မိန်းကလေးတွေကို ဦးစားမပေးကြတတ်ဘူး

Sunday, June 15, 2014

 ~



ကျောင်းသွားလို့ ကားစီးရင် ထိုင်ခုံမရတဲ့အခါ မိန်းကလေးမို့လို ဦးစားပေးပြီး ထိုင်ခုံပေးခံရတာမျိုး ဘယ်တော့မှတော့ မကြုံဖူးသေးဘူး




ဇာနည်ကိုဝင်း၊
၁၈ နှစ်၊
Naval Architecture
(ရေယာဉ်ဗိသုကာပညာ) ဒုတိယနှစ်၊
မြန်မာနိုင်ငံရေကြောင်းနည်းပညာတက္ကသိုလ်၊
ရန်ကုန်မြို့။

ညီမက ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင် စာမေးပွဲ မှာ (မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ဇီဝ) ငါး ဘာသာဂုဏ်ထူးနဲ့အောင်ခဲ့ပြီး အခုလက်ရှိ မြန်မာ နိုင်ငံ ရေကြောင်းနည်းပညာတက္ကသိုလ်မှာ ဒုတိယ နှစ်၊ ရေယာဉ်ဗိသုကာပညာအထူးပြုနဲ့ တက်ရောက် နေပါတယ်။

  ဒီ ရေကြောင်းတက္ကသိုလ်တက်ဖို့ကို ကိုယ့် ဘာသာကိုယ် ရွေးချယ်ခဲ့တာပါ။ ညီမတို့အနီးအနား မှာလည်း ရေကြောင်းတက်နေတဲ့ အစ်ကို၊ အစ်မတွေ ရှိတယ်ဆိုတော့ သူတို့ကို အားကျတာလည်းပါတယ်။ နောက်ပြီး ညီမက ဆေးကျောင်းလည်း မတက်ချင် ဘူး။

ပြီးတော့ ညီမအဘိုးက အင်ဂျင်နီယာလေ။ ဒီတော့ ညီမလည်း အင်ဂျင်နီယာသွေး ပါတယ်လို့ ပြောရတာပေါ့။ အင်ဂျင်နီယာနဲ့ဆိုင်တာကို ရွေးရင် ပိုပြီး ထိရောက်မယ်ထင်လို့ ဒီရေကြောင်းကို ရွေးခဲ့တာလည်းပါတယ်။ ညီမအဖေကလည်း သင်္ဘော သားလေ။ ညီမ ကိုးနှစ်အရွယ်မှာ ဆုံးသွားတာပါ။ အဲဒါကြောင့်လည်း ညီမက ရေကြောင်းတက္ကသိုလ်မှာ ပိုပြီးတော့ ကြိုးစားဖြစ်တာပါ။

ညီမရဲ့ အဓိကရည်မှန်းချက် အိပ်မက်စိတ်ကူးကတော့ နိုင်ငံရပ်ခြားကိုသွားပြီးတော့ သူတို့ရဲ့ နည်းပညာတွေ Technique တွေကို သင်ယူမယ်။ ပြီး တော့ ဒီမြန်မာနိုင်ငံမှာရှိတဲ့ မောင်လေး၊ ညီမလေး တွေကို ပြန်ပြီးတော့ သင်ပေးချင်တယ်။ ကိုယ်တတ် ထားတဲ့ ပညာကို မျှဝေပေးချင်တယ်။

  ဒီလို ယောကျာ်းလေးဦးရေ များတဲ့ ရေကြောင်းတက္ကသိုလ်လို ကျောင်းမျိုးမှာ တက်ရတဲ့ အခါ မိန်းကလေးတယောက် အနေနဲ့ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ရလဲဆိုတော့ ကျောင်းသွား တဲ့အခါ ၄၈ အထူး ဘတ်စ်ကားနဲ့ သွားရတယ်လေ။ ကျောင်းသွားလို့ ကားစီးရင် ထိုင်ခုံမရတဲ့အခါ မိန်းကလေးမို့လို ဦးစားပေးပြီး ထိုင်ခုံပေးခံရတာမျိုး ဘယ်တော့မှတော့ မကြုံဖူးသေးဘူး။

သူတို့က မိန်းကလေးတွေကို ဦးစားမပေးကြတတ်ဘူး။ မိန်းကလေးပေမယ့်လည်း ယောကျာ်းလေး တွေနဲ့တန်း တူ မတ်တတ်ရပ်ပြီးစီးတဲ့အခါတွေလည်း ရှိတယ်။ ဒါကတော့ သွားလာရတဲ့ ပထမ အခက် အခဲပေါ့။ နောက်တခု ကတော့ ညီမတို့ကျောင်းမှာ ယောကျာ်းလေးတွေနဲ့ တန်းတူ စစ်ရေးပြရတာတွေ ရှိတယ်။ အဲဒီလို ဟာမျိုးတွေပေါ့။ သိပ်တော့ မခက်ခဲဘူး ဆိုပေမယ့် မိန်းကလေးတယောက် အနေနဲ့ ယောကျာ်းလေးတွေနဲ့ အဲဒီလို တန်းတူလုပ်ရတာမျိုး ပေါ့။

 တခြားရည်မှန်းချက်ကိုပြောပါဆိုရင်တော့ အဆိုတော်အရမ်းဖြစ်ချင်တယ် .. ဟဲဟဲ။

 သီချင်းနားထောင်ရတာ ဝါသနာပါ တော့ ဂီတအမျိုးအစား အကုန်လုံးနီးပါး နားထောင် ဖြစ်တယ်။ စိတ်ခံစားချက် Mood အပေါ်မူတည်ပြီး သီချင်းအမျိုးအစားအစုံနားထောင်တယ်။ စိတ်ဓာတ် ကျ စိတ်ညစ်တဲ့ အခါ ပြင်းပြင်းထန်ထန် ပေါက်ကွဲ ပစ်လိုက်ရတဲ့ Rock သီချင်းမျိုးတွေ နားထောင်တယ်။ စိတ်ညစ်စရာတွေ ကနေ Escape ဖြစ်သွားတယ်။

ပျော်နေရင်လည်း သီချင်းမြူးမြူးကြွကြွလေးတွေ နားထောင်ဖြစ်တယ်။ အဆိုတော်တွေထဲမှာ ဆိုရင် ချမ်းချမ်းကို ကြိုက်တယ်။

International
အဆိုတော်ထဲမှာ အကြိုက်ဆုံးက Katy Perry ပါ။ လတ်တလော နားထောင်ဖြစ်နေတဲ့ သီချင်းတပုဒ် ဆိုရင် Katy Perry ရဲ့ Roar ဆိုတဲ့ သီချင်းလေးပါ။ အဲဒီသီချင်း နားထောင်တိုင်း ညီမ စိတ်ဓာတ်ကျနေ တာတွေ ခွန်အားတွေ ပြန်ပြည့်လာတယ်လို့ ခံစားရတယ်။

 ငယ်ငယ်တုန်းက စာဖတ်ရတာ အရမ်း ပျင်းတယ်။ ဝါသနာ မပါဘူး။ ကြေးမုံတို့ ဘာတို့ သတင်းစာတွေဆို
Black & White
ဆိုတော့ ကိုင် တောင် မကိုင်ချင်ဘူး။ မဖတ်ဖြစ်ခဲ့ဘူး။

အခုဆိုရင် ညီမက ရေကြောင်းတက္ကသိုလ်က လည်း တက်နေပြီ။ ပြင်ပ ဗဟုသုတကလည်း လိုအပ်လာပြီလေ။ အခု ခေတ်က သတင်းနဲ့ မီဒီယာခေတ်ဆိုတော့ လူတော တိုးအောင် တခုခုဆိုရင် ကိုယ်က သိနေအောင် နေ့စဉ်သတင်းစာတွေ ညီမဖတ်ဖြစ်လာပါပြီ။ အပတ်စဉ် ဂျာနယ်တွေလည်း ညီမ အချိန်ရရင်ရသလို ဖတ် ဖြစ်ပါတယ်။


  (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

 
အားတဲ့အချိန်တွေဆိုရင် သီချင်း နား ထောင်တယ်။ သီချင်းဆိုတယ်။ အိမ်မှာ လူမရှိတဲ့ အချိန်တွေဆိုရင် သီချင်းတွေအော်ဆိုတယ်။ ပြီးတော့ ကျောင်းအားလပ်ရက်တွေဆိုရင် သူငယ်ချင်းတွေနဲ့ အတူ ရုပ်ရှင်တွေ ဘာတွေ သွားကြည့်တယ်။ ရုပ်ရှင် ဇာတ်ကားတွေသွားကြည့်ရင် သရဲကားတွေ အများဆုံး သွားကြည့် ဖြစ်တယ်။

အားလပ်ရက်တွေမှာ ဆိုရင် Library မှာ စာအုပ်တွေ သွားငှားဖတ်တယ်။ Library မှာ Wi-Fi Free လည်း ပေးထားတော့ အင်တာနက်ကနေ စာတွေ ရှာဖတ်တယ်။ ကျောင်းစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ပြင်ပဗဟုသုတတွေကိုလည်း လေ့လာဖြစ်ပါတယ်။

အားကစားကိုတော့ ကျောင်း စစတက်ချင်းမှာ စစ်ရေးပြရတာတွေဘာတွေ လုပ်ရတော့ နောက်ပိုင်းမှာ အားကစားကို ဝါသနာပါလာပြီး အိမ်မှာ အခု ဆိုရင် ကြက်တောင်ရိုက် ကစားတယ်။ ပြေးတယ်။ တခါတလေ အားရင် နံနက်အစောနဲ့ ညနေပိုင်းတွေ လမ်းလျှောက်တယ်။

 ဆယ်တန်းတုန်းက ဂုဏ်ထူး ငါးဘာသာ ထွက်အောင်   စာကို တနေ့စာတနေ့ ပုံမှန်လုပ်တယ်။ အကြွေး မထားဘူး။ တဘာသာဆိုလည်း တဘာသာ၊ နှစ်ဘာသာဆိုလည်း နှစ်ဘာသာပေါ့။ သင်သမျှစာတွေ အကုန်ပြီးအောင် လုပ်တယ်။ အိမ်စာဆိုလည်း အိမ်စာအလျှောက်ပေါ့။ တခါတလေ အရမ်း ကြိုးစားပြီး မျှော်လင့်ထားသလို မရတဲ့အခါတွေလည်း ရှိတယ်။ အဲဒီအခါကျရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးပြီး ကိုယ်လိုချင်တဲ့ အမှတ်ရအောင် ပြန်ကြိုးစားတယ်။ အဓိက,ကတော့ တနေ့စာတနေ့ ပြီး အောင်လုပ်တယ်။

ရေကြောင်းတက္ကသိုလ်မှာ တက်နေတဲ့ ညီမရဲ့ တနေ့တာ လှုပ်ရှားမှုကတော့ ကျောင်းဖွင့်ချိန်ဆို တနေကုန်နီးပါး ကျောင်းမှာပဲ။ အတန်းမှန်မှန်တက် တယ်။ အတန်းလည်း မလစ်ဟင်းချင်ဘူး။ အတန်း ပျက်တယ်ဆိုရင် နောင် စာမေးပွဲတွေဖြေတဲ့အခါမှာ သိသာလာနိုင်တယ်လေ။ ပြီးတော့ ညီမက အိမ်မှာ ညီအစ်မသုံးယောက်ထဲမှာ အငယ်ဆုံးဆိုပေမယ့် အိမ်မှာ ကိုယ့်တာဝန်ကိုယ်ယူရတယ်။ အိမ်အလုပ်တွေကိုလည်း မလစ်ဟင်းစေရအောင် အိမ်အလုပ်တွေကိုလည်း လုပ်ပါတယ်။

 လူငယ်ဘဝကို တက်ကြွ လန်းဆန်းပြီး အမြဲပြုံးရွှင်နေတဲ့မျက်နှာမျိုးကို ပိုင်ဆိုင်ထားရမယ်လို့ ခံယူထား ပါတယ်။ ညီမ လက်ကိုင်ထားတဲ့ ဆောင်ပုဒ် ကတော့ ဘယ်နေရာပဲ ရောက်ရောက် ကြိုးစားပါ။ ကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ်ချစ်ပြီး ကိုယ်ချစ်တဲ့ အလုပ်ကို ကိုယ်လုပ်ပါဆိုတဲ့Do what you Love. Love what you do” ဆောင်ပုဒ်လေးပါပဲ။

သီဟတိုး

 



.

2 comments :

  1. Anonymous said... :

    မိန်းကလေးဖြစ်တဲ့အတွက်အခွင့်အရေးပိုလိုချင်တယ်ပေါ့...Gender equality ဆို။

  1. Anonymous said... :

    Gender equality မှာ အမျိုးသား နဲ့ အမျိုးသမီး တန်းတူအခွင့်အရေးရရမည်ဆိုတာ
    ကျောင်းဝင်ခွင့် အမှတ်တွေတူရမယ်၊ လုပ်ငန်းခွင်မှာ ရာထူးချင်းတူရင်တောင် လုပ်ခလစာတူရမယ်၊ တန်းတူ ဦးဆောင်နိုင်ခွင့်ရှိရမယ်၊ လွှတ်တော်နဲ့ အုပ်ချုပ်ရေးနယ်ပါယ်တွေမှာ အမျိုးသမီးတွေပါဝင်မှု အချိုးညီတူညီမျှရှိရမယ် ဒါတွေကိုပြောတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved