အိပ်မက်ဆုံရာမှာ သီချင်းဆိုတဲ့ ကာရန်ချို

Sunday, June 22, 2014

~
  • ကာရန်ချို၊
  • အသက်(၁၉)နှစ်၊
  • အိပ်မက်ဆုံရာ Season 8 အဆိုရှင်၊
  • စီးပွားရေးတက္ကသိုလ် တတိယနှစ်ကျောင်းသူ၊


(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အခုလတ်တလောမှာ ရှိုးပွဲတွေရှိရင် ဆိုဖြစ်ပါတယ်၊ ညီမတို့ အိပ်မက်ဆုံရာ Season 8 က မောင်နှမတွေ Group ခွေအတွက် စီစဉ်နေပါတယ်။

  Season 8 မှာ 8 Runner Up ဆုကို ရခဲ့ပါတယ်၊ ညီမအကောင်းဆုံးတော့ ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့် ညီမတို့ Season က မောင်နှမတွေအားလုံးက တော်ကြလို့ ညီမ 8 Runner Up ပဲရခဲ့ပါတယ်၊
 Season 7 မှာတခေါက်ပြိုင်ပေမယ့် ပြုတ်ခဲ့လို့  Season 8 မှာနောက်တခေါက်ထပ်ပြိုင်ခဲ့တာပါ၊

ညီမကသီချင်းဆိုတာကိုလည်း အရမ်းဝါသနာပါတယ်၊ အိပ်မက်ဆုံရာအစီအစဉ်ကိုလည်း စိတ်ဝင်စားလို့ပြိုင်ဖြစ်ခဲ့တာပါ၊

အောင်မြင်တဲ့အဆိုပညာရှင်တယောက်ဖြစ်ချင်သလို ပရိသတ်တွေအားပေးတာကိုလည်း လိုချင်ပါတယ်၊
သီချင်းဆိုတာက ညီမဘ၀ရဲ့ငါးဆယ်ရာခိုင်နှုန်းလောက်အထိကို အရေးပါပါတယ်၊

ဘ၀မှာ ဖြစ်နိုင်ရင်တော့ ဒီအနုပညာအလုပ်တွေနဲ့ပဲဘ၀ကို လျှောက်လှမ်းချင်ပါတယ်၊

အလှပြင်တာနဲ့ပတ်သက်ပြီးတော့လည်း ၀ါသနာပါသလို သရုပ်ဆောင်အလုပ်ကိုလည်း ၀ါသနာပါပါတယ်၊

လူငယ်ဖြစ်တဲ့အချိန်မှာ ညီမဘ၀ရဲ့နေထိုင်မှုပုံစံကို ညီမသဘောကျကျေနပ်ပါတယ်၊ ညီမဘ၀က လွတ်လပ်တဲ့နေထိုင်မှုပုံစံပါပဲ၊ မိဘတွေကလည်း ညီမအနုပညာအလုပ်ကို အားပေးပါတယ်၊

ကျောင်းပညာရေးရော၊ အနုပညာအလုပ်ကိုပါ ဖြစ်အောင်လုပ်စေချင်ပါတယ်၊ ညီမလူငယ်ဘ၀မှာ စိတ်မပျော်ရွှင်တာတွေလည်း ရှိပေမယ့် ညီမ အတတ်နိုင်ဆုံး စိတ်ကိုပျော်ရွှင်အောင်နေထိုင်ပါတယ်၊
ညီမက တခုခုကိုလုပ်ပြီဆိုရင် ဖြစ်အောင်တော့လုပ်ချင်တယ်၊ ဒါပေမယ့် အဲ့ဒီအလုပ်ပေါ်မှာ အများကြီးတော့ မျှော်လင့်မထားဘူး၊
မျှော်လင့်ထားပြီးမှ ဖြစ်မလာရင် အရမ်းခံစားရမှာစိုးလို့ ဘယ်တော့မှ မမျှော်လင့်ထားပါဘူး၊

 ဘ၀မှာစိတ်ညစ်စရာတွေက ကြုံတွေ့ရမှာလူတိုင်းပဲ၊ အဲ့ဒါကို ပျော်ရွှင်အောင်နေထိုင်ပြီး ကိုယ်ဖြစ်ချင်တာ၊လုပ်ချင်တာကို ဖြစ်အောင်ကြိုးစားသွားရမှာ ကိုယ့်အလုပ်ပါပဲ၊

စာအုပ်တွေဆိုရင် ညီမက အသိပညာရမယ့်စာအုပ်တွေ၊အချစ်ဝတ္ထုစာအုပ်တွေနဲ့ ကျန်းမာရေးစာအုပ်တွေ တော်တော်များများ ဖတ်ဖြစ်ပါတယ်၊

ညီမကို ဘယ်သူမှမသိတဲ့ အနေအထားကနေ အိပ်မက်ဆုံရာက အနုပညာရှင်တယောက် အနေနဲ့ လူတွေ သိလာတယ်၊ အနုပညာအလုပ်တွေ လုပ်ခွင့်ရလာတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်၊

ဓာတ်ပုံရိုက်ရင် Cute ပုံစံလေးတွေက ညီမနဲ့ပိုလိုက်တယ် ထင်ပါတယ်၊ ဖက်ရှင်ကလည်း လူတိုင်းအတွက် လိုအပ်ပါတယ်၊ ညီမအနုပညာအလုပ်တွေကို ပရိသတ်တွေအတွက် အများကြီးကြိုးစားသွားမှာပါ၊
လူငယ်တယောက်အနေနဲ့ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ဝါသနာပါတာကို စိတ်လွတ်လွတ်လပ်လပ်နဲ့ ကြိုးစားသွားရင် အောင်မြင်လာမှာပါလို့ ညီမယုံကြည်ထားပါတယ်။


မြတ်သူအောင် 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved