ပင်လယ်စာမျိုးစုံနဲ့ ခံတွင်းတွေ့စေမယ့် Manhattan Fish Market

Monday, May 26, 2014

 ~
 

     ~
ရောင်စုံလင်းလက်နေတဲ့ မြို့လယ်လမ်းမကြီးရဲ့ အလယ်မှာ ကြယ်တွေကိုကြည့်ရင်း၊ ညရဲ့ အလှအပကို ခံစားရင်း၊ ငြိမ့်ညောင်းတဲ့ ဂီတသံစဉ် နားထောင်ရင်း ပင်လယ်စာ စားချင်သူတွေအတွက် အကြိုက် တွေ့စေမယ့် စားသောက်ဆိုင်တဆိုင် ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါပြီ။

ဆိုင်ထဲကိုဝင်လိုက်တာနဲ့တပြိုင်နက် မီးရောင်စုံ လင်းလက်နေတဲ့ မြို့လယ်လမ်းမကြီးတခုရဲ့ အလယ် ကိုရောက်ရှိသွားစေသလို ခံစားရမယ့် ဆိုင်အပြင် အဆင်ကို အရင်ဆုံးတွေ့ကြရမှာဖြစ်ပါတယ်။ လူဦး ရေ ၂ ယောက်စီသာ ထိုင်လို့ရနိုင်မယ့် စားပွဲလေးတွေ ရဲ့ အပြင်အဆင်တွေကလည်း ဆိုင်ရဲ့ထူးခြားမှုတခု ဖြစ်တာမို့ စားသုံးဖို့လာတဲ့သူတွေအတွက်အမြင်ဆန်း နေမှာပါ။

ဟင်းမီနူးထဲမှာတော့ မလေးရှား၊ ထိုင်း၊ အင်ဒို နီးရှား စတဲ့နိုင်ငံတွေကအထူးမှာယူထားတဲ့ ပင်လယ် စာတွေကို ချက်ပြုတ်ထားတဲ့ ဟင်းအမည်ပေါင်းများ စွာ၊ အအေးမျိုးစုံနဲ့ အချိုပွဲမျိုးစုံကို မှာယူလို့ရမှာပါ။

ဆိုင်ရဲ့နာမည်က Manhattan Fish Market  ဖြစ်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း ၄၁ လမ်းနဲ့ ၄၂ လမ်း ကြားက M.M.G  တာဝါမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

အီတလီ အစားအစာတမျိုးဖြစ်တဲ့ ပါစတာ ခေါက်ဆွဲကို ပုစွန်ရောနှောပြီး ကြက်သွန်ဖြူ ရနံ့နဲ့ အစပ်အရသာ ပါဝင်တဲ့ Shrimp Agllo Ollo က နေ့လယ်စာ၊ ညစာ စသည်ဖြင့် ပေါ့ပေါ့ပါးပါးနဲ့ စားသုံးလို့ရမှာပါ။
ဒါ့အပြင် ယောက်သွားကို အနီရောင် ငရုတ်ပွအချိုနဲ့ ချိုစပ် သုပ် ထားပြီး ငရုတ်ကောင်းမှုန့် ဖြူးထားတဲ့ အမေရိကန် စတိုင်လ်  Scallop Americana အသုပ်ကလည်း မြန်မာအများစု အကြိုက်တွေ့ နိုင်မှာပါ။
 
.
 .
“ဧည့်သည်တွေကို အကောင်းဆုံးအရသာတွေ နဲ့ စားစေချင်တယ်၊ ဈေးနှုန်းလည်း သင့်တင့်ရမယ်၊ အစားအသောက်လည်း ကောင်းရမယ် ဆိုတာမျိုး လက်ကိုင်ထားတယ်” လို့ Manhattan Fish Market  ရဲ့ Operation Director  ဖြစ်သူ ကို Eric က ပြော ပြပါတယ်။

စားသုံးသူ များပြားလွန်းတာကြောင့် အချိန် အနည်းငယ် စောင့်ဆိုင်းရတာမျိုးတော့ ကြုံရပါလိမ့် မယ်၊ ဒါပေမယ့် အစားအသောက်ကို စတင်စားသုံးပြီ ဆိုတာနဲ့ လက်ရာကောင်းကောင်း အစားအသောက် တွေကြောင့် စိတ်ညစ်ညူးစရာတွေက အလိုအလျောက် လျော့နည်းသွားနိုင်ပါလိမ့်မယ်။

မလေးရှားနိုင်ငံက မှာယူထားတဲ့  Dory  ငါးကို ကြော်ထားပြီး ကြက်သွန်ဖြူဆော့စ် လောင်းထားတဲ့ Manhattan  ရဲ့ အထူးဟင်းလျာ တမျိုး ကလည်း  အရသာကောင်းမွန်တာ တွေ့ ရပါတယ်။ နူးညံ့လွန်းတဲ့ Dory ငါး အသားကို စားလိုက်ရင် ခံတွင်းထဲမှာ စိမ့်ပြီး ပျော်ဝင်သွားသလို ကြက်သွန် ဖြူရနံ့ကိုလည်း တွဲဖက်ရရှိတာက ဟင်းရဲ့ ထူးခြားမှုတခုလို့ ပြောရမှာပါ။
အဲဒီ ဟင်းအမည်မှာ အာလူးကြော်လည်းတွဲဖက် ပါဝင်မှာပါ။ တပွဲကိုတော့ ဈေးနှုန်း ကျပ် ၁၂,၀ဝ၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တီလားဗီးယားငါးကို ခရမ်းချဉ်သီး အနှစ်နဲ့ အစပ်အရသာ ပါဝင်အောင် ချက်ပြုတ်ထား တဲ့ Sexy Fish ဟင်းလျာ၊ အဆာပလာ တချို့နဲ့ Marinated လုပ်ထားတဲ့  Dory Fish ကို ကင်ထား ပြီး ခရမ်းချဉ်သီးဆော့စ် ဆမ်းထားတဲ့ အကင်၊ ပုစွန် အကောင်လိုက် အကင်၊ မှိုဟင်းရည်တွေကလည်း ဆိုင်ရဲ့မှာယူမှု အများဆုံး ထိပ်တန်းဟင်းလျာတွေပါ။
စားသုံးသူတွေ အထူးနှစ်သက်တဲ့ ဟင်းလျာကတော့ Manhattan Flaming Sea Food Platter လို့ ခေါ်တဲ့ ဟင်းလျာဖြစ်ပါတယ်။
အောက်ခံအဖြစ် ထမင်းကို ဆော့စ်နဲ့နယ်ပြီးခင်းထားပါတယ်၊ အပေါ် မှာတော့ ပင်လယ်စာအမျိုးမျိုးကို အကြော် အကင် စသည်ဖြင့် ပြင်ဆင်ထားပြီး ဆော့စ်တမျိုး ဆမ်းထား ပါတယ်။ မှာယူတဲ့ စားသုံးသူရဲ့ စားပွဲနားရောက်မှ ဓာတ်ငွေ့မီးနဲ့ အပေါ်ယံကို မီးမြှိုက်လိုက်တာ ဖြစ်တဲ့ အတွက် စားသုံးသူတွေ အထူးသဘောကျကြတယ်လို့ ဆိုပါတယ်။
အဲဒီဟင်းတပွဲရဲ့တန်ဖိုးက ကျပ် ၂၂,၈၀ဝ ဖြစ်တဲ့အတွက် များတယ်လို့ ယူဆနိုင်ပေမယ့် ဟင်း တပွဲကို လူ ၄၊ ၅ ယောက်လောက် စားလို့ရတဲ့ အတွက် သင့်တင့်တဲ့ဈေးလို့လည်း ဆိုနိုင်ပါတယ်။
 
  . 
  . 
ဆိုင်ရဲ့ ဟင်းလျာအများစုမှာ Mahanttan အထူးပြုလုပ်တယ်လို့ဆိုရမယ့်  Garlic Herb Sauce ကို အသုံးပြုထားတာကို တွေ့ရပါတယ်။

အစပ်၊ အချို၊ အငန် စသည်ဖြင့် ဟင်းအမည် မျိုးစုံကိုစားပြီးလို့ ခံတွင်းရှင်းချင်တယ် ဆိုရင်တော့ သံပရာနဲ့ လီမွန်ကို ပူဒီနာရနံ့ ပေါင်းစပ်ထားတဲ့ Citrus Mint ဖျော်ရည်က အဆင်ပြေစေမှာပါ။

မိသားစုလိုက်သွားပြီး စားချင်တဲ့သူတွေအတွက် လည်း ကလေးတွေအကြိုက်တွေ့စေမယ့် အပူအအေး အရသာ ၂ မျိုးစလုံးကို တပြိုင်နက် ရရှိစေမယ့် ချောကလက် ရေခဲမုန့်အပြင်၊ Cookie Sundae, အိုက်စကရင်ကိတ်တို့လည်း ရှိပါသေးတယ်။

ဟင်းအမည်တွေရဲ့ ဈေးနှုန်းတွေကတော့ တပွဲ ကို ကျပ် ၂,၈၀ဝ ကနေ ကျပ် ၂၅,၀ဝ၀ ထိ ရှိပါတယ်။ကုမ္ပဏီ၊ မိသားစုနဲ့ သူငယ်ချင်းတွေက အဖွဲ့လိုက် လွတ်လွတ်လပ်လပ် စားသုံးချင်ရင်လည်း သီးသန့် အခန်းတွေ ရှိပါတယ်။

၁၈၂၂  ခုနှစ် ကတည်းက  စတင်လာခဲ့တဲ့ Manhattan Fish Market ဆိုင်တွေကို မလေးရှား၊  စင်ကာပူ၊  ထိုင်း၊  အင်ဒိုနီးရှား၊  သီရိ လင်္ကာနဲ့ အိုမန်နိုင်ငံတွေမှာလည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။


  • မေစစ်ပိုင် 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved