ပြင်ဦးလွင်က မြေ ပြဿနာ နောက်ဆက်တွဲ ဖြေရှင်းချက်

Monday, June 2, 2014

ဒီလ ၂၆ ရက်နေ့က ပြင်ဦးလွင်မြို့ အထွက်က ကော်ဖီခြံမြေနဲ့ ပတ်သက်ပြီး ဒေသခံ ထုံးဘိုရွာသားတချို့ နဲ့ ကော်ဖီခြံ အလုပ်သမားတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ထုံးဘိုရွာသား ဦးစိုးမြင့်နဲ့ အတူပါတဲ့ ရွာသားအချို့ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ 


 ဓာတ်ပုံ- မစုစုနွေး ဖေ့စ်ဘုတ်

ဒီသတင်းနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက သူ့ဖေ့စ်ဘုတ်မှာ ဓာတ်ပုံနဲ့ စာကို ရေး
ပြီး ဖော်ပြခဲ့ရာမှ တဆင့် အခြားသော လူမှုဆက်သွယ်ရေးကွန်ရက် စာမျက်နှာတွေနဲ့ ဘလော့တွေက ထပ်ဆင့် ကူးယူ ဖော်ပြခဲ့ကြပါတယ်။ 

ဒီသတင်းနဲ့ ပတ်သက်ပြီး ပြည့်စုံမှန်ကန်မှုမရှိကြောင်းနဲ့ ကော်ဖီခြံဟာ မိမိတို့ တရားဝင်ပိုင်ဆိုင်ထား တာ ဖြစ်
ကြောင်း ဓာတ်ပုံထဲမှာ ကြိုးတုပ်ဖမ်းဆီးခံထားရသူ ဦးစိုးမြင့်ဟာ အရင်ကလည်း ကော်ဖီခြံကို ဖျက်ဆီးမှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရသူဖြစ်သလို နောက်ဆုံး အခင်းဖြစ်ပွားတဲ့ နေ့ကလည်း ကော်ဖီခြံထဲ ဓားကိုင်ပြီး အလုပ်သမားတွေကို အကြမ်းဖက်ဖို့ ကြိုးစားရာကနေ ဒီအခြေအနေကို ဖြစ်ပွားသွားတာဖြစ်တယ်လို့ တဖက်က ကာယကံရှင်တွေကလည်း တုန့်ပြန်ပြောဆို လာပါတယ်။ 

ကော်ဖီခြံမြေဟာ ဒေါ်မိမိကြီး (ပါမောက္ခ ဌာနမှူး မန္တလေး တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန)၊ 
ဒေါ်မိမိလေး (အာရောဂျံဆေးရုံပိုင်ရှင် ပြင်ဦးလွင်) တို့ညီအမ သုံးဦး တရားဝင် ဝယ်ယူထားတဲ့မြေဖြစ်ကြောင်း လူမှုကွန်ရက်မှာ သမုတ်ရေးသားထားသလို ခရိုနီလည်းမဟုတ်ကြောင်း၊ အဲလိုရေးသားမှုတွေကြောင့် အများ အမြင်မှားပြီး မိမိတို့ ဂုဏ်သိက္ခာထိခိုက်ရကြောင်း ဒေါ်မိမိကြီးက ဆိုပါတယ်။ 

ဒေါ်မိမိကြီး ရဲ့ ရှင်းလင်းချက် အပါအဝင် ဓာတ်ပုံများ၊ စာရွက်စာတမ်းများနဲ့အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ 

ပူးတွဲပါ စာဖိုင်ထဲက အချက်လက်တချို့အရ ဒီမြေကို ရယူဖို့ ကြိုးစားနေတဲ့ ဦးစိုးမြင့် ရဲ့နောက်မှာ အငြိမ်းစား ဗိုလ်မှူးဟောင်း ဦးရည်မွန်မိသားစုလည်း ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။ 




"ဒီကော်ဖီခြံက ကျမတို့ညီအမသုံးယောက်က ဝယ်ထားတာ ၄ နှစ်ကျော်ရှိပြီ။ ကျမတို့က အလုပ်သမား သုံးလေး ဆယ်နဲ့ လက်ရှိလည်း ကော်ဖီလုပ်ငန်းလုပ်နေတာ။ အဲတာကိုမှ ထွန်တုံးတိုက်ပွဲတို့ အစိုးရသိမ်းထားတဲ့ မြေတွေ တပ်မြေတွေဆိုပြီးတော့ လယ်သမားတွေကနေပြီးတော့ ပြန်ပြီးတော့လုတယ်တို့ ဆန္ဒပြတယ်တို့ လုပ်တာတွေ နဲ့ ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီးတော့ လုပ်နေတာ။ အခုကြိုးတုပ်ပြီး အရိုက်ခံထားရတဲ့သူသည် ထောင်ထွက်၊ 
ထောင် က ထွက်လာပြီး သူ့အမေအိမ်ကို ဓားမြတိုက်လို့ ရဲကဖမ်းတယ်။ အမှုဖြစ် တရားစွဲထားတယ်။ 

ကျမတို့ ဝယ်ထားတာ မေမြို့အထွက် လားရှိုးဘက်အထွက်က ထုံးဖိုရွာနားမှာ ဝယ်ထားတာ။ ထုံးဖိုရွာလူကြီးနဲ့ ဒီထောင် ထွက် စိုးမြင့်ကြီးနဲ့ ပေါင်းပြီးတော့ အရင်တခါလည်း ဘုန်းကြီးပိုင်တဲ့မြေကို အခုလိုဘဲ ကျော်နေ၊ ကျော်
နေပြီးတော့ ဘုန်းကြီးက နောက်ဆုံးအလျှော့ပေးလိုက်တော့ အဲဒီမြေကို စိတ်ပိုင်းပြီးရောင်းစားကြတယ်။ 

ပြီးတော့မှ ရွာသူကြီး ရယ် သူတို့ရွာကလူရယ် မျှယူကြတယ်။ ရွာကိုတော့ မီးစက်ဝယ်ပေးတယ်ပေါ့ဗျာ အဲလိုနဲ့ လုပ်တာ။ အခုပိုင်ရှင် မရှိသလိုလို ဓားမဦးချမြေတွေကိုရော ကျမတို့ ကော်ဖီခြံလုပ်နေတဲ့ ပုဂ္ဂလိကတွေကိုရော ကျမတို့ကဘဲ ခရိုနီ လို လို၊ စစ်တပ်ကလိုလိုနဲ့ ဘာမှ ခရိုမနီဘူး။ 

ဒီမြေက ကျမတို့ ညီအမသုံးယောက်ဝယ်ထားတာ။ ကျမအစိုးရဝန်ထမ်း ပါမောက္ခ ဌာနမှူး မန္တလေး တက္ကသိုလ် မှာ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှာလူတိုင်းသိပါတယ်။ အခု ကျမ တို့ က ကျမတို့မြေထဲမှာ အလုပ်သမား
တွေ နဲ့ ကော်ဖီခြံစိုက်တယ် အလုပ်တွေလုပ်တယ်။ အပင်တွေဝင်ခုတ်ပြီး အဆောက်အဦးပါ မီးရှို့လို့ တရားစွဲ ထားလို့ တရားရုံးမှာ အမှုကရောက်နေတာ။ ထုံးစံအတိုင်းပေါ့ဗျာ တရားစွဲထားတာက တရားမမှု ဆိုတော့ ကြာနေတာ။ 

အမှုဖြစ်လို့ မပြီးခင်မှာ ကျမက မန္တလေးမှာနေတယ်။ ကျမညီမက ဆေးခန်းလုပ်တယ်။ အဲဒီအခါမှာ ဒီလိုဓားနဲ့ အထဲကိုကျော်ဝင်တယ်။ အရင်တခေါက်က မီးရှို့တယ်။ နောက်တခါ ဘုတ်တိုင်တွေအထဲကို အတင်းလာစိုက်ပြီး
တော့ NLD ကလူတွေကို အလကားပေးတယ်ဆိုပြီး NLD ကဆိုတာ လည်း အဲဒိ စိုင်းမင်းလတ်တို့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD မန္တလေးတိုင်းက ဥက္ကဋ္ဌ ဦးတင်ထွန်းဦးကို ကျမသွားတိုင်ပြီးပြီ။ တိုင်လို့မှ ဒေါ်စုဆီကို ဒီကိစ္စ တင်ပေးမယ်တဲ့။ ဒီကိစ္စသိပ်အရေးကြီးတယ်ဆိုပြီးပြောပြီးပြီ။ တိုင်ပြီးပြီ အဲဒါ NLD ကလူတွေပါလို့။ အဲဒါက တလိုင်း။ 

အခု ကျမတို့စိတ်ဆိုးနေတာက အမှုနိုင်ဖို့မဟုတ်ဘူး။ အမှုက ကိုယ်ပိုင်ဝယ်ထားတဲ့ ပိုင်ဆိုင်မှု အထောက် အထား ပြနိုင်တဲ့ အတွက် ပြဿနာမရှိဘူး။ ဟိုလူက ဓားကိုင်ပြီးလိုက်ခုတ်နေလို့ ဓားသမားကို တုတ်နဲ့ ရိုက်ခါကြ မှ သတင်းက ထည့်တယ်။ 

အခုကျမတို့မှာ မြေရှင်ကြီးကနေပြီး လယ်သမားလေးကို ကြိုးတုပ်ရိုက်ပါတယ်ဆိုပြီး သတင်းတွေထွက်နေလို့ တချိန်လုံး ဒါပဲရှင်းနေရတယ်။ ကျမတို့ ဘယ်လောက်နစ်နာတုန်း စဉ်းစားကြည့်။ ကော်ဖီသင်တန်းတက်ပြီး
တော့ ကော်ဖီပင်ကိုစိုက်တဲ့ မူရင်းနာမည်ပေါက်နဲ့ လုပ်ပိုင်ခွင့်မြေငှားလျှောက်ထားတဲ့လူရှိတယ်။ 

အဲဒိလူနဲ့ ကျမတို့က အကျိုးတူပူးပေါင်းပြီးလုပ်တာ။ တကယ် အလုပ်သမား သုံးဆယ်လောက်နဲ့ လုပ်နေတာက ကျမတို့ပါ။ အလုပ်သမားတွေလည်း အဲဒီအထဲမှာနေတယ်။ အခုတော့ ပုံထဲမှာ ပါတဲ့ ကြိုးတုပ်ခံထားရတဲ့လူက ဓားနဲ့ခုတ်ဖို့ရမ်းတော့ ကျမအလုပ်သမားတွေအကုန်လုံးပြေးကုန်လို့ ကျမတို့မှာ စိုက်မယ့်လူတောင် မရှိဘူး။ 

ပြီးတော့ အမှုစဖြစ်တာက ၂ လလောက်ရှိသွားပြီ အထဲကိုဝင်ပြီး ကျမတို့ရဲ့ကော်ဖီပင်တွေ ခုတ်ပြီး တော့ ကားနဲ့ တိုက်သယ်သွားလို့ အမှုဖွင့်ထားတာ။ ဒီကြိုးတုပ်ခံထားရတဲ့ ဦးစိုးမြင့်တို့ အဖွဲ့က အပင်တွေကိုခုတ်သွားတယ်။ 

ကျမတို့ နောက်တရက်ကြ နောက်တခေါက်လာပြီးတော့ NLD ကလူတွေကို တကွက်စီပေးပြီး ကျန်တဲ့လူတွေကို လည်း အကွက်ရိုက်ပြီး ရောင်းစားတယ်။ ရောင်းစားပြီး အင်္ဂတေတိုင်တွေလာစိုက်တော့ ကျမတို့က အဲဒီ အင်္ဂတေတိုင်တွေဖျက်ပြီးတော့ ကျမတို့ အလုပ်သမားတွေက မခံဘဲ ပြန်ပြီးတော့ မောင်းထုတ်တယ်။ 

အဲတခါကလည်း အလုပ်သမားတွေနေတဲ့အိမ်ကိုဝင်ပြီးတော့ မီးရှို့သွားတယ်။ အဲဒါနဲ့ ၂ မှုရှိပြီး သူတို့ကို တရားစွဲ ထားတာ။ ဒါပေမယ့် အခုလိုပဲ ထုံစံအတိုင်းအမှုက ကြာပြီးမပြီးနိုင်ဘူး" 

လို့ ဒေါ်မိမိကြီးက ဧရာဝတီကို အထက်ပါအတိုင်း ရှင်းပြထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့လည်း ဒေါ်မိမိကြီးက ဓာတ်ပုံများကို ဧရာဝတီကို ပေးပို့လာတဲ့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
















ကျော်ခ ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved