အနာကြီးရောဂါသည်တို့ရဲ့မြေကိုလည်း စစ်တပ်က သိမ်းခဲ့

Tuesday, May 27, 2014

 ~



မြန်မာပြည်ရဲ့  အကြီးဆုံးမြေရှင်ကြီးဖြစ်ဖွယ်ရှိတဲ့ မြန်မာ့တပ်မတော်က နိုင်ငံအနှံ့မှာ မြေသိမ်းခဲ့တဲ့သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေပါတယ်။

ဒီကနေ့ မဇ္ဈိမသတင်းစာ သတင်းတပုဒ်မှာ တပ်မြေသိမ်းသတင်းတပုဒ်ကို ဖတ်ရမှာပါ။
အဲဒါကတော့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် နံ့သာမြိုင်ကျေးရွာမှာ အနာကြီးရောဂါသည်တွေ စိုက်ပျိုးလုပ်ကိုင်တဲ့ လယ်မြေ ဧက ၉ဝ ကျော်ကို ၁၉၉၁ ကတည်းက သိမ်းထားတယ် ဆိုတဲ့ သတင်းပါ။
စိုက်ပျိုးလို့ရအောင် ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းပြီး လုပ်ကိုင်စားသောက်ခဲ့တဲ့မြေတွေ ဖြစ်တဲ့အကြောင်း သူတို့ကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးအုံးငွေက မဇ္ဈိမကို ပြောပါတယ်။

"မြေအစားလည်း ပြန်မပေးဘူး။ သီးနှံလျော်ကြေးလည်း မပေးဘဲ ဒီအတိုင်း လာသိမ်းသွားတယ်။ အဲလိုသိမ်းခံရတော့ အပြင်ထွက်တောင်းစားနေရတယ်"


မြန်မာပြည်အနှံ့က အနာကြီးရောဂါသည်အများအပြား ဒီနေရာမှာ ကုသမှုခံယူပြီး နေရပ်ရင်း မပြန်ကြတော့ဘဲ နံ့သာမြိုင်ဆိုတဲ့ရွာ ဖြစ်လာတာပါ။

မြေပြန်ပေးဖို့ ပြီးခဲ့တဲ့လမှာ စာတင်တယ်၊ အကြောင်းမပြန်တဲ့အတွက် ဒီနေ့လည်း စာထပ်တင်ကြမယ် တဲ့။

မြေယာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရဲ့ အသံကိုလည်း  မဇ္ဈိမသတင်းမှာ တွေ့ရပါတယ်။ ... တပ်ကစွန့်လွှတ်ထားတဲ့မြေကွက်တွေထဲမှာ အခု ပြန်တောင်းနေတဲ့ ဧက ၉ဝ လည်း ပါဝင်ပါတယ် တဲ့။
ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။
လာမယ့်လမှာတော့ မူလပိုင်ရှင်တွေဆီ ပြန်ပေးပါမယ် တဲ့။ ကော်မတီက ကူညီမယ်။ မြေတိုင်းဖို့တော့ ကျန်သေးတယ်။ စာရွက်စာတမ်းကိစ္စလည်း ကျန်သေးတယ်လို့ ကော်မတီက ပြောပါတယ်။

အဲဒါကတော့ မဇ္ဈိမသတင်းစာ သတင်းကို ပြန်ပြီး ဖောက်သည်ချတာပါ။
စိတ်ဝင်စားစရာသတင်းပါပဲ။

အင်း... တကယ်ဆိုရင် .... နံ့သာမြိုင်မှာ  ဆေးကုသမှုခံယူနေသူ၊ ကုသမှုပြီးဆုံးသွားသူတွေကို ကူညီ စောင့်ရှောက်ကြရမယ်မဟုတ်လား။

သို့သော်လည်း တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ ဆောင်ပုဒ်ကလည်း ရှိနေတော့ ဘယ်သူပိုင်တဲ့မြေကွက်ပဲဖြစ်ပါစေ ... အရှေ့အနောက်တောင်မြောက်မြေ ငါတို့မြေ လို့ သတ်မှတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မြေကွက်တွေ အများကြီး လိုအပ်တာကြောင့် နေရာအနှံ့  သိမ်းခဲ့ရတာများလား။

ဘာကြောင့် မြေကွက်အများကြီး နေရာအနှံ့ လိုက်သိမ်းခဲ့ရတာလဲ ဆိုတာက မေးသင့်တဲ့မေးခွန်း ဖြစ်နေပါတော့တယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved