ပေါက်ခေါင်းမြို့ရဲ့ ပထမဆုံးသော ဆန္ဒပြပွဲ

Friday, July 4, 2014


 ~



ဆန္ဒပြခံရတာဟာ  အစိုးရတရပ်အတွက် အန္တရာယ်မကြီးပါဘူး။ ဒါကို သဘောပေါက်လာတဲ့ အစိုးရမင်းတို့က  ဆန္ဒပြခြင်းကို ခွင့်ပြုနေတာ ကာလ အတော်ကြာပါပြီ။


ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွက် ပထဆုံးသော ဆန္ဒပြပွဲကို အင်္ဂါနေ့မနက်မှာ တွေ့ခဲ့ရပါတယ်။

        မြန်မာစီးပွားရေးဦးပိုင်လီမီတက်နှင့် မြန်မာ့ကြံ စိုက်ပျိုးရေးဌာနတို့ ၁၉၉၇ ကနေ ၂၀၀၆ နှစ်အထိ တဖြည်းဖြည်းချင်း သိမ်းယူထားတဲ့ လယ်ယာမြေတွေပြန်လည်ရရှိရေးနဲ့ တရားဥပဒေ စိုးမိုးမှုရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

 လွှစင်ကုန်း၊ ရွာမ၊ ကျောင်းကုန်းနဲ့ ငှက်ပျောတောကျေးရွာက တောင်သူ (၃၀) ခန့် ပါဝင်ကြပါတယ်။

 စတင်သိမ်းယူစဉ်က လျော်ကြေးတစုံတရာ ပေးခဲ့ခြင်းမရှိကြောင်း ဆန္ဒပြဦးဆောင်သူ ရွာမကျေးရွာမှ ဦးထွန်းရီက ဧရာဝတီကို ပြောပါတယ်။

        “စသိမ်းတုန်းက အဘယာထဲ တဲအကြီးကြီးတလုံး လာထိုးတယ်။ အကုန်လုံး စစ်သားတွေလို စစ်ဝတ်စုံတွေ ဝတ်ထားတယ်။
သိတဲ့အတိုင်းပဲ အဘတို့တောင်သူတွေက စစ်သားဆိုကြောက်တာပဲ ဘာမှမပြောရဲလို့ ကိုယ့်ယာကို မတရားသိမ်းမှန်းသိသိကြီးနဲ့ ငြိမ်ခံနေခဲ့ရတာ။
လျော်ကြေးမပြောနဲ့ စကားတောင် မဟရဲဘူး”

သူအပါအဝင် (၆) ဦးမှာလည်းယာမြေပိုင်ဆိုင်မှုကိစ္စနဲ့ပတ်သတ်ပြီး  တရားစွဲဆိုခံထားရကြောင်း ဦးထွန်းရီက ဆက်ရှင်းပြပါတယ်။

        “ကျနော်တို့ဆီက သိမ်းထားတဲ့ ယာမြေတွေကို ကြံစိုက်ပျိုးရေးမန်နေဂျာ ဦးကြည်ဆွေက ပေါက်ခေါင်းမြို့က သူဌေးတယောက်ကို ပြန်ရောင်းတယ်။
အခုအဲဒီသူဌေးအမည်နဲ့ လယ်ယာမြေမှတ်ပုံတင်ကြလာတော့ အဲဒီသူဌေးက တခြားတယောက်ကို ပြန်ရောင်းတယ်။
ကျနော်တို့က ကိုယ်ယာကိုယ်ပြန်လုပ်ဖို့လုပ်တော့ ကျနော်တို့ကို ပုဒ်မ ၄၄၇၊ ၄၂၇ နဲ့ အခုတရားစွဲခံထားရတယ်။ ယာလည်းသိမ်းတယ် တရားစွဲလည်းခံရတယ်။
အဘတို့တောင်သူတွေက ခံဘက်ကကြီးပဲ”

        ကျောင်းကုန်းကျေးရွာက   တောင်သူ ဦးခင်မောင်မှာလည်း  ဆန္ဒပြရခြင်းအကြောင်းရင်း  အခိုင်အမာ ရှိနေတာ တွေ့ရမှာပါ။

“အဘတို့ လယ်ကိုတော့ ၂၀၀၃ ခုနှစ်ကသိမ်းတယ်။
သိမ်းတုန်းကသူတို့ပြောတာ ဦးပိုင်တဲ့။
 ဦးတဲ့သူပိုင်တယ်ဆိုတာ မသိဘူးလားလို့ပြောပြီး သိမ်းခဲ့တာ။
ဖမ်းလည်းခံရမှာပဲ (၂) နှစ်ရှိပြီး ကိုယ့်ယာတော့ ကိုယ် ပြန်စိုက် ပျိုးနေတာ။
အရင်အစိုးရလက်ထက်ကတည်းက အဘတို့နာမည်နဲ့ပြေစာရှိတယ်။
ဒါပေမဲ့အခု ပုံစံ ၇ (လယ်ယာမြေမှတ်ပုံတင်) ပြန်တင်တော့ အဘတို့နာမည်နဲ့ မကျဘူး။
တခြားသူဌေးတယောက်နာမည်နဲ့ ကျနေတယ်။ အဲဒါကြောင့် အဘတို့လည်း လာဆန္ဒပြတာ”

        လွှစင်ကုန်းကျေးရွာက လယ်သိမ်းခံတောင်သူ ကိုဝင်းနိုင်ကလည်း   ထွန်တုံးတိုက်ပွဲလုပ်လို့ သူနဲ့ သူ့ရွာက စုစုပေါင်း ၁၂ ဦး တရားစွဲခံထားရတယ်လို့ ရှင်းပြါတယ်။

“ကျနော်တို့ ယောက်ျားတွေကပဲ ထွန်တာ။  မိန်းမတွေက အမှိုက်ကောက်ရုံကောက်တာလည်း တရားစွဲခံရတာပဲ။ ကျနော်တို့ဘက်မှ ဘယ်သူမှ ကာကွယ်ပေးမဲ့သူမရှိဘူး။
ခံဘက်ကကြီးပဲဗျာ”

ရွာမကျေးရွာက တောင်သူ (၁၃) ဦးကိုလည်း ပေါက်ခေါင်းမြို့နယ် ရဲစခန်းမှာ ထပ်မံအမှုဖွှင့် တိုင်ကြားခံထားရကြောင်း သူကဆက်ပြောပါတယ်။

အင်္ဂါနေ့က ဆန္ဒပြဖို့ ရွေးချယ်ခဲ့တဲ့ နေရာတွေကတော့    ပေါက်ခေါင်းမြို့ပေါ်က ကြေးတိုင်းနှင့် မြေစာရင်း၊ မြို့နယ်တရားရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေရှေ့မှာ ဖြစ်ပါတယ်။

        တရားဝင်ဆန္ဒပြခွင့် လျောက်လွှာပုံစံဖြည့်စွက်မှု မှားယွင်းနေတဲ့အတွက် ခွင့်မပြုနိုင်ကြောင်း တာဝန်ရှိ ရဲဝန်ထမ်းများမှ
အကြိမ်ကြိမ်လာရောက်ပြောတယ်လို့ ဦးထွန်းရီက ဆက်ပြောပါတယ်။

        “ အကယ်လို့ ခွင့်မပြုနိုင်စရာရှိရင်လည်း ကျနော်တို့က
စာနဲ့ပေနဲ့အလုပ်လုပ်တာ စာနဲ့ပေနဲ့ အကြောင်းပြန်ပေါ့။ အခုဟာက
ရွာကိုခဏခဏလာပြီး ဖြည့်တဲ့ပုံစံမှားနေလို့ ပြန်လျှောက်ပါတို့ ဘာတို့ပြောတာ
လုံးဝ လက်မခံလို့။ ခွှင့်ပြုပြု မပြုပြုပြတယ်။ ၁၈ နဲ့ တရားစွဲရင် ငြိမ်း၊
စု၊ စီ ဥပဒေအသစ်ကို သမ္မတက ၂၄ ရက်နေ့က လက်မှတ်ထိုးအတည်ပြုလိုက်ပြီး၊ ၂၅
ရက်နေ့ ကြေးမုံသတင်းစာမှာ တရားဝင်ထုတ်ပြန်ထားတယ်။
ခွင့်ပြုမိန့်တောင်းစရာမလိုဘူး အကြောင်းကြားရုံနဲ့ ရပြီဆိုတာ
အဲဒီရဲတွေမသိရင် သူတို့ကို ကျနော်တို့ ပြန်တရားစွဲမယ်”

သူတို့ ဆန္ဒပြတာကို  တားမြစ်ခြင်း၊ ဟန့်တားနှောက်ယှက်ခြင်း မရှိကြောင်း ဦးထွန်းရီက ဆက်ပြောပါတယ်။

        တောင်သူတွေအသိမ်းခံရတဲ့ ယာမြေတွေကတော့ ပြည်မြို့နဲ့ ပေါက်ခေါင်းမြို့အကြားမှာရှိတဲ့ အင်ငါးခွကျေးရွာက အင်ငါးခွသကြားစက် စီမံကိန်းအတွက် သိမ်းခံရတဲ့ လယ်ယာမြေ (၂၅၀) ကျော် ဖြစ်ပါတယ်။

 ကောင်းမြတ်မင်း

 


  .

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved