တိုက်ပွဲမရပ်သေးတဲ့ပလောင်ဒေသမှာ ဘာတွေဖြစ်နေသလဲ

Thursday, June 26, 2014

 ~

   ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီးရှိ မာန်အောင်ကျေးရွာအတွင်း နေအိမ်တချို့ကို အစိုးရ စစ်တပ်က ဝင်ရောက်ကာ ပစ္စည်းများ ယူဆောင်သွားခြင်း၊  ရွာသားများကို ဖမ်းဆီးခြင်း   ပြုလုပ်နေသည်ဟု ဒေသခံတချို့က ပြောသည်။



ရှမ်းပြည်မြောက်ပိုင်း ပလောင်တိုင်းရင်းသားကျေးရွာတခု မြင်ကွင်း (ဓာတ်ပုံ - ကျော်ခ - ဧရာဝတီ)
 .
ထိုဒေသတွင် မြန်မာအစိုးရ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များ တပ်စခန်း ချထားကြောင်း၊ ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြောင်း မာန်အောင်ကျေးရွာမှ ဦး အောင်သိန်းက ဧရာဝတီသို့ပြောသည်။

“ရွာသားတွေကို ဖမ်းဆီးပြီး လမ်းပြလုပ်ခိုင်းတာပါ။
တိုက်ပွဲကြောင့်ရွာသားတွေ နမ့်ခမ်းမြို့ပေါ် ထွက်ပြေး နေတဲ့အချိန်မှာ ရွာသားတွေအိမ်ကို ဝင်ရောက်ပြီး အိမ်ထဲက ပစ္စည်းတွေ ယူတာတွေ ရိုက်ခွဲထားတာတွေ လုပ်တယ်။
ရွာသားတွေကိုလည်း လမ်းမှာတွေ့ရင် စစ်ဆေးတာတွေ လုပ်တော့ ဒေသခံတော်တော်များများ အိမ်ပြင် မထွက်ရဲဘူး”


နမ့်ခမ်းမြို့နယ်အတွင်းရှိ မာန်အောင်ရွာမှ ဒေသခံ ၂ဦး၊ ဖာဂန်ရွာက ၂ဦး နှင့် ဆိုင်းတောင်ရွာသား ၂ဦးကို အစိုးရတပ်က လမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း၊
 မာန်အောင်ရွာတွင် အစိုးရတပ် စခန်းချနေသဖြင့် ဒေသခံများ အိမ်ပြင်သို့ မထွက်ရဲကြောင်းလည်း ဦးအောင်သိန်းက ဆက်လက်ပြောသည်။

ဇွန်လ ၂၁ ရက်က ထိုရွာအနီး ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထိုအခြေအနေများ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

 “တိုက်ပွဲဖြစ်တဲ့နေ့ကတော့ ရွာသားတွေ နမ့်ခမ်းမြို့ကိုထွက်ပြေးလာတယ်။
အခုတော့ရွာတွေကို ပြန်သွားပြီ။ အသက်ကြီးတဲ့သူနဲ့ ကလေးတွေပဲ ကျန်ခဲ့တယ်”
ဟု နမ့်ခမ်းမြို့ တအာင်း လူငယ်အဖွဲ့အစည်းမှ မိုင်အောင်ထွန်းက ဧရာဝတီသို့ပြောသည်။

အစိုးရတပ် အနေဖြင့် ရွာသားများ၏နေအိမ်ကို ဖောက်ထွင်းခြင်း ၊ ရွာသားများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း မလုပ်သင့်ကြောင်း မိုင်အောင်ထွန်းက ပြောသည်။

ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ မုံးယကျေးရွာအုပ်စုတွင်  ဇွန်လ ၂၄ ရက်နေ့က  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရက ထိုဒေသတွင် တပ်ရင်း ၄၇ ခု အသုံးပြုပြီး နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြောင်း TNLA ပြန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “အစိုးရတပ်က ကျနော်တို့ကို အပြတ် ချေမှုန်းဖို့ လုပ်နေတာ။
တိုက်ပွဲကတော့ ထပ်ရှိဦးမှာပါ”
ဟု ဧရာဝတီကို ပြောပြသည်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved