စိတ်ကြည်နူးစေမယ့် အိမ်ခန်းတွင်း အလှစိုက်သစ်ပင်လေးတွေ

Friday, June 6, 2014

 ~


 

နွေ၊မိုး၊ ဆောင်း ရာသီဥတု ၃ မျိုးရှိတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကိုကျောခိုင်းလို့ စိမ်းလန်းစွတ်စိုတဲ့ မိုးရာသီကိုတပတ်လည် ရောက်ရှိလို့လာပြန်ပြီ။ မိုးရာသီဟာဆိုရင် တနည်းအားဖြင့်တော့ သစ်ပင်စိုက်လို့ကောင်းတဲ့ ရာသီတခုပါ။


ကြိမ်ပု - ကျပ် ၅,ဝဝဝ


အပင်စိုက်မယ်ဆိုရင်တော့ အနည်းဆုံးတော့ ရွာသွန်းတဲ့မိုးက ပုံမှန်ဖြစ်ဖို့လိုအပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မိုးနည်းလွန်းအားကြီးတာ၊ မိုးများလွန်းအားကြီးတာက သစ်ပင်တွေရဲ့ ရှင်သန်မှုကို ထိခိုက်ပျက်စီးစေနိုင်လို့ပါပဲ။
ဒီရာသီချိန်ခါမှာတော့ သစ်ပင်စိုက်ရင် စိုက်တဲ့ သစ်ပင်လေးတွေ အမြဲစိမ်းလန်းပြီး ရှင်သန်ကြီးထွားနှုန်းမြန် တတ်သလို ထိန်းသိမ်းစောင့်ရှောက်တဲ့အပိုင်းမှာလည်း မိုးရာသီဖြစ်တဲ့ အတွက် ရာသီဥတုက အမြဲတမ်း စိုစွတ်နေတာကြောင့် အပင်တွေကို ရေလောင်းပေးဖို့အလုပ် ကလည်း နွေရာသီတို့ ဆောင်းရာသီတို့ထက်စာရင် အများကြီးသက်သာပါတယ်။

အပင်စိုက်ဖို့ ဥယျာဉ်ခြံမြေနေရာမရှိတဲ့ ရန်ကုန်မြို့ တိုက်ခန်းတွေ၊ ကွန်ဒိုတွေမှာ နေထိုင်သူတွေအတွက် ကတော့ အပင်စိုက်ချင်တယ်ဆိုရင် ကိုယ့်နေအိမ်အတွင်းပဲ မြေနေရာ သီးသန့်ပေးစရာမလို ပေါ်တီကို အောက်၊ အိမ်ရှေ့ ဧည့်ခန်း အစရှိတဲ့ နေရာတွေမှာ အဆင်ပြေသလို အလွယ်တကူ ပန်းအိုးထဲ မြေကြီးထည့်၊ ပုံမှန်ရေလောင်းပြီး စိုက်ပျိုးနိုင်တဲ့ အိမ်ခန်းတွင်းစိုက် Indoor အပင်တွေက စိုက်ပျိုးဖို့ အကောင်းဆုံးပါပဲ။

Indoor  ပင်တွေက ၁၂ ရာသီပတ်လုံး လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်ပြီး ဒီလိုစိုစွတ်တဲ့ မိုးရာသီမှာဆိုရင် ရေလောင်းရလည်းသက်သာသလို ထိန်းသိမ်း စောင့်ရှောက် ရတာလည်း လွယ်ကူပါတယ်။
နှစ်ရက်ခြားတခါလောက် ရေပုံမှန်လောင်းပေးရုံနဲ့ စိုက်ပျိုးလို့ရပါတယ်။
အိမ်ခန်းတွင်းစိုက်အပင် Indoor plant တွေ ကို အခုအခါမှာ ကုမ္ပဏီရုံးခန်း၊ ဆိုင်ခန်း၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေမှာပါ အလှစိုက်ပျိုးလာကြတာ တွေ့ရပါတယ်။
စိုက်ပျိုးတဲ့ အပင်အမျိုးအစားနဲ့ ရည်ရွယ် ချက်တွေကလည်း အမျိုးမျိုးပါပဲ။
တချို့က လာဘ်ခေါ်ဖို့၊ တချို့က အခန်းတွင်း လေသန့်စင်ဖို့၊ တချို့ကတော့ လည်း မျက်စိပသာဒ ရှိဖို့နဲ့ စိတ်ကြည်နူးမှုအတွက် စသဖြင့် အမျိုးမျိုးပါပဲ။
ယိုးဒယား လပ်ကီးရွက်လှနဲ့ ထိုင်ဝမ် လပ်ကီးလို့ ခေါ်တဲ့ Indoor   အပင်မျိုးတွေဆိုရင် လာဘ်ခေါ်တဲ့ အနေနဲ့ ကံကောင်းခြင်းတွေ ဝင်လာအောင် ကုမ္ပဏီရုံးခန်း၊ ဆိုင်ခန်းတွေမှာ ပန်းအိုးခပ်ကြီးကြီးတွေနဲ့ ထိုးပြီး စိုက်လေ့ရှိပါတယ်။
ကျောက်စိမ်းဧကရာဇ်လို အပင်မျိုးတွေကိုတော့ ပန်းအိုးကြီးကြီးနဲ့ အလှစိုက်ပျိုးလေ့ ရှိတယ်လို့ သိရတယ်။
 ကြိမ်စက်လို အပင်မျိုးကိုတော့ အခန်းထဲက အနံ့ဆိုးတွေကို စုပ်ယူနိုင်ဖို့ စိုက်ပျိုးတတ်ကြပါတယ်။

Indoor  စိုက်တဲ့အပင်တွေထဲမှာ ကန္တာရဆူးလို အပင် ငယ်လေးတွေလည်း မပါမဖြစ်ပါပဲ။
 ဒီအပင်လေးတွေက ရေသိပ်မကြိုက်တဲ့အတွက် ရေကို သုံးရက်ခြားတခါလောက် လောင်းပေးရုံနဲ့ အပင်ရှင်သန်နိုင်ပြီး အပင်ပု၊ အပင်သေး လေးတွေဖြစ်တာကြောင့် စာကြည့်စားပွဲ၊ စာအုပ်စင် အစရှိတဲ့ နေရာမျိုးတွေမှာ အလှစိုက်ထားနိုင်ပါတယ်။
အပင်ပုံစံက ချစ်စရာကောင်းပြီး Romantic ဖြစ်တဲ့အတွက် ကန္တာရ ဆူးပင်ပုလေးတွေကို ချစ်သူ ရည်းစား၊ သူငယ်ချင်းတွေ တယောက်နဲ့တယောက် အပြန်အလှန် အမှတ်တရ လက်ဆောင်ပေးလေ့ ရှိကြ ပါတယ်။

“တရက်ပျော်ချင်ရင် အရက်သောက်၊ တနှစ် ပျော်ချင်ရင် မိန်းမယူ၊ တသက်ပျော်ချင်ရင် သစ်ပင်စိုက်” ဆိုတဲ့ စကားပုံလေးလိုပဲ သစ်ပင်စိုက်တာဟာ စိတ်ကို ကြည်လင် ပျော်ရွှင်စေသလို သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ် နိုးစိတ်ကိုလည်း ရှင်သန်တိုးပွားစေပါတယ်။

ဒီတပတ်မှာတော့ သစ်ပင်ချစ်သူတွေအတွက် မျက်စိအေးပြီး စိုက်ရပျိုးရလည်း လွယ်ကူ၊ မြေနေရာလည်း အများကြီးပေးစရာမလိုဘဲ ရေပုံမှန်လောင်းပြီး ပန်းအိုးထိုး စိုက်လို့ရတဲ့ Indoor အပင် တချို့နဲ့ ကန္တာရ ဆူးပင်ငယ် လေးတွေကို ဧရာဝတီ ခေတ်ရေစီး ကဏ္ဍကနေ ရေးသားဖော်ပြပေးလိုက်ပါတယ်။

 


 .
တရုတ်ကန္တာရဆူး  - ၇,၅ဝဝ
မြန်မာကန္တာရဆူး  - ၃,ဝဝဝ
ယိုးဒယားလပ်ကီးရွက်လှ - ၆,ဝဝဝ
ကျောက်စိမ်းဧကရာဇ် - ၂ဝ,ဝဝဝ
ကျီးမင်းကျား - ၅,ဝဝဝ





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved