ပြောမဆုံးသောရိုမန်းဘော့ထ်

Saturday, June 28, 2014

 ~





အခုမှ ဖတ်ရလို့ အခုမှ မှတ်ချက်ပေးလိုက်ပါတယ် အောင်ရင်ငြိမ်းရေ။

အောင်ရင်ငြိမ်းနဲ့ သိကျွမ်းပါတယ်။ သူ့အပေါ် ကာကွယ်စရာရော တိုက်ခိုက်စရာပါ မရှိပါ။

အားထုတ်မှုနဲ့ သတ္တိကို ကြိုဆိုပါတယ်။  ထိရောက်သော အားထုတ်မှုဖြစ်ရင် ပိုကောင်းပါတယ်။

၁။ ဒီလိုအချိန်အခါ ဒီလိုအုပ်ချုပ်ရေးစနစ် ဒီလိုလှုမှုဝန်းကျင်အခြေအနေမှာ ဒီလိုစာအုပ်မျိုး ရေးသားထုတ်ဝေရင် ဒီလိုအကျိုးဆက်မျိုး ခံရမယ်ဆိုတာ ကြိုတင်စဉ်းစားပြီးဖြစ်မှာပါ။ ဒါကြောင့် ဆူညံသံတွေ၊ နောက်ဆက်တွဲ ပြဿနာတွေ၊ အရေးယူမှုတွေ(ရှိလာရင်) မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ စာရေးသူဟာ ဘယ်သူ့ကိုမှ ရန်လိုခြင်း အပြစ်တင်ခြင်း မပြုပဲ ကိုယ်ဖြစ်ကိုယ်ခံ ရင်ဆိုင်ဖို့ပဲရှိပါတယ်။ အုတ်အော်သောင်းတင်း ဖြစ်သွားစေတာ စာရေးသူရဲ့ မျှော်လင့်ချက်တစ်ခု ဆိုရင်လည်း အောင်မြင်တယ်လို့ ယူဆနိုင်မှာပါ။ ဒါပေမဲ့ လူဖတ်များတယ်ဆိုတာ ဒီအထဲမှာပါတဲ့ erotic ဇာတ်ဝင်ခန်းတွေကို ဒါမျိုးမဖတ်ဖူးသူတွေက ရှာဖွေဖတ်ကြတာလား၊ လူပြောသူပြောများလို့ ဘာမှန်းသိအောင် ဖတ်ကြည့်ကြတာလား၊ စာရေးသူတင်သွင်းချင်တဲ့ အယူအဆတွေကို တွေးတောချင်သူတွေ များလာတာလား၊ စာရေးသူနဲ့ စာအုပ်ထွက်ရှိခြင်း အပေါ်မှာသာ အထူးအဆန်းအဖြစ် စိတ်ဝင်စားသူတွေလား အကြောင်းအမျိုးမျိုး ရှိကြမယ်။ ကိုယ့်ရည်ရွယ်ချက် ပေါက်မြောက်ခဲ့သလားဆိုတာ စာရေးသူက အသိဆုံး ဖြစ်ပါလိမ့်မယ်။

၂။ တစ်အုပ်လုံးအပြာစာအုပ်လို့ ပြောနိုင်မယ်မထင်ပါ။ ဒါပေမဲ့ ဒီစာအုပ်မှာ erotic ဖြစ်တဲ့ ဇာတ်ကွက်အချို့ရော၊ ထုတ်နုတ်ထားတဲ့ အယူအဆအတွေးအခေါ်တွေပါ လက်ရှိ လူမှုဝန်းကျင်အနေအထားမှာ အလွန်တရာ အငြင်းပွားဖွယ်ဖြစ်နေတယ်ဆိုတာကတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် တကယ်ဖြစ်နေတဲ့ အမှန်တရားပါ။ ဒီလိုအငြင်းပွားဖွယ်တွေကို ဘက်ပေါင်းစုံက တွေးတောဆင်ခြင်စရာဖြစ်အောင် ဇာတ်လမ်းကိုလည်း ဆင်မထား၊ တင်ပြပုံကိုလည်း ခပ်ပါးပါး ဘက်လိုက်မှုကင်းကင်း မထားပဲ စာရေးသူရဲ့ ရည်တည်ချက်ပေါ်မှာ ထိုင်ပြီး အယူအဆမတူသူတွေကို စိန်ခေါ်ပြီး ပညာပေးသလိုလို သင်ကြားပေးသလိုလို ကိုယ်နှစ်သက်တဲ့ အကိုးအကားအစိတ်အပိုင်းတွေကို တိုက်ရိုက် အတုံးလိုက်အတစ်လိုက် တင်သွင်းလာတဲ့အခါ ပိုလို့ အငြင်းပွားဖွယ် ဖြစ်လာပါတယ်။ စာအုပ်မဖတ်ဖူးဘူးပဲနဲ့တောင် လက်ခံတာ ငြင်းပယ်တာတွေ တွေ့လာရပါတယ်။

၃။ စာရေးသူရဲ့ အတွေးအခေါ်တွေကိုလည်း ဒီထက်ပိုပြီး အစာကြေစေချင်ပါတယ်။ ကိုယ့်လေ့လာမှု homework ကိုယ် ကျေအောင် အရင်လုပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူကိုယ်တိုင် အစာကြေမှ သူကနေ တင်သွင်းဆင့်ပွားလိုက်တဲ့ အတွေးအခေါ်တွေကို ဖတ်သူတွေကလည်း လုံးစေ့ပတ်စေ့ ဆင်ခြင်တွေးတောနိုင်မှာမို့လို့ပါ။ ဥပမာ- တစ်ဖက်ကတော့ မိန်းမတွေကို အထင်သေးလိုက်၊ မိန်းမဆန်တယ်တို့ မိန်းမလိုမိန်းမရဖြစ်တယ်တို့ စကားတွေသုံးနှုန်းပြီး ရှေးရိုးစွဲ သဘောထားတွေကို ဖော်ပြလိုက်၊  လိင်ဆက်ဆံမှုလွတ်လပ်ခွင့်ကျတော့ မိန်းမတွေလည်း တန်းတူသဘော ရှိသင့်ကြောင်း  အယူအဆတွေကို ကိုးကားပြောဆိုလိုက်နဲ့ တွေးခေါ်မှုဟာ တသမတ်တည်း ပွင့်လင်းသစ်လွင်မှု မရှိပါဘူး။ erotic အခန်းတွေမှာလည်း မိန်းမအထာကို ကျွမ်းကျင်တယ်ဆိုတာကို ပြချင်စိတ်အားကြီးနေတာ၊ မိန်းမတစ်ယောက်ဟာ ဒါကို သိပ်လိုအပ်နေရှာမှာပဲ လို့ ထင်စေတဲ့ အရေးအသားတွေဟာလည်း မိန်းမတွေအပေါ် လေးစားမှုနည်းတဲ့ ယောက်ျားမျိုးတွေရဲ့ သာမန် ရှေးရိုးစွဲ စရိုက်တွေပဲ မဟုတ်ပါလား။

၎။ ကိုယ့်အယူအဆနဲ့ ဆန့်ကျင်သူတွေ သဘောမတူသူတွေအပေါ် တိုက်ခိုက်လိုခြင်း၊ အထင်သေးခြင်းမျိုး ပြတာ ဒီမိုကရေစီရဲ့ သဘောတရားမဟုတ်ပါ။ တကယ့်ဘဝမှာ ကွန်ဆာ့ဗတစ် မဟုတ်ရင် လစ်ဘရယ်၊ လစ်ဘရယ် မဟုတ်ရင် ကွန်ဆာ့ဗတစ် လို့ အဖြူနဲ့အမည်း နှစ်မျိုးသာ ရှိတာလည်း မဟုတ်ပါဘူး။ ဒီစာအုပ် တစ်အုပ်လုံးကိုလည်း လုံးလုံး သဘောမတူသူရှိမယ်။ တစ်အုပ်လုံးကို အပြည့်အဝ လက်ခံသူရှိမယ်။ တချို့အပိုင်းသဘောတူ တချို့အပိုင်း သဘောမတူသူရှိမယ်။ ဒါကြောင့် အဆောတလျင် တံဆိပ်ကပ်ခြင်းဟာ မလျော်ကန်ပါဘူး။

၅။ အသစ်ဆိုပြီး ဖြစ်စေချင်တာကို ကာလံဒေသံ မစဉ်းစားဘဲ အတင်းကာရော ချပြခြင်းဟာ လူအများ နားမလည်နိုင်တဲ့အခါ မူလတွေးခေါ်ရှင်တွေကိုတောင် နှိမ့်ချသလိုဖြစ်တတ်တယ်။ မိမိရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ဖျက်ဆီးမိတတ်ပါတယ်။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို အမှန်လို့ ထင်ကြတာချည်းပဲ။ လူတိုင်းဟာလွတ်လပ်စွာကွဲပြားခွင့်ရှိပေမယ့် သူတပါးရဲ့ကွဲပြားတဲ့ ယုံကြည်မှုတွေ ထုံးတမ်းစဉ်လာတွေကို မထီမဲ့မြင်ပြုဖို့တော့မသင့်ဘူး။ ဥပမာ ဝေးခေါင်သီလံတဲ့ တောရွာကလေးတစ်ရွာမှာ သစ်ငုတ်တိုတစ်ခုကိုပဲ ကိုးကွယ်နေကြတယ်ဆိုဦးတော့။ အဲဒါဟာ အယူမှားဆိုပြီး ဝုန်းဒိုင်းနဲ့ သစ်ငုတ်တိုကို ချက်ချင်းဆွဲနုတ်ပြီး မီးရှို့ပစ်ရင် ဒေါသထွက်ကြ၊ ဝမ်းနည်းကြ၊ ကြောက်လန့်ကြမယ်။ မတူကွဲပြားတဲ့ အယူအဆတွေ တန်ဖိုးတွေကို ကိုင်တွယ်ရတာ အင်မတန်သိမ်မွေ့ပါတယ်။ အထူးသဖြင့် ဘာသာရေးတို့ ကျင့်ဝတ်တို့နဲ့ ပတ်သက်လာရင် ပိုလို့ ထိလွယ်ရှလွယ်ပါတယ်။

၆။ တကယ်သစ်သလား မသစ်ဘူးလားဆိုတာကတော့ စာအုပ်အငှားဆိုင်မှာ ပြောနေကြသလိုပါပဲ။ မဖတ်ရသေးရင် အသစ်ပေါ့ တဲ့။ တချို့တွေအတွက် သစ်ပြီး တချို့အတွက်ကတော့ သိဖူးမြင်ဖူးပြီးသား ဖြစ်နိုင်ပါတယ်။ စာရေးသူရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေတော့ မဟုတ်ပါဘူး။ ဒါကလည်း what is original? လို့ မေးခွန်းထုတ်နေတဲ့ခေတ်မှာ သိပ်ပြီး ပြဿနာတော့မဟုတ်ပါဘူး။ ကိုယ့်အတွေ့အကြုံကို ကိုယ်ပြောပြီး ကိုယ်ကြိုက်ရာကို ထုတ်နုတ်မှီငြမ်းတာ စာရေးသူ့အခွင့်အရေးပါပဲ။ ကိုယ့်စကားလိုလို ပြောတာနဲ့စာရင် ဘယ်သူက ဘယ်လိုပြောသွားတာပါလို့ အတိအလင်း ဝန်ခံကိုးကားတာက ပိုကောင်းပါသေးတယ်။ (အတုံးလိုက်အတစ်လိုက် ဖြစ်တာက လွဲလို့ပေါ့။) မြန်မာစာပေလောကအတွက်တော့ ဒီလိုအကြောင်းအရာနဲ့ ဒီလိုပြဿနာတွေကို တရားဝင်ထုတ်ဝေ တင်ပြလာတာက အသစ်ဖြစ်နိုင်ပါတယ်။

၇။ ဒီစာအုပ်ကို နမူနာပြပြီး အရင်လို အစိုးရက စိစစ်ရေး ပြန်တင်းကျပ်လာမလား လို့ စိုးရိမ်လာကြတာကို တွေ့ရပါတယ်။ အများရဲ့ လွတ်လပ်စွာဖော်ပြခွင့်ကို ထိခိုက်လာရင် ဘယ်သူမှ ကျေနပ်မယ်မထင်ပါဘူး။ တစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်ထင်တဲ့ အမှန်တရားကို လွတ်လပ်စွာ ကွဲပြားခွင့် တင်ပြခွင့်ရှိပေမယ့် လူအများကို ထိခိုက်တယ်လို့ ယူဆစရာဖြစ်နေကြတယ် ဆိုရင်လည်း ပြဿနာပေါ်လာတတ်ပါတယ်။ ဒီစာရေးသူကို ဝိုင်းအကာအကွယ်ပေးရမှာလား ဒါမှမဟုတ် ဝိုင်းကန့်ကွက်ရမလားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်သူတွေရဲ့ မူဝါဒရှုထောင့်က ကြည့်ရင် တည်ဆဲဥပဒေ တစ်ခုခုနဲ့ ငြိစွန်းနေရင်တော့ အဲဒီဥပဒေ တည်နေသရွေ့ အရေးယူပိုင်ခွင့်ကတော့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် case by case  စီမံသင့်ပါတယ်။ အတတ်နိုင်ဆုံး တရားရုံးကို မရောက်ဘဲ ပရော်ဖက်ရှင်နယ်အသိုင်းအဝိုင်းအတွင်းမှာ အရင်ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြတဲ့ self-regulation ကိုလည်း အားပေးသင့်ပါတယ်။

၈။ စာရေးသူရဲ့ လွတ်လပ်ခွင့်ကို လေးစားပါတယ်။ ခေတ်စနစ်ပွင့်လင်းလာတာနဲ့အမျှ ဒီလိုအကြောင်းအရာ အတွေးအခေါ်တွေဟာ အနှေးနဲ့အမြန်ဆိုသလို ထွက်ပေါ်လာစရာရှိပါတယ်။ အခြားကဏ္ဍတွေမှာ အခြေခံအဆင့်သာ ရှိသေးတဲ့အချိန်ဖြစ်တဲ့အတွက် စောနေလွန်းသလားဆိုတာက ဝေဖန်စရာဖြစ်ပါတယ်။ တင်ပြပုံဟာ ချပြတာမျိုးထက် စည်းရုံးခြင်း မြှင့်တင်ခြင်း ခုခံခြင်း ဆန်နေတဲ့အတွက် ဘယ်လို ဘာကြောင့် ဆိုတဲ့ ဆွေးနွေးစရာ မေးခွန်းမျိုးထက် ဒါကိုလက်ခံလား လက်မခံဘူးလားဆိုတဲ့ yes or no မေးခွန်းတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒီလောက် မလွယ်ကူပါဘူး။ ကိုးကားထားတဲ့ အတွေးအခေါ်တွေထဲမှာ အခြားရှုထောင့်များက ထပ်မံလေ့လာစရာတွေ ရှိပါတယ်။ issue တွေကလည်း တစ်ခုတည်းမဟုတ်ပါဘူး။ အပျိုစင်အယူအဆ၊ ဥပဒေဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အိမ်ထောင်ရေးဆိုင်ရာ၊ လက်ထပ်ထိမ်းမြားရေးဆိုင်ရာ၊ ဂေးအခွင့်အရေး စသည်ဖြင့် ပါဝင်ပါတယ်။ လောလောဆယ် လူတွေရဲ့ အာရုံ ကတော့ စာရေးသူနဲ့ ထုတ်ဝေမှု အပေါ်မှာပဲ ပိုနေပါတယ်။ (ဒီမှတ်ချက်ကလည်း အဲဒီလိုပါပဲ။) တချို့ကတော့ ဒီစာအုပ်အကြောင်း ပြောပြောနေတာ ဒီစာအုပ်ကို လူများများ ပိုဖတ်ဖြစ်အောင် မြှင့်တင်နေသလိုပဲလို့ ဆိုကြပါတယ်။ လူများများပိုဖတ်ဖြစ်ပြီး တွေးတောဆင်ခြင် ကြည့်လာကြတာမျိုးဆိုရင်တော့ ကောင်းပါတယ်။ 

၉။ အခုအထိတော့ ခြုံငုံကြည့်သူတွေအတွက် တစ်ခါလာလည်း ဒီဖိုမကိစ္စနဲ့ ဒီအတွေးအခေါ် အသားပေး လို့ ထင်စေပါတယ်။ ခေတ်သစ်လူမှုအဖွဲ့အစည်းအတွက် အခြားသောကဏ္ဍတွေမှာလည်း ဖောက်ထွက်ပြီး စဉ်းစားစရာဖြစ်တဲ့ အကျိုးရှိတဲ့ အယူအဆတွေကို ဆက်ပြီး ချပြစေချင်ပါတယ်။ ဒီစာအုပ်ထဲမှာလည်း နိုင်ငံရေး ဘာသာရေး နောက်ခံတွေ နည်းနည်းပါးပါး ထည့်ထားတာတွေ့ရပါတယ်။ စာရေးသူကြိုက်ရာဘက်ကနေ အတင်းရပ်ပြတဲ့ တင်ပြပုံမျိုးထက် စာကိုဖတ်ပြီး လူတိုင်း နက်နက်နဲနဲတွေးတောပြီး ကိုယ်တိုင်ရွေးချယ်ဖြစ်စေတာမျိုးကို ပိုဖတ်ချင်ပါတယ်။ ပြီးတော့ တစ်ခါလာလည်း ဒီအကြောင်းတွေပဲဆိုရင်တော့ စာရေးသူဟာ ဒီအကြောင်းတွေပဲ ခေါင်းထဲမှာ ကြီးစိုးနေတယ်လို့ ထင်စရာဖြစ်လာပါမယ်။

၁၀။ စာရေးသူက“လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ် အဖွဲ့အစည်းဖြစ်အောင်လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာ အသေခံဗုံးခွဲခြင်း” လို့ဆိုပါတယ်။ အသေခံဗုံးခွဲသူတိုင်းဟာ ပြင်းပြတဲ့ ယုံကြည်ချက်တစ်ခုကြောင့် ဖြစ်ပါတယ်။ တချို့အနေအထားတွေမှာ မျက်ကန်းယုံကြည်မှု (blind faith) လို့တောင် ပြောကြတာရှိပါတယ်။ ဒီဝေါဟာရ အရ စာရေးသူဟာ လူသားသစ်အဖွဲ့အစည်း ဖြစ်ထွန်းစေချင်လွန်းလို့ သူ့ရဲ့ အသိအမြင်တွေနဲ့ အနုပညာကို အသေခံပြီး ဖောက်ခွဲလိုက်တယ်လို့ နားလည်ရမှာလား။ ရှိပြီးသား အသိအမြင်ဆိုတာလည်း သတ်လို့မရပါဘူး။ အနုပညာစစ်မှန်ရင် အနုပညာဆိုတာလည်း တမင်သတ်လို့တော့ မသေနိုင်ပါဘူး။ သေနိုင်တာတွေက လူတို့၊ နာမည်တို့ပါ။ ဘယ်အရာပဲ သေသွားသွား သေတဲ့အခါ ကိုယ်ကောင်းတယ်လို့ ယုံကြည်တဲ့ ဂတိကို တကယ်လားပါစေလို့ အောင်ရင်ငြိမ်းကို ဆုတောင်းပါတယ်။

၁၁။ အခြားသော အသေးစိတ် သုံးသပ်မှုတွေအတွက်တော့ ကောင်းကင်ကို၊ အောင်ကောင်းမြတ်၊ အေးလဲ့ တို့ ရေးထားတာကို ရည်ညွှန်းလိုပါတယ်။

https://www.facebook.com/notes/kaung-kin-ko/%E1%80%9B%E1%80%AD%E1%80%AF%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%98%E1%80%AC%E1%80%B7%E1%80%91%E1%80%B9%E1%80%96%E1%80%90%E1%80%B9%E1%80%A1%E1%80%BB%E1%80%95%E1%80%AE%E1%80%B8-%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%86%E1%80%80%E1%80%B9%E1%80%90%E1%80%BC%E1%80%B2-%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/10152529250659116

https://www.facebook.com/notes/aung-kaung-myat/%E1%80%9B%E1%80%AD%E1%80%AF%E1%80%99%E1%80%94%E1%80%B9%E1%80%B1%E1%80%98%E1%80%AC%E1%80%B7%E1%80%80%E1%80%AD%E1%80%AF-%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%A1%E1%80%9B-%E1%80%B1%E1%80%9D%E1%80%96%E1%80%94%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/737476429623745

https://www.facebook.com/AyeLT/posts/10152450195742492?fref=nf


ပန်ဒိုရာ
၂၇.၆.၂၀၁၄






ဒီဝေဖန်ချက်ကိုပန်ဒိုရာရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ဖတ်ရှုနိုင်ပါတယ်။ ဧရာဝတီဘလော့မှာ ပြန်လည် ဖော်ပြဖို့ သူ့ဆီက ခွင့်ပြုချက် ရယူခဲ့ပါတယ်။
 

ဆက်စပ်

http://burma.irrawaddy.org/opinion/viewpoint/2014/06/20/60694.html
 


.

2 comments :

  1. Anonymous said... :

    မှက်ချက်အားလုံးထဲအကောင်းဆုံးပဲ

  1. Zaw Min said... :

    ဘာမှမပြာပါ။ပွဲဆူအောင်အလံရှုးတေ့လုပ်တာ။ဂူဝမှာအနာပြစဉ်ကဆိုတဲ့ဇတ်တော်လောက်တောင်ရင်မခုန်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved