ဧရာဝတီတိုင်းလွှတ်တော်အမတ်များလည်း ကန်ထရိုက်ဖြစ်ချင်

Friday, October 24, 2014






ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ အမတ်မင်းများက သူတို့လည်း ဆောက်လုပ်ရေးကန်ထရိုက် ဖြစ်ချင်ကြကြောင်း ပြောကြပါတယ်။
ဒီအကြောင်း လွှတ်တော်ထဲ ရောက်ခဲ့တဲ့ သတင်းထောက် ဆလိုင်းသန့်စင်က အသေးစိတ် ပြောပြထားပါတယ် -


  • (ဓာတ်ပုံ - www.babble.com)
 
 တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ဥက္ကဌနဲ့ ၀န်ကြီးချုပ်ဆိုသူတွေဟာ ရာထူးကြီးသူတွေပါ။
ဝန်ကြီးများအိမ်ရာဆိုတဲ့ခြံဝန်းကျယ်ကြီးထဲမှာ ကြီးမားတဲ့နေအိမ်တွေနဲ့၊ အဆောင်အယောင်နဲ့ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးရဲ့အိမ်က အစိုးရ ပေးထားတဲ့အိမ်ပါ။

သူ့အိမ်အနေအထား ဘယ်လို ရှိပါသလဲ။

“ကိုယ်နေတဲ့အိမ်ဆောက်တယ်။ တက်သာနေရတယ် ဘယ်လောက်တန်မှန်းမသိဘူး။ စံချိန်စံညွှန်းမီိဖို့ ဝေလာဝေးပဲ။
ကျနော်နေတဲ့အိမ်ဆိုလည်း ဒီအတိုင်းပါပဲ။
ဒီအိမ်ဆို ဆောက်တာ ၃ နှစ် လောက်ပဲ ရှိသေးတယ်။ ဟိုနေရာက ပြိုကျ၊ ဒီနေရာက ပြိုကျနဲ့ ဖြစ်နေတယ်။
ဒီလောက်တန်ဖိုးကြီးမားတဲ့အဆောက်အဦးကို ၁ နှစ်ပဲ အာမခံပေးတယ်။
ဒါက ဖြစ်သင့်ရဲ့လား စဉ်းစားကြဖို့ ပြောတာပါ”   လို့  ဦးတင်စိုးက
လွှတ်တော်ဥက္ကဋ္ဌက  ဗုဒ္ဓဟူးနေ့ လွှတ်တော်အစည်းအဝေးအတွင်းမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

 တိုင်းအတွင်း တင်ဒါအောင်မြင်သူတွေ တည်ဆောက်တဲ့ ဒေသဖွံ့ဖြိုးရေးလမ်းတံတားနဲ့ အဆောက်အဦးတွေရဲ့ စံချိန်စံညွှန်း မီ/မမီ၊
တင်ဒါစည်းကမ်းချက်တွေ လိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ်မယ့် အဖွဲ့တွေ ဖွဲ့စည်းပေးရေးအဆိုကို
အမတ်တဦး တင်သွင်းပါတယ်။ ဒါကို လွှတ်တော်မှာ ဆွေးနွေးရင်းကနေ လွှတ်တော်ဥက္ကဋ္ဌက သူ့နေအိမ် အကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုအဆောက်အဦးမျိုး ဆောက်ရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေရော ကန်ထရိုက် မလုပ်ချင် ကြဘူးလား။
အဲ့ဒီလောက်အခွင့်အရေးရတဲ့အလုပ်မျိုး မလုပ်ချင်ကြဘူးလား”
လို့  ဥက္ကဋ္ဌက အစည်းအဝေးအတွင်း မေးမြန်းခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လုပ်ချင်ပါကြောင်း ပြန်ဖြေကြပါတယ်။

လွှတ်တော်ဥက္ကဋ္ဌနေထိုင်တဲ့အိမ်ကတော့ ပုသိမ်မြို့အ၀င်ဝ၊ ပုသိမ်တက္ကသိုလ်အနီးနားက ၀န်ကြီးများအိမ်ရာ ခြံဝန်းကြီးထဲမှာ တည်ရှိပါတယ်။
ဝန်ကြီးများအိမ်ရာဝန်းထဲမှာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်အပါအ၀င် သက်ဆိုင်ရာဝန်ကြီးတွေ နေထိုင်ကြပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌအိမ် ကျနော်ရောက်သွားတော့ အိမ်ဝင်ပေါက်နားမှာ ရေခံတဲ့ခွက်ချထားတာ တွေ့တယ်။ ဒါက ဘာလုပ်တာလဲ မေးကြည့်တော့ မိုးယိုလို့ ရေခံထားတာတဲ့။
မကြာသေးခင်တုန်းကလည်း ၀န်ကြီးတဦးအိမ် မျက်နှာကြက်က ဘောင်ကွပ်ထားတဲ့သစ်သားတန်းတွေ ပြုတ်ကျသေးတယ်။
 လူမရှိလို့ ဘာမှမဖြစ်ကြတာ”လို့ ၀န်ကြီးများအိမ်ရာဝင်းထဲ ၀င်ထွက်သွားလာနေသူတဦးက ဧရာဝတီကို ပြောပြပါတယ်။

  ဒေသဖွံ့ဖြိုးရေးအတွက် အဆောက်အဦးတွေဆောက်ရာမှာ တင်ဒါခေါ်ပြီး အောင်မြင်သူကို ဆောက်ခိုင်းလေ့ရှိပါတယ်။
အများဆုံး တည်ဆောက်ကြတာတော့ စာသင်ကျောင်းတွေပါပဲ။
 တည်ဆောက်ပြီးလို့ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေ ကလည်း စံချိန်စံညွှန်းပြည့်မီကြောင်း ထောက်ခံပြီးတဲ့နောက်မှာ  ကျောင်းတွေကို အစိုးရလက်ထဲ ထည့်ပါတယ်။

ဒီလိုကျောင်းသစ်ဆောက်ပြီး အသုံးပြုလို့ ၆ လ၊ ၁ နှစ်ဆိုတဲ့အချိန်အတွင်းမှာ အုတ်နံရံတွေ ကွဲအက်လာတာ၊ ပျက်စီးယိုယွင်းလာတာတွေ အဖြစ်များကြောင်း၊
ဒါကြောင့်လည်း အခုလို တင်ဒါအောင်ပြီး တည်ဆောက် တာတွေ အရည်အသွေးပြည့်မီရေး သေချာစွာ စိစစ်ကြပ်မတ်ပေးဖို့ အဆိုတင်သွင်းရတာ ဖြစ်ကြောင်း
လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက   ပြောပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်းတို့ကတော့ တိုင်းအစိုးရအနေနဲ့ လွှတ်တော်ရဲ့တိုက်တွန်းချက်နဲ့အညီ သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ စစ်ဆေးကြပ်မတ်ဖို့ ညွှန်ကြားထားတယ်လို့ လွှတ်တော်မှာ ပြန်လည်ဖြေကြား သွားခဲ့ပါတယ်။

 
  • လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး (ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ)

ဒီအဆိုဆွေးနွေးရင်းနဲ့ အဆုံးသတ်မှာတော့ ဒီကိစ္စတွေကို မပြောချင်ဘဲ ပြောနေရတာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက ပြောဆိုသွားခဲ့ပါတယ်။

“သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေကတော့ ခံချင်မှာမဟုတ်ဘူး။ ဒါက ရိုးသားစွာပြောတာ။
မပြောရင် တာဝန်မကျေမှာစိုးလို့ ပြောနေရတာ။ ဖြစ်သမျှအကြောင်းကို မသိချင်ယောင်ဆောင်သွားရင် ဒီနေရာနဲ့ ဘယ်ထိုက်တန်တော့မလဲ။
ကျနော်တို့ မပြောရင် အပြောမခံရတဲ့သူတွေက ပိုကြိုက်လေပဲ။
 ပြောနေရတယ်ဆိုကတည်းက မဟုတ်သေးဘူး၊ လုပ်သင့်လုပ်ထိုက်တာ မလုပ်သေးဘူးလို့ ကျနော်တို့ ယူဆလို့ရပါတယ်”လို့ သူက ပြောပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved