~
.
ကလေးတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်ကလေးတွေ ရှိလာအောင်၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်တတ်လာ အောင် စိတ်ဥာဏ်ရည် မြင့်မားလာအောင်လို့ ကလေးတွေကို ဘယ်လိုလေ့ကျင့်ပေးရမယ်ဆိုတဲ့ အကြောင်းကို ဧရာဝတီမှာ ကျမ တော်တော်များများ ရေးခဲ့ပြီးပါပြီ။
ဒီတပတ်တော့ ကလေးများနဲ့ အကြောက်တရား အကြောင်း ကို ကျမ ရေးချင်ပါတယ်။
ကျမတို့ပတ်ဝန်းကျင်မှာ ကလေးက အကြောက်ရှိမှ လိမ္မာမှာ ဆိုတဲ့ စကားကို လူတော် တော်များများဆီကနေ ကြားနေရတတ်ပါတယ်။
“အဖေနဲ့ အမေ တယောက်ယောက်ကိုတော့ ကြောက်အောင်လုပ်ထားမှ”
“သားက ကျမကို သိပ်ကြောက်တာ” ဆိုတာ တွေက ကျမတို့ဝန်းကျင်မှာ အမြဲတစေကြားနေရတဲ့ စကားတွေပါပဲ။ ကလေးတို့ကို လိမ္မာအောင်လို့ အကြောက်နဲ့အုပ်ချုပ်မှရမယ်ဆိုတဲ့ အတွေးက လူ တော်တော်များများဆီမှာ ရှိနေကြပါတယ်။
ကလေးကို တုတ်နဲ့မရိုက်ရဘူး ဆိုတာကို သိ ထားကြတဲ့ မိဘ၊ ဆရာများတောင်မှ ကလေး ကိုယ့် ကို ကြောက်အောင်လို့ အော်ငေါက်တာမျိုး၊ ငရဲနဲ့ ခြောက်တာမျိုး၊ သရဲနဲ့ခြောက်တာမျိုး၊ အကောင်တွေ နဲ့ ခြောက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ခြောက် လှန့်ပြီးတော့ ကြောက်အောင်မလုပ်ရင် ကလေးတို့ ဘယ်လို လိမ္မာတော့မလဲလို့ ထင်စရာပါပဲ။
အမှန် တော့ လူကြီးကိုကြောက်လို့၊ တစုံတခုကိုကြောက်လို့ ကလေးတို့ လိမ္မာရတာ၊ လိုက်နာရတာမျိုးထက် လုပ်သင့်လုပ်ထိုက်တာ၊ မလုပ်သင့် မလုပ်ထိုက်တာ ကို ကလေးတို့ကိုယ်တိုင် တကယ်သိပြီးတော့ လိုက် နာတာမျိုးကမှသာ ကလေးအတွက် ပိုကောင်းစေ တာပါ။
ကျမတို့ ဝန်းကျင်မှာ ကလေးကို ဘာကြောင့် ဒါကိုတော့ လုပ်သင့်တယ်၊
ဒါကိုတော့ ဘာကြောင့် မလုပ်သင့်ဘူး ဆိုပြီး ရှင်းပြတာမျိုးထက် ငရဲကြီးမယ် မလုပ်နဲ့၊ ကုလားကြီး လာဖမ်းလိမ့်မယ် စသဖြင့် ခြောက်လှန့် ပြောဆိုကြတာ များပါတယ်။
ဥပမာ - ကလေးက လူကြီးဆံပင်ကို ဆွဲတယ်ဆိုပါတော့။
“မီးမီး မေမေ့ဆံပင်ကို အဲဒီလို မဆွဲရဘူး။ ဆံပင်တွေဆွဲတော့ မေမေ နာတယ်။ နာတာကို မီးမီး ကြိုက်လား။ မကြိုက်ဘူး မဟုတ်လား။ မေမေလည်း နာတာကို မကြိုက်ဘူး” စသဖြင့် သင် ပေးရပါမယ်။
ဒီသင်နည်းဟာ ကလေး ကိုယ်တိုင်က နာမှာကို ကြောက်သလို၊ သူများကိုလည်း နာအောင်မလုပ်ရဘူး ဆိုတဲ့ကိုယ်ချင်းစာ စိတ်လေးကို ကလေးရင်ထဲ ရောက်အောင်လို့ သင်ပေးလိုက် ခြင်းပါပဲ။
အဲဒီလိုမဟုတ်ဘဲ “ မီးမီး၊ လူကြီး ဆံပင်ကို မဆွဲရဘူး။ ငရဲကြီးတတ်တယ်” လို့ လူကြီးက ပြောမယ်ဆိုရင်ဖြင့် သဘာဝအရ စပ်စုတတ်သူ ကလေးက ဒီလောက်နဲ့ မရပ်တာမို့ “ငရဲကြီးတယ်ဆိုတာ ဘာလဲ” လို့ ဆက် မေးပါလိမ့်မယ်။ အဲဒီအခါမှာတော့ ငရဲကြီးတယ် ဆိုတာ ဒယ်အိုးကြီးထဲကို ဆီတွေထည့်ပြီး ဆီပူနဲ့ ကြော်တာ ကစလို့၊ လှံကြီးတွေနဲ့ ငရဲသားက ထိုးတာ မျိုးအထိ လူကြီးကပြောပါတော့တယ်။
လူကြီးများရဲ့ စိတ်မှာတော့ ဒီလိုပြောလိုက်ခြင်းဟာ ကလေး လိမ္မာ အောင်လို့ ဆုံးမလိုက်ခြင်းပဲလို့ ထင်ပြီးတော့ ပြော လိုက်တာပါပဲ။
ဒါပေမယ့် ကလေးတို့ရဲ့ အတွေးကမ္ဘာ ဟာ အင်မတန်မှ နူးညံ့ဆန်းပြားလွန်းတာမို့ သူတို့ရဲ့ ရင်ထဲက ငရဲကို ကြောက်စိတ်ကြီးဟာ ညအိပ်ရာဝင် ချိန်မှာ အိပ်မက်ဆိုးတွေ မက်တဲ့အထိ သူတို့ကို လွှမ်းမိုးသွားတော့ တာပါပဲ။
လူကြီးကို လုပ်ရင် ငရဲ ကြီးတယ်လို့ အမေက ပြောထားတာမို့ ကလေးဟာ လူကြီးကိုတော့ ဆံပင်ဆွဲတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်တော့ပါဘူး။
ဒါပေမယ့် ရွယ်တူများနဲ့ ကိုယ့် ထက်ငယ်တဲ့ ကလေးများကိုတော့ ဆံပင်ဆွဲတာ၊ ဆောင့်တွန်းတာ၊ ရိုက်ပစ်တာမျိုးတွေကို ဆက်လုပ် နေဆဲပါ။
အဲဒီလိုပဲ ကြောင်ကြီးကိုက်လိမ့်မယ်၊ ဒေဝေါကြီး လာပြီ၊ အမှောင်ထဲမှာ ထားလိုက်ရမလား၊ အခန်းထဲမှာ ပိတ်ထားမှာနော် စသဖြင့် ခြောက်လှန့် တာ ၊ ဒဏ်ပေးတာမျိုးတွေဟာလည်း ကလေးရင်ထဲမှာ အကြောက် တရားတွေ ဝင်အောင်လို့ လုပ်ပေးနေ တာတွေပါပဲ။
လူကြီးကို ကြောက်ရလို့ပဲ ဖြစ်ဖြစ်၊ တခုခုကို ကြောက်လို့ပဲ ဖြစ်ဖြစ် အကြောက်တရား ကြောင့် ကလေးက ကိုယ်ပြောလိုက်တဲ့စကားကို နားထောင်ကောင်း ထောင်သွား ပါလိမ့်မယ်။
ဒါပေမယ့် ဒါဟာ ကလေးရင်ထဲမှာ မလုပ်သင့်၊ မလုပ်ရမယ့် အရာပါလားလို့ သိနားလည်သွားပြီး တော့ မလုပ်တာ မဟုတ်တဲ့အတွက် လူကြီးကွယ်ရာမှာ ခိုးလုပ်တာမျိုး တွေလည်း ဖြစ်တတ်ပါတယ်။
အဆိုးဆုံးကတော့ အကြောက်တရားနဲ့အုပ်ချုပ် ခံထားရတာကြောင့် ကလေးများဟာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်လိုစိတ်၊ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်လို စိတ် လျော့နည်းလာတော့တာပါပဲ။
ကလေးတယောက် (လူတယောက်) အတွက် ကြောက်စရာအကောင်းဆုံးအရာဟာ ကြောက်စိတ် ပါပဲ။ ကြောက်စိတ်ဟာ ကျမတို့ကို လူညွန့်တုံးစေ သလို၊ အမှားအမှန်ကိုလည်း ခွဲခြားမသိမြင်စေနိုင်တော့ပါဘူး။
ကြောက်စိတ်ကြောင့် လူဟာ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) လျော့ နည်းစေပါတယ်။
ကြောက်စိတ်ဟာ လူရဲ့ ကိုယ့်ကိုယ် ကိုယ် အကောင်းမြင်ပျော်ရွှင်တတ်တဲ့စိတ် (Self-esteem) ကိုလည်း ခြေမွဖျက်စီးပစ်လိုက်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်၊ ကိုယ့်ဘဝကို အကောင်းမမြင်နိုင် မပျော်ရွှင်နိုင်တဲ့ ကလေးများ (လူများ) ဟာ သူတပါးပေါ်မှာ မရှုစိမ့်၊ မနာလိုတတ် ကြပါဘူး။ တာဝန်ယူချင် စိတ်လည်း နည်းတတ်ကြပါတယ်။
ကိုယ့်အမှား ကိုယ် ဝန်မခံတတ်ကြသလို၊ ကိုယ့်ရဲ့ အပြစ်နဲ့ ကိုယ့်ရဲ့တာဝန် ကို တခြားသူ တွေအပေါ်မှာ လွှဲချတတ်၊ အပြစ်တင် တတ်တဲ့လူများ ဖြစ်တတ်ကြပါတယ်။
အဆိုးဆုံးကတော့ လိမ်တတ်၊ ညာ တတ်၊ မျက်နှာလို မျက်နှာရလုပ်တတ် လာကြတာပါပဲ။
ကျမတို့ လူမှုဝန်းကျင်မှာ တာဝန် ယူဖို့ဝန်လေးတဲ့သူ၊ ကိုယ့်အပြစ်ကို သူများ လွှဲချတတ်သူများကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် ထိုသူများဟာ အင်မတန် ကြောက်စိတ်များကြတာကို တွေ့ကြရ မှာပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် ပျော် ရွှင်တဲ့စိတ်တွေလည်း လျော့နည်းနေကြ တာကို တွေ့ကြမှာပါပဲ။
ကြောက်စိတ်ကြောင့် ရိုးသားတဲ့၊ ကြောက်စိတ်ကြောင့် မဟုတ်တာမလုပ် ရဲတဲ့၊ ကြောက်စိတ်ကြောင့် လိမ္မာရတဲ့ ကလေးမျိုးတွေဟာ တကယ်တော့ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အန္တရာယ် များလွန်းလှပါတယ်။
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့၊ ကိုယ်ကိုယ်ကိုယ်တန်ဖိုးထားတဲ့၊ မဟုတ် တာလုပ်ရမှာကို ရှက်တတ်တဲ့၊ မှန်တာကို ပြောရဲ လုပ်ရဲတဲ့ ကလေးမျိုးတွေ (လူကြီးတွေ) အနာဂတ် လူ့အဖွဲ့စည်းမှာ များလာစေဖို့အတွက် ကလေးတို့ ရင်ထဲကို ကြောက်စိတ်တွေ မသွင်းပေးကြပါနဲ့လို့ ။

- ခေတ်ဘုန်းသစ်
.
0 comments :
Post a Comment