရာမှာ တချိန်လုံး ဘီးဇီး ဖြစ်နေပြီး လူကိုယ်တိုင် သွားမေးပြန်တော့ တာဝန်ရှိ ဖြေကြားပေးမယ့်သူ မရှိဘူးလို့ ဆိုပါတယ်။
တာဝန်ရှိသူရဲ့ ဖုန်းနံပါတ်တွေ ပေးလိုက်ပေမယ့် တလုံးမှ ဆက်သွယ်လို့ မရခဲ့ပါဘူး။
လောလောဆယ်တော့ မီးပျက်တာ ၂၄ နာရီ ရှိပြီဖြစ်တဲ့ သန်လျင်မြို့မှာ သုံးရေ ရရှိမှု အတွက်ပါ စိုးရိမ်နေကြပါပြီ။ လျှပ်စစ်မီးနဲ့ရေက တတွဲတည်း ဖြစ်နေတာကိုး။

အခုအချိန်အထိတော့ ဘယ်တော့ မီးပြန်လာမယ်ဆိုတာ မသိရသေးသလို ဘာကြောင့် မီးကပျက်တယ် ဆိုတဲ့ အကြောင်းရင်းကိုလည်း ဖြေကြားပေးမယ့်သူ မရှိလို့ မသိရသေးပါဘူး။
 







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved