မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေး ငြိမ်းချမ်းစွာဖြေရှင်းပြီးဟုဆို

Monday, June 2, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ၂ နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်း ပစ်ခတ်မှုဖြစ်စဉ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီးသွားပြီဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာ ၂ စောင်က ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့ တကွ ရေးသားဖော်ပြကြပါတယ်။ 


 မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ စစ်ဘက်တာဝန်ရှိသူများ အတူတကွ မှတ်တမ်းဓာတ်ပုံရိုက်စဉ်၊ ဓာတ်ပုံ- ကြေးမုံသတင်စာ ဖေ့စ်ဘုတ် စာမျက်နှာ

လွန်ခဲ့တဲ့ သတင်းပတ်က RSO သောင်းကျန်းသူတွေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတယ်ဆို တဲ့ သတင်းကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ RSO က လို့ ယူဆရတဲ့ လူ တဦးရဲ့ အလောင်းကို လက်နက်ခဲယမ်းနဲ့ အတူ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၄င်းတို့ရဲ့ နယ်ခြားစောင့် တပ်ဖွဲ့က လူတဦးပျောက်ဆုံးနေတယ်လို့ ရန်ကုန်မှာ အခြေစိုက်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်သံရုံးက မြန်မာအစိုးရဆီကို အကြောင်းကြားလာတယ်လို့ဆိုပါတယ်။ 

မြန်မာဘက်က ထိန်းသိမ်းထားရင် ပြန်လည်လွှဲပေးဖို့နဲ့ သေဆုံးခဲ့တယ်ဆိုရင်လည်း အလောင်းကို ပြန်လည် လွှဲအပ်ဖို့တောင်းဆိုတယ် လို့ ဆိုပါတယ်။ 

သတင်းတွေအဆိုအရ အဲဒီကိစ္စကြောင့် ၂ နိုင်ငံ နယ်စပ် အခြေအနေတင်းမာလာတယ်ဆိုပြီး အခုနောက်ဆုံး သံတမန် နည်းနဲ့ ဖြေရှင်းကာ မြန်မာဘက်ကလည်း သိမ်းဆည်းထားမိတဲ့ ရုပ်အလောင်းကို ၂ ဘက် စစ်ဘက်တာဝန်ရှိသူတွေက စနစ်တကျ လက်မှတ်ထိုးလွှဲပြောင်းပေးခဲ့အပြီး ငြိမ်းချမ်းစွာ ပြီးစီးသွားပြီ လို့ ရေးသားထားပါတယ်။


မြန်မာ့အလင်း သတင်းစာ 

ကြေးမုံးသတင်းစာ

မြဝတီက သတင်းဖော်ပြချက်ကို ကြေးမုံသတင်းစာတွင် ဖော်ပြချက် အပြည့်အစုံကို ပြန်လည် ကူးယူဖော်ပြပေး လိုက်ပါတယ်။ 
 
 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာဖြေရှင်းပြီးစီး 

 နေပြည်တော ဇွန် ၁ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင RSO သောင်းကျန်းသူအဖွဲ့ ဝင်ရောက်လှုပ်ရှား လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် မိမိနယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင် ရွက် လျက်ရှိရာ မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူအဖွဲ့မှဟုယူဆရသော လက်နက်ကိုင်
ဆောင် ထားသူနှစ်ဦးသည် မိမိနိုင်ငံနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အဝါရောင်ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း တစ်
လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် စစ်သံရုံး(ရန်ကုန်)မှ အကြောင်းကြား ချက်အရ ၎င်းတို့နယ်ခြားစောင့်တပ်ဖွဲ့ မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့တပ်ဖွဲ့ဝင် တစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ 
မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထား ရှိပါက ပြန်လည်လွှဲပြောင်းပေးစေလိုကြောင်း၊ သေဆုံးပါကလည်း အလောင်း အား ပြန်လည်ပေးအပ်စေလိုကြောင်း ညှိနှိုင်းအကြောင်းကြား လာခဲ့သည်။ 

မိမိဘက်မှလည်း အဝါရောင်ပြောက်ကျား ယူနီဖောင်းဝတ် အလောင်းတစ်လောင်းအား နယ်စပ်မှတ်တိုင် (၅၂) အနီး မိမိနိုင်ငံ နယ်မြေအတွင်းတွင် တွေ့ရှိထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အလောင်း မှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင်(၅၂) အနီးတွင် ပြန်လည်လွှဲပြောင်းပေးအပ် မည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။ 

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁) ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး ကာရပ်ဖ်ဦးစီး အဖွဲ့သည် နယ်စပ်မှတ်တိုင်(၅၂) အနီးသို့ ရောက်ရှိလာခဲ့ရာ မိမိ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများက ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သေဆုံးသူအလောင်းအား စိစစ်စေခဲ့ရာ အမှတ် (၃၁) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ၎င်းတို့တပ်ဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ်အဆင့် ရှိ မာဇမ် ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ နယ်မြေ ရှင်းလင်းဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံးသွားခဲ့သူ ဖြစ်ကြောင်း၊ 

နှစ်နိုင်ငံ နယ် နိမိတ် နယ်စပ်ဒေသတွင် လိုက်နာလုပ်ဆောင်ရမည့် အချက်များအား ဆောင်ရွက်ခဲ့ခြင်းမရှိ သဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ဝင်ရောက်သွားစဉ် လုံခြုံရေးအဖွဲ့များ နှင့်ထိတွေ့ပြီး ယခုကဲ့သို့ ဖြစ်စ ဉ် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ဘယ်လိုမှ စိတ်ထဲမှာမထားကြောင်း၊ မြန်မာဘက် အနေဖြင့်လည်း စိတ်ထဲ တွင်မည်သို့မျှမထားရန်နှင့် ယခုကဲ့သို့ အပြည့် အဝ ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့ အထက်ဌာနမှလည်း ကျေးဇူး တင်နေပါကြောင်း၊ ၎င်းတို့ဘက်တွင် အခြားပြဿနာများရှိပါက ပြော ကြားရန်နှင့် လိုအပ်ပါက ကူညီပေး မည်ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။ 

ထို့နောက် မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများကလည်း ဖြစ်စဉ်နေရာအား လိုက်လံပြသခြင်း၊ ဖြစ်စဉ် ဖြစ်ပွား ပုံအား ရှင်းလင်းပြောကြားခြင်း၊ နယ်စပ်လုံခြုံရေးဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် အချက်များအား အလေးထားဆောင်ရွက်ပေးစေလိုကြောင်းတို့အား ပြန်လည်ပြောကြားခဲ့ပြီး ရုပ်အလောင်းအား စနစ်တကျ လက်မှတ်ရေးထိုး လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ညနေ ၅ နာရီခွဲတွင်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များသည် ရုပ်အလောင်းအား လက်ခံရယူပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ 

အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တို့အား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တွင် RSO သောင်း ကျန်း သူ များ အခြေမခံနိုင်ရေး၊ မလိုလားအပ်သော နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ အလံတင်အစည်းအဝေးကို မကြာမီ ရက်ပိုင်းအတွင်း ကျင်းပသွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

(မြဝတီ) 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved